သရက်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲ၊ ပန်းချီပြပွဲ ကျင်းပ

သရက် ဒီဇင်ဘာ ၂၂

 

မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပညာရေးဌာနနှင့်ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအဖြစ် ကျောင်းသား၊ ကျောင်းသူများ၏ ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲ၊ ပန်းချီပြပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး (Book Club) နာယက ဦးအောင်ကျော်စိုးက အမှတ်ပေးစည်းမျဉ်းကို ရှင်းလင်းခဲ့သည်။

 

ယင်းနောက် သရက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးက လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြင်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီတွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်သည်။ ပုံပြင်ပြောပြိုင်ပွဲအပြီးတွင် စာအုပ်ပြပွဲနှင့် သရက်မြို့၏ အထင်ကရနေရာများ၊ မှတ်တမ်းဝင်အဆောက်အဦများနှင့် တန်ခိုးကြီးဘုရားစေတီ ပန်းချီကားများအား ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ စာပေချစ်မြတ်နိုးသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ဇော်ဝမ်းထွန်း (အောင်လံ)