သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးကုသပေး

သရက် ဇူလိုင် ၄

 

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့ စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ ကျန်းမာရေးစစ်ဆေးရန် လာရောက်သည့် အငြိမ်းစားဝန်ထမ်းများအား ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက ကြီးကြပ်မှုဖြင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးချိုဆီးချိုရောဂါ စစ်ဆေးပေးခြင်း၊ ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး လိုအပ်သည့် ဆေးဝါးများကို အခမဲ့ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဇော်ထက်(သရက်)