အမျိုးသားကျောင်း ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး
ရန်ကုန်တက္ကသိုလ်ကြီးသည် ခက်ခဲကြမ်းတမ်းသော မြန်မာနိုင်ငံ နိုင်ငံရေးခရီးကြမ်းအမျိုးမျိုးကို တစိုက် မတ်မတ် ဖြတ်သန်းရင်းဖြင့် တက္ကသိုလ် အသွင်သဏ္ဌာန် ကို တဖြည်းဖြည်းချင်း ရုပ်လုံးဖော်ခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ခေတ်ကာလအမျိုးမျိုးကို ကြိုးစားအားထုတ် ဖြတ်သန်းရင်းပင် နိုင်ငံ့လွတ်လပ်ရေးအတွက် စွန့်လွှတ် အနစ်နာခံတတ်သည့် အာဇာနည်များ၊ သူရဲကောင်းများ၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် စွမ်းစွမ်းတမံ အားထုတ်တတ်သည့် လူစွမ်းကောင်းများ၊ မြန်မာ့လူ့အဖွဲ့အစည်းသာမက ကမ္ဘာကပါ အသိအမှတ်ပြုရသည့် အတွေးအခေါ် အမြော်အမြင်ပြည့်ဝသည့် ခေါင်းဆောင်များစွာကို မွေးထုတ်ပေးနိုင်သည့် စွမ်းရည်လည်း ရှိခဲ့ပေသည်။








