ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ရှင်ကိုးရှင် သမိုင်းဝင်ရှင်မော်ဘုရားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်နံရံမြေသား ပြိုကျမှုဖြစ်ပွား

ထားဝယ်  ၁၀ သြဂုတ် 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှ ၅၀ မိုင်ကျော်အကွာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ရှင်ကိုးရှင် သမိုင်းဝင်ရှင်မော်ဘုရားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ နံနက် ၇ နာရီကျော်ခန့်မှ စတင်၍ တောင်နံရံမြေသား ပြိုကျမှုဖြစ်ပွားကြောင်း သိရှိရသည်။

သမိုင်းဝင်ရှင်မော်ဘုရား အပေါ်ဘက်တွင် တည်ထားကိုးကွယ်သည့် အဏ္ဏဝါရှင်မော်ဘုရားတောင်နံရံမှ မြေသားများ စတင်ပြိုကျလာပြီး ရှင်မော်ဘုရားရင်ပြင် အရှေ့ဘက်ရှိ တောင်စောင်းတန်း၊ ကားပါကင်နှင့် ဈေးဆိုင်တန်းများကို မြေမြုပ်သွားပြီဖြစ်ကြောင်းနှင့် ဘုရားဂေါပကများ၊ တောင်ပေါ်ရှိဈေးဆိုင်တန်းများတွင် နေထိုင်သူများ ပိတ်မိနေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအဖွဲ့များက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။ 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ဒေသအတွင်း၌ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ ကလိန်အောင်မြို့များတွင် ရေကြီးရေလျှံမှူများနှင့် မြေပြိုမှုများဖြစ်ပွားနေပြီး မြေပြိုမှုများမှာ သြဂုတ် ၈ ရက်မှစတင်၍ ဖြစ်ပွားလာကာ ယနေ့တွင် မြေပြိုကျမှုများ ပိုမိုဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် အောက်ဝပ်ပြင်ကျေးရွာနှင့် အောက်ကျောက်ဝပ်ကျေးရွာ ကျေးရွာအကြား ကျောက်တုံးကြီးဘုရားအနီး၊ ကျောက်နီမော်−ရှင်မော်ကားလမ်း (မိုင်တိုင်အမှတ် ၂/၂ နှင့် ၂/၃၊ ၂/၄ နှင့် ၂/၅ အကြား) တောင်ကမ်းပါးပြိုကျ၍ တောင်ကျရေနှင့် မြေသားများ ကားလမ်းမပေါ်သို့ စီးဆင်းလျက်ရှိသဖြင့် ယာဉ်များဖြတ်သန်းရန် ခက်ခဲလျက်ရှိကြောင်းနှင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)