သန့်ရှင်းသပ်ရပ်စည်းကမ်းရှိသော မြို့တော်ဖြစ်ရေး

၂၆ မတ်

ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲများ ကျင်းပတော့မည်ဖြစ်သည်။ စည်ပင်ရွေးကောက်ပွဲများကို မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် မဲဆန္ဒနယ် ခြောက်နယ် သတ်မှတ်ကာ ကျင်းပသွားမည်ဖြစ်ရာ ရန်ကုန်မြို့နေ မဲပေးခွင့်ရှိသည့် ပြည်သူလူထုအနေဖြင့် မိမိဒေသအကျိုးကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဖော်ဆောင်နိုင်မည့် မြို့တော်စည်ပင်အဖွဲ့ဝင်များအား ရွေးချယ်ပေးကြရမည် ဖြစ်သည်။

ရန်ကုန်မြို့နေ ပြည်သူလူထုအနေဖြင့် ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းခြင်း၊ များခြင်းသည် ရန်ကုန်မြို့၏ လက်ရှိလိုအပ်ချက် အနေအထားများနှင့် ထိုလိုအပ်ချက်များအပေါ် အမှန်တကယ် လက်တွေ့ကျကျ လုပ်ဆောင်နိုင်ခြင်း ရှိ၊ မရှိအပေါ်တွင် မူတည်နေပေသည်။ မြို့တော်နေလူဦးရေ တစ်နေ့တခြား တိုးပွားလာမှု နောက်ဆက်တွဲ ပြဿနာများနှင့် မော်တော်ယာဉ်များ ထူထပ်နေသည့် အခြေအနေများအား ကျော်လွှားနိုင်ပါမည်လားဟူသည့် ပြည်သူလူထု၏ အတွေးများက ရွေးကောက်ပွဲအပေါ် ရိုက်ခတ်မှု ရှိနိုင်ပေသည်။

မည်သို့ပင်ရှိသည်ဖြစ်စေ သန့်ရှင်းသပ်ရပ် သာယာလှပသော မြို့တော်ကြီးဖြစ်စေလိုသည့် ပြည်သူလူထု အများစု၏ ဆန္ဒနှင့် ထိုကဲ့သို့သော မြို့တော်ကြီးဖြစ်လာစေရန် အမှန်တကယ် ဆောင်ရွက်ပေးလိုသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ သဘောထား၊ ယှဉ်ပြိုင်ရွေးကောက်ခံမည့် စည်ပင်ကိုယ်စားလှယ်လောင်းများ၏ ပြင်းပြထက်သန်သော အမှန်တကယ် လုပ်ပေးမည့် အစီအမံများ၊ မြို့တော်နေပြည်သူများ ပူးပေါင်းပါဝင်မှုများ တစ်ထပ်တည်းကျပါက သန့်ရှင်းသာယာ သော မြို့တော်ကြီး ဖြစ်လာမည်မှာ အမှန်ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့တော်ကြီးသည် ကြီးမားကျယ်ပြန့်လာမှု၊ လူဦးရေ တစ်နေ့တခြား တိုးပွားလာမှုတို့နှင့်အတူ မော်တော်ယာဉ်များ သွားလာရပ်တန့်ရေး၊ အမှိုက်စွန့်ပစ်ရေး၊ မိလ္လာ အညစ်အကြေးများ စွန့်ထုတ်ရေး၊ သောက်သုံးရေ လုံလောက်စွာ ရရှိရေး၊ စည်းကမ်းတကျ ဈေးရောင်းချနိုင်ရေး၊ မြို့ပြအဆောက်အအုံများ စနစ်တကျဖြစ်ရေး စသည့်အရေးကိစ္စ များစွာတို့အား လက်တွေ့ကျကျ ဖြေရှင်းနိုင်ရေးကို အဆင့်လိုက်များစွာ ကြိုးပမ်းအားထုတ်ရဦးမည်ဖြစ်သည်။

ဖြေရှင်းရမည့် ပြဿနာများစွာရှိနေသော်လည်း မူနှင့်လူ၊ အလုပ်နှင့် စီမံခန့်ခွဲမှု လက်တွေ့ကျကျ စနစ်တကျ ရှိလာမည်ဆိုပါက မဖြစ်နိုင်စရာ အကြောင်းရှိမည်မဟုတ်ချေ။ သို့သော် စည်ပင်သာယာလှေကြီးကို တာဝန်ရှိသူအားလုံးတို့က တက်ညီလက်ညီ မှန်မှန်လှော်ခတ်ကြရန်မှာ လိုရင်းဖြစ်သည်။ လွတ်လပ်ရေးရပြီးစက ရန်ကုန်မြို့တော်မှာ မြို့တော်ကို ထိန်းသိမ်းရသည့် မြူနီစီပယ်၏ ဘဏ္ဍာရေးမကောင်းမှု၊ အုပ်ချုပ်မှုညံ့ဖျင်းမှု၊ မြူနီစီပယ်လူကြီးများ မညီညွတ်မှုတို့ကြောင့် ရန်ကုန်မြို့တော်ကြီးအား အဖတ်ဆယ်မရသော အခြေအနေမှ နေ့မအား၊ ညမနား ရှင်းလင်းပြုပြင် ဆောင်ရွက်နိုင်မှုကြောင့် ဣန္ဒြေသိက္ခာရှိသော အသွင်အပြင်သစ်ဖြင့် ရှုချင်စဖွယ် မြို့တော်ကြီးဖြစ်ခဲ့သည်ကို သင်ခန်းစာယူနိုင်ပေသည်။

မျက်မှောက်ကာလတွင် ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေစွာဖြင့် စည်းကမ်းရှိပြီး သန့်ရှင်းသပ်ရပ် သာယာလှပသည့် ရန်ကုန်မြို့တော်ကြီး ဖြစ်လာစေရန် လက်တွေ့အကောင်အထည်ဖော်မည့် ကိုယ်စားလှယ်လောင်းများကို ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ရွေးချယ်ကြတော့မည် ဖြစ်သည်။ ယခင်က စည်ပင်နှင့် ပြည်သူလူထုမှာ သူ့အလုပ်သူလုပ်၊ သူ့လမ်း သူလျှောက်နေသည့် သဘောဆောင်သဖြင့် ခရီးမပေါက်ဖြစ်နေသည်မှာ ကြာမြင့်ပြီဖြစ်သည်။ စည်ပင်လုပ်ငန်း အပြောင်းအလဲ ဖြစ်ရေးကို ၂၀၁၄ ခုနှစ်က ရွေးကောက်ပွဲ လုပ်ခဲ့သော်လည်း ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ဟု ဆိုရမည် ဖြစ်သည်။

သို့ဖြစ်ရာ ယခု ၂၀၁၉ စည်ပင်ရွေးကောက်ပွဲကို ဒီမိုကရေစီနှုန်းစံများနှင့်အညီ လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ရှုမြင်ထားပါသည်။ ပြည်သူ့အကျိုးကို အမှန်တကယ်ဖော်ဆောင်မည့် ကိုယ်စားလှယ်များအား ရွေးချယ်ပေးခြင်းဖြင့် ရွေးကောက်ခံကိုယ်စားလှယ်များကလည်း ကိုယ့်မြို့၊ ကိုယ့်ရွာ စည်ပင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ကြပြီး နေချင့်စဖွယ်ကောင်းသော မြို့တော်အဖြစ် မြို့သူ မြို့သားများ ဂုဏ်ယူဖွယ် နေထိုင်ကြရလိမ့်မည်ဟု မျှော်လင့်ပါသည်။   ။