သင့်သွားတိုက်နည်း မှန်ကန်ရဲ့လား

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

သွားတိုက်ကြတယ်ဆိုတာ သွားတွေဖြူဖွေးစေဖို့နဲ့ ခံတွင်းနံ့ကောင်းဖို့အတွက်ပဲ မဟုတ်ပါဘူး။ သွားနဲ့ခံတွင်း ထဲက အညစ်အကြေးတွေကိုဖယ်ရှားနိုင်မှ သွားပိုးပေါက်ဖြစ်တာ၊ သွားဖုံးရောဂါနဲ့ တခြားဆိုးရွားတဲ့ ရောဂါတွေကို ကာကွယ်နိုင်မှာပါ။ ဒီလိုအရေးကြီးမှန်းသိလို့ သွားမှန်မှန်တော့တိုက်ပါရဲ့။ သွားတိုက်နည်းက မှားနေပြီး တိုက်ချင်သလိုတိုက်နေရင် ကောင်းလာဖို့ထက် ပျက်စီးတဲ့ဘက်ကိုတောင် ရောက်သွားနိုင်တာလေး သတိထားဖို့လိုပါတယ်။

 

ဒါ့ကြောင့်မို့ သွားတိုက်တဲ့အခါ ကိုယ်ရဲ့လုပ်ပုံမှန်ကန်ရဲ့လားသိနိုင်ဖို့ အချက်တချို့ကို အကြံပြုပါရစေ။

 

သွားပွတ်တံကို ကောင်းတာပဲသုံးပါ

ဘရက်ရှ်မွေးနုပြီး အရည်အသွေးကောင်းတဲ့ သွားပွတ်တံကိုပဲ ရွေးချယ်ပါ။ တွေ့ရာ၊ ကြုံရာ သွားပွတ်တံကို အလွယ်မသုံးပါနဲ့။ သွားကြားတွေအထိ အညစ်အကြေး၊ အကြွင်းအကျန်တွေနဲ့ သွားချေးတွေကို ထိရောက်စွာ ဖယ်ရှားနိုင်ရမယ်၊ သွားဖုံးတွေကို မထိခိုက်စေရဘူး၊ သွားကြွေလွှာတွေ ပျက်စီးစေနိုင်တဲ့ ဘရက်ရှ်မွေးတွေ မဖြစ်ရဘူး၊ ကိုင်ရတာအဆင်ပြေတဲ့ သွားပွတ်တံ လက်ကိုင်ဖြစ်ရမယ်၊ သွားပွတ်တံထိပ်က သွားတွေအားလုံး အထိ လွယ်လွယ်ကူကူ သန့်စင်နိုင်လောက်တဲ့ ပုံသဏ္ဍာန်အရွယ်အစားဖြစ်ရမယ်။

 

သွားတိုက်ဆေးနည်းနည်းပဲသုံးပါ

သွားတစ်ခါတိုက်ရင် သွားတိုက်ဆေးကို မန်ကျည်းစေ့လောက်ပဲထည့်ပါ။ သွားတိုက်ဆေးများလွန်းရင် ဖလူအိုရိုက်ပါတဲ့ သွားတိုက်ဆေးတွေ ဗိုက်ထဲပိုရောက်သွားနိုင်တော့ ကျန်းမာရေးအတွက်မကောင်းပါဘူး။

 

သွားပွတ်တံဘရက်ရှ်တွေကို သွားမှာ ၄၅ ဒီဂရီစောင်းပြီးတိုက်ပါ

သွားပွတ်တံကို ခပ်စောင်းစောင်းလေးထားပြီး ညင်ညင်သာသာ စက်ဝိုင်းပုံဝိုက်ပြီးတိုက်ပါ။ သွားကြားထဲက အညစ်အကြေးတွေ ပိုသန့်စင်ပါလိမ့်မယ်။ သွားတွေကို ကန့်လန့်ဖြတ် ဘေးတိုက် မတိုက်ပါနဲ့။

 

သွားတိုက်တာ နှစ်မိနစ်/သုံးမိနစ်လောက် အချိန်ပေးပါ။

သွားတိုက်တဲ့အခါ အပေါ်နဲ့အောက် တိုက်ပြီး စက်ဝိုင်းသဏ္ဍာန်တိုက်တဲ့အခါ ဘယ်ကနေ ညာ၊ ညာကနေ ဘယ်ကို တစ်ပိုင်းချင်း အချိန်ပေးပြီးတိုက်ပါ။ နှစ်မိနစ်/သုံးမိနစ်ထက်တော့ ပိုမကြာပါစေနဲ့။

 

အံသွားတွေကိုလည်း တိုက်ပေးပါ

သွားတိုက်တဲ့အခါ အံသွားတွေကိုလည်း ချန်မထားသင့်ပါဘူး။ အတွင်းထဲထိ သေချာတိုက်ပေးမှ အစားအစာ အကြွင်းအကျန်တွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုုင်မှာဖြစ်ပါတယ်။

 

သွားရဲ့အတွင်းဘက်ကိုလည်းတိုက်ပါ

သွားရဲ့အရှေ့ခြမ်းကိုတင်မကပဲ အတွင်းဘက်ခြမ်းကိုလည်း သေချာတိုက်ပေးသင့်ပါတယ်။ သွားတိုက်တဲ့အခါ အတော်များများ မေ့ကျန်တတ်တဲ့နေရာက ရှေ့သွားရဲ့အတွင်းပိုင်းဖြစ်တယ်လို့ ဆိုကြပါတယ်။

 

လျှာကိုလည်း ခပ်ဖွဖွတိုက်ပေးပါ

သွားတိုက်ပြီးတဲ့အခါ လျှာုကိုလည်း ညင်သာစွာတိုက်ပေးပါ။ ဒါ့ကြောင့်ပဲ နူးညံ့တဲ့သွားပွတ်တံကို သုံးသင့်တာ ဖြစ်ပါတယ်။ လျှာကိုသန့်စင်ပေးခြင်းအားဖြင့် ခံတွင်းနံ့ဆိုးကို ကာကွယ်ပေးပြီး ဘက်တီးရီးယားတွေ ကင်းစင် စေပါတယ်။

 

သွားပွတ်တံကိုလည်းဆေးပါ

သွားမတိုက်ခင်နဲ့ သွားတိုက်ပြီးချိန်မှာ သွားပွတ်တံကို ရေနဲ့လောင်းချပြီး ဆေးကြောသင့်ပါတယ်။ မဆေးဘဲကြာရင် နောက်တစ်ကြိမ်သုံးတဲ့အခါ ဘက်တီးရီးယားတွေက စောင့်ကြိုနေပါလိမ့်မယ်။ ဆေးကြော လိုက်တဲ့အခါ သွားပွတ်တံမှာကျန်နေတဲ့ သွားတိုက်ဆေးလက်ကျန်တွေကို ဖယ်ရှားနိုင်ပါတယ်။ သွားတိုက် ဆေးတွေ ကပ်ကျန်တဲ့အခါ ခြောက်သွေ့သွားပြီး ဘက်တီးရီးယားတွေ ကပ်ငြိပေါက်ဖွားစေနိုင်ပါတယ်။

 

တစ်နေ့နှစ်ကြိမ်သွားတိုက်ဖို့ မမေ့ပါနဲ့

အနည်းဆုံး တစ်နေ့နှစ်ကြိမ်သွားတိုက်ဖို့ သွားဆရာဝန်တွေက အကြံပြုကြပါတယ်။ ဒါပေမယ့် ထမင်းစားချိန်တွေကြားမှာ သရေစာ တစွပ်စွပ်စားလွန်းတဲ့အခါ ခံတွင်းမှာ အစားအစာအကြွင်းအကျန်နဲ့ ဘက်တီးရီးယားပိုများစေလို့ သွားပျက်စီးနိုင်ပါတယ်။ သွားခဏခဏတိုက်ရင် မကောင်းတာကြောင့် ဒီလိုအစားတွေစားပြီးတဲ့အခါ ပလုပ်တော့ကျင်းပါ။

 

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"