သံတွဲမြို့ ကလေးစာပေပွဲတော်နှင့်စပ်လျဉ်း၍ ဒေသခံများ၏ ရင်ခုန်လှုပ်ရှား စကားသံများ

သံတွဲ ၂၅ အောက်တိုဘာ 

 

သံတွဲမြို့ ကလေးစာပေပွဲတော်ကို အောက်တိုဘာလ ၂၇ ရက်မှ ၂၈ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ည ၅ နာရီအထိ သံတွဲမြို့ ဒွါရာဝတီခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ကလေးစာပေပွဲတော်နှင့် စပ်လျဉ်း၍ ဒေသခံများ၏ ရင်ခုန်လှုပ်ရှားစကားသံများကို စုစည်းဖော်ပြအပ်ပါသည်။ 

 

 

ဒေါ်ချိုချို (အလယ်တန်းပြ)

 

အထက(ခွဲ) မြို့မ

 

အခုကျင်းပမယ့် ကလေးစာပေပွဲတော်က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့အတွက် ကလေးတွေ အတွက် အသစ်အဆန်းလည်း ဖြစ်တယ်၊  သူတို့အတွက် ဗဟုသုတလည်းရမယ်၊  ကလေးစာပေပွဲတော်တွေ လုပ်တဲ့အတွက် ကလေးတွေက စာဖတ်ဖို့ ဝါသနာပါလာမယ်။ ဒီလိုလုပ်ပေးလိုက်တဲ့အတွက် ကလေးတွေအတွက် စာဖတ်ဖို့ အခွင့်အလမ်းတွေ အများကြီးရသွားမယ်။  ကလေးစာပေပွဲတော်တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ကျင်းပပေးနေတဲ့အတွက် ကောင်းပါတယ်။  

 

ကလေးတွေက ဟန်းဖုန်းတွေပေါ်လာတော့ အများအားဖြင့် စာဖတ်အား နည်း သွားတယ်။ ဒါကြောင့် ဒီစာပေပွဲတော်မျိုး ပြုလုပ်ပေးတာ ကောင်းပါတယ်။ 

 

 

ဦးသန်းထွန်း

 

သံတွဲစည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ

 

သံတွဲမြို့မှာ ဒီကလေးစာပေပွဲတော် ကျင်းပတာ ပထမဦးဆုံးအကြိမ် ကျင်းပတာ ဖြစ်တော့ ဝမ်းသာ တယ်။  ဒီပွဲမျိုးကို ကျွန်တော့်အသက် အခု ၄၆ နှစ်ထဲမှာ ပထမဦးဆုံးအကြိမ် တွေ့ကြုံရတာဖြစ်တဲ့အတွက် ဝမ်းသာမိပါတယ်။ ပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ တာဝန်ကိုလည်း ပါဝင်ထမ်းဆောင်နေတာဖြစ်တဲ့အတွက် ဒီပွဲလေး အောင်မြင်စွာ ဖြစ်မြောက်ဖို့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကလေး တွေအတွက် ဒီလိုပွဲမျိုးတွေ ခဏခဏကျင်းပပေးရပါမယ်။ ဒီလိုပွဲတွေနဲ့အတူ ကလေးတွေ စာဖတ်ဖြစ်အောင် အသိပညာ ဟောပြောပွဲလေးတွေ များများလုပ်ပေးစေ ချင်ပါ တယ်။ 

 

ဒီလိုပွဲမျိုး တစ်နှစ် တစ်ကြိမ်လောက်ပဲဖြစ်ဖြစ်၊ ဖြစ်နိုင်ရင် တစ်နှစ်  နှစ်ကြိမ် လောက်ပဲဖြစ်ဖြစ် လုပ်ပေးရင်တော့ အများကြီး စာပေအသိပညာတွေ တိုးပွားလာမယ်လို့ ထင်ပါတယ်။ ဒီလိုဖြစ်မြောက်ဖို့လည်း တတ်နိုင်သလောက် ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ ဝိုင်းဝန်းထမ်းဆောင်သွားမှာဖြစ်ပါတယ်။ 

 

 

မဖြူစင်ကြယ် (သတ္တမတန်း)၊ အ.ထ.က (ခွဲ) မြို့မ

 

သမီးတို့အနေနဲ့ ဒီလိုကလေးစာပေပွဲတော်မျိုးမကြုံဖူးပါဘူး။ စာပေဆိုတာ သမီးတို့ ကျောင်းသူ ကျောင်းသားတွေအတွက် ကောင်းတဲ့ သူငယ်ချင်းတွေပါ။ ပြီးတော့ စာပေပွဲတော်တင်မဟုတ်ဘဲ ဖျော်ဖြေပွဲတွေ ပါတယ်ဆိုတော့ ပိုကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေကို ပိုပြီး စိတ်ဝင်စားစေမယ်လို့ ထင်ပါ တယ်။ ဒီလိုမျိုး စာပေပွဲတော်တွေကတစ်ဆင့် စာအုပ်၊ စာပေအပေါ် မြတ်နိုးလာမယ်။ ပြီးတော့ စာအုပ်၊ စာပေတွေက ဘယ်လိုကောင်းတယ်ဆိုတာကို မိဘတွေကလည်း ပြောပြကြမယ်။ သမီးတို့လို ကျောင်းသား ကျောင်းသူတွေအတွက် တန်ဖိုးရှိတဲ့ ဗဟုသုတတွေ အများကြီးရပါမယ်။ ဒါကြောင့် သူငယ်ချင်းတွေကိုလည်း လာစေချင်တယ်။ တခြား ကျောင်းသား ကျောင်းသူတွေလည်း အကုန်လုံးလာခဲ့ကြပါလို့ ဖိတ်ခေါ်ချင်ပါ တယ်။ 

 

 

ဦးလှဟန် (မြို့မိ/မြို့ဖ)

 

ဒီကလေးစာပေပွဲတော်နေရာကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရွေးပေးခဲ့တယ်။ ရွေးပေး ခဲ့ပြီးတော့ ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ဖို့ ကျွန်တော်တို့ မြို့မိမြို့ဖတွေကိုလည်း တိုင်ပင်တယ်။ တိုင်ပင်ပြီးတော့ ဒီမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ပြီး   ပြင်ဆင်ကြတယ်။  အနာဂတ်ရဲ့ ရင်သွေးငယ် ကလေးတွေကို စာဖတ်စေချင်တယ်။ 

 

အခုက အင်တာနက်တွေပေါ်လာပြီး သိချင်တာတွေကို အင်တာနက်ကနေ ရှာနိုင်တဲ့ ခေတ်ဖြစ်နေ တယ်။ ဒီအင်တာနက်ပေါ်မှာ သတင်းတွေက တချို့အချက်အလက်တွေက အားလုံးမပြည့်စုံနိုင်ပါဘူး။ တချို့သော အကြောင်းအရာတွေက စာကြည့်တိုက်ထဲမှာရှိတဲ့ စာအုပ်ကြီးတွေထဲမှာမှ ရှာဖွေနိုင်မယ်။ ကလေး တွေက ဒီလိုစာအုပ်ကြီးတွေကို ရှာဖွေပြီးတော့ ဖတ်ဖို့အတွက် အချိန်မပေးချင်ကြတော့ဘူး၊  မလေ့လာချင်ဘူး။ ဒီလိုဆိုရင် ကလေးတွေရဲ့ နက်နဲတဲ့ အသိပညာ၊ အတတ်ပညာတွေဟာ အားနည်းသွားနိုင်တယ်။ အင်တာနက်မှာ ရှာဖွေဖတ်နိုင်တယ်ဆိုပေမယ့် တချို့သော အရာတွေကတော့ ဒီစာပေနဲ့မှ စေ့ဆော် နိုင်ပါတယ်။ 

 

ဒါကြောင့် အခုလို ကလေးစာပေပွဲတော်မျိုး ကျင်းပတာကနေမှ စာအုပ်စာပေ ကနေ ရနိုင်တာတွေ ကိုလည်း ကလေးတွေ သိသွားမယ်၊  ပြီးတော့  စာအုပ်တွေရဲ့ အကျိုး ကျေးဇူးတွေကိုလည်း ပိုပြီးတော့ သိလာပြီး စာဖတ်ချင်စိတ်လည်း ပိုပြီးတော့ တိုးတက်လာနိုင်မယ်လို့  မျှော်လင့်ပါတယ်။  

 

ဒီကလေးစာပေပွဲတော်ကတော့ ကျွန်တော်တို့  မြို့မှာ ပထမဦးဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကလေးတွေက စာပေဗဟုသုတတွေ တိုးလာမှာဖြစ်တဲ့ အတွက်   ဒီလိုမျိုးစာပေပွဲတော်တွေကို ကျန်တဲ့ဒေသတွေမှာလည်း ဆက်လက် ကျင်းပ ပေးစေချင်ပါတယ်။ 

 

 

ဒေါ်သီတာ (ကျောင်းသားမိဘ)

 

ကျွန်မတို့ ပြည်နယ်မှာ အခုလို စာပေပွဲတော် လုပ်တဲ့အတွက် ဝမ်းသာတယ်။  ဒီလိုလုပ်ပေးမှ ကလေးတွေအနေနဲ့ စာပေမျိုးစုံကို သိမြင်မယ်။  စာအုပ်စာပေမျိုးစုံ လာရောက်ရောင်းချပေးတဲ့အတွက်ကြောင့် ကျွန်မတို့အများကြီး ကျေးဇူးတင်တယ်။ စာအုပ်စာအုပ်ပေတွေဟာ တန်ဖိုးရှိတယ်ဆိုတာ သိကြတယ်။ ဒါကြောင့် ကလေးတွေကို ပညာဗဟုသုတ တိုးအောင် စာဖတ်စေချင်တယ်။ ဒီလိုစာဖတ်ဖို့၊ စာဖတ်တဲ့အကျင့်ဖြစ်ဖို့ ဒီလိုပွဲတွေ လိုအပ်ပါတယ်။ ဒါမှ နောင်တစ်ချိန် ဒီကလေးတွေ တိုင်းပြည်အတွက် အလုပ်လုပ်တဲ့နေရာမှာ စာအုပ်ထဲက ပညာဗဟုသုတတွေကို ပညာယူပြီးတော့ ပိုပြီး ကောင်းအောင် လုပ်နိုင်မှာဖြစ်ပါတယ်။ စာအုပ်စာပေတွေက ယဉ်ကျေးလိမ္မာတဲ့ ကလေးတစ်ယောက်ဖြစ်လာအောင် လမ်းညွှန်နိုင်တယ်လို့ မိဘတစ်ယောက်အနေနဲ့ ထင်မိပါတယ်။ 

 

အောင်မင်းဟန်၊ တင်ထွန်းဦး

 

ဓာတ်ပုံ-အောင်မင်းဟန်