ထားဝယ်လူမျိုးအကြောင်း သိကောင်းစရာ

အမေးငွေအပ်မင်္ဂလာပွဲတွင် နှစ်ဖက်မိဘများက ဖိတ်စာများသီးခြားရိုက်၍ ဖိတ်ကြသည်။ သတို့ သားလောင်း ဘက်မှ ဖိတ်စာတွင်သတို့သားမိဘနှင့် သတို့သားအမည်သည်ဖိတ်စာ၏ အပေါ်ဘက်တွင်ရှိ၍ သတို့သမီး လောင်းဘက်မှ ဖိတ်စာတွင် သတို့သမီးမိဘနှင့်သတို့သမီးအမည်သည် ဖိတ်စာ၏အပေါ်ဘက်တွင်ရှိ သည်။ 

 

ဖိတ်ကြားထားသောအချိန်တွင်သတို့သားလောင်း၏ အိမ်တွင်လည်းကောင်းသီးခြားဧည့်ခံကြသည်။ ရှေးအခါက သတို့သားလောင်းဘက်မှ သတို့သမီးလောင်းဘက်သို့ အခမ်းအနားဖြင့် ခြေကျင်သွားကြရသည်။ သတို့ သားလောင်းကား မလိုက်ပါရပေ။သတို့သားလောင်းဘက်မှ ဖိတ်ကြားထားသောဧည့်ပရိသတ်စုံသောအခါတွင် သတို့သမီး လောင်းအိမ်၌ ဧည့်ပရိ သတ် စုံ၊ မစုံ၊ အဆင်သင့်ဖြစ်၊ မဖြစ်သွားရောက် မေးမြန်းထောက်လှမ်းသည် (သို့မဟုတ်) သတို့သမီး လောင်းဘက်ကလာရောက်သတင်းပို့သည့်အခါ သတို့သားလောင်းဘက်မှ သွားကြသည်။ တစ်ဖက်နှင့်တစ်ဖက် ကျွေးမွေးသည့် အစားအစာများကိုလဲလှယ်ပို့ဆောင်လေ့ရှိသည်။

 

သတို့သားလောင်းဘက်မှ တင်တောင်းမည့် ငွေများမှာ ငွေစက္ကူဖြစ်ပါက အသစ်များကိုသာ ရွေးချယ် တင်တောင်းလေ့ရှိသည်။ငွေပမာဏ အနည်း၊ အများကိုလိုက်၍ငွေဖလားများဖြင့် ထည့်ထားသည်။ ပန်းများ ဝေဆာစွာ ထိုးထားသော ပန်းအိုးတစ်လုံးလည်းသယ်သွားရသည်။ အထူးသဖြင့် သစ္စာပန်းနှင့်စံပယ်ပန်းများကို အသုံးများသည်။ငွေကွမ်းအစ်တစ်လုံးတွင်လည်း ကွမ်း၊ ဆေး၊ထုံး၊ ကွမ်းသီး အပြည့်အစုံထည့်၍ ယူဆောင်ရသည်။ ပိတ်အုပ် တစ်အုပ်ကိုလည်း ယူဆောင်ရသည်။ (ယခုအခါတွင်တော့ အချို့မထည့်ကြတော့ပေ။) ထိုသို့ထည့်သွင်းရခြင်းမှာ မင်္ဂလာကိစ္စပြီးသောအခါ နှစ်ဖက်လူကြီးမိဘများအား ယင်းပိတ်အုပ်မှ ပိတ်ပိုင်းများဖြင့်ကန်တော့ပွဲတွင်ထည့်၍ ကန်တော့ရန်သတို့သားလောင်းဘက်မှကြိုတင်ပေးဆောင်သည့် သဘောပင်ဖြစ်သည်။ 

 

အခမ်းအနားပစ္စည်းများကိုသယ်ဆောင်မည့် အမျိုးသမီးကြီးများကို လင်စုံမယားဖက် သားသမီးရတနာ နှင့် ပြည့်စုံ၍ ဂုဏ်ဒြပ်ကြီးမြင့်သူများကိုသာရွေးချယ်လေ့ရှိသည်။ မုဆိုးမ၊ တစ်ခုလပ်၊အပျိုစသည်တို့ မကိုင်ဆောင်ရ ချေ။ သတို့သမီးလောင်းအိမ်သို့ ရောက်သောအခါ သတို့သမီးလောင်းဘက်မှ အိမ်အဝင်ဝသို့ဆင်း၍ ကွမ်းအစ်၊ ပန်းအိုး လဲလှယ် ကြိုဆိုကြသည်။ ဥပဒေတစ်ရပ် မဟုတ်သော်လည်းအစဉ်အလာတစ်ခုသဖွယ် ကျင့်သုံးကြခြင်း ဖြစ်သည်။ အမှန်မှာ သတို့သားလောင်း၏မိဘဆွေမျိုးများနှင့် သတို့သမီးလောင်း၏မိဘဆွေမျိုးများ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှုကို ပြသခြင်းသဘောပင်ဖြစ်သည်။သတို့သမီးလောင်းဘက်မှ ရောက်လာသော အခါ ပါလာ သည့် ဧည့်ပရိသတ်ကို သတို့သမီးလောင်းဘက်မှအလာကို စောင့်ရသည်။

 

သတို့သားလောင်းဘက်မှ ရောက်လာသောအခါ ပါလာသည့် ဧည့်ပရိသတ်ကို သတို့သမီး လောင်းဘက်မှ ဧည့်ခံကျွေးမွေးရပြန်သည်။ကျွေးမွေးခြင်းကိစ္စပြီးသည့်နောက် အမေးငွေအပ်မင်္ဂလာအခမ်းအနား စတင်သည်။ သတို့သမီးလောင်းဘက် အိမ်ဦးခန်းတွင်ခမ်းနားစွာ ပြင်ဆင်ထားသော စားပွဲပေါ်တွင်သတို့သားလောင်းမှ တင်တောင်းသည့်ငွေများလက်ခံရန် ငွေဖလားများ အဆင်သင့်ထားရသည်။ 

 

ဘိသိက်ဆရာတစ်ဦးလည်းခေါ်ထားရသည်။ ရှေးယခင်က အမေးငွေအပ်မင်္ဂလာများတွင် သတို့သားလောင်း ဘက်မှဘိသိက်ဆရာတစ်ဦး၊ သတို့သမီးဘက်မှဘိသိက်ဆရာတစ်ဦးဖြင့် အမေး၊ အဖြေပြုလုပ်ကြသည်။ ထို့ကြောင့်အမေးငွေအပ်ဟုခေါ်ခြင်းဖြစ်သည်။အမေးငွေအပ်မင်္ဂလာပြုလုပ်ပြီးနောက်ထိမ်းမြားမင်္ဂလာအခမ်းအနားကို ကျင်းပလေ့ရှိသည်။ ထိုမင်္ဂလာနှစ်ရပ်ကို တစ်ပတ်မှတစ်လလောက်အထိခွာ၍ ကျင်းပတတ်သည်။ထို့ထက်ပို၍ ရက်ကန့်သတ်ခြင်း မပြုပေ။ မင်္ဂလာပွဲအတွက် ဖိတ်စာကမ်းရာတွင်သတိုးသားဘက်မှရော သတို့သမီးဘက်မှပါ ပထမအသုတ်ပေးမည့် ဖိတ်စာ ၁၀ စောင်ခန့်ကို လူကုံထံ လင်စုံမယားဖက် သားသမီးထွန်းကားသော အိမ်ထောင်စုမျိုးကို ရွေးပြီးပေးတတ်ကြသည်။ 

 

ပြည့်စုံခြင်းမင်္ဂလာကိုယူခြင်းဖြစ်သည်။ မင်္ဂလာဆောင်တွင်သတို့သားဘက်၊ သတို့သမီးဘက်ဟူ၍ နှစ်ဖက် ခွဲ၍ လက်ဖွဲ့ကြေးလက်ခံသည်။ ထားဝယ်တွင်ရှေးယခင်က ငွေကြေးကိုသာ လက်ဖွဲ့ပြီး ယခုအခါတွင်မူ ပစ္စည်းများပါလက်ဖွဲ့သည်ကိုတွေ့လာရသည်။ သတို့သားဘက်မှ အမေးငွေအပ်မင်္ဂလာတွင် သတို့သမီးကို တင်တောင်းထားသော ငွေကြေးဖြင့် သတို့သမီးဘက်မှမင်္ဂလာကိစ္စအဝဝကို အသုံးပြုကြသည်။ ယခုအခါ ထားဝယ်မြို့ပေါ်တွင် သတို့သား၊ သတို့သမီးအိမ်များတွင် မင်္ဂလာအခမ်းအနားကို ကျင်းပခြင်းမပြုကြတော့ဘဲ အခြားအဆောက်အအုံခန်းမတစ်ခုခုတွင် မင်္ဂလာဆောင်ကြသည်က များကြပေသည်။ 

 

လူကုံထံဝိုင်း အိမ်ကျယ်ကျယ်ဝန်းဝန်းရှိသူများသာလျှင် သတို့သမီးအိမ်တွင် ကျင်းပကြသည်။ မင်္ဂလာ ဆောင်သည့်ညတွင် သတို့သားပို့ဟု ပြုလုပ်ကြသေးသည်။ သတို့သားနှင့်အပေါင်းအသင်း ၁၀ ဦးခန့်က ညဘက်တွင်သတို့သမီးအိမ်သို့သွားကြသည်။ သတို့သမီးအိမ်မှ အကျွေးအမွေးဖြင့် ဧည့်ခံရသည်။ ပထမညတွင် မင်္ဂလာမောင်နှံကို အခန်းအပ်သည်။
 အပြောင်အပြက် အတားအဆီးလုပ်ပြီးခဲဖိုးတောင်းတတ်ကြသည်။ သတို့သားသည်နောက်တစ်နေ့နံနက်တွင် မိဘအိမ်သို့ ပြန်လာသည်။ ထိုသို့ သတို့သားပို့ခြင်းကို ရှေးအခါကခုနစ်ရက်ခန့်၊ ယခုအခါတွင် သုံးရက်ခန့် ပြုလုပ်ကြသည်။ ရှေးအခါက ယခုခေတ်ကဲ့သို့မင်္ဂလာဆောင်သည့်ညတွင် အခန်းမအပ်ပေ။ သတို့သားမှာ တစ်ဦးတည်း အိမ်နေရသည်။

 

အစောဆုံး ခုနစ်ရက်၊ အကြာဆုံး တစ်လခန့်ကျမှ အခန်းအပ်တတ်သည်။ ထားဝယ်တွင်နှစ်ဖက်မိဘ ကြည်ဖြူစွာဖြင့် အမေးငွေအပ်မင်္ဂလာဖြင့် တောင်းရမ်းကာ မင်္ဂလာဆောင်ယူခြင်းကိစ္စကို အလွန်တန်ဖိုးထား သည်။ ရိုးရာယဉ်ကျေးမှုအရ ယခုကဲ့သို့ အိမ်ထောင်ပြုခြင်းသည် ထားဝယ်အမျိုးသမီးတစ်ဦးအတွက် တစ်သက် တာလုံး ဂုဏ်ရှိသည်။ လူပုံအလယ်ဝင်ရဲ၊ ထွက်ရဲရှိသည်။ မိဘဆွေမျိုး မိတ်သင်္ဂဟများ နှစ်သက်ကြသည်။ ဂုဏ်လည်းယူသည်။

 

ယခုအခါတွင် အနည်းဆုံးလက်မှတ်ထိုး၍မင်္ဂလာဆောင်ယူကြပေသည်။ထားဝယ်တို့၏ အစားအစာသည် တစ်နည်းတစ်ဖုံ ခြားနားသည်။ ပင်လယ်နှင့်နီးကပ်စွာတည်ရှိသော အရပ်ဖြစ်၍ ပင်လယ်စာများကို အထူး နှစ်သက်စွာစားသောက်ကြသည်။ ပင်လယ်ငါးကိုစားသောက်သူများပြီး ရေချိုငါးကို ကြိုက်နှစ်သက်မှု နည်းပါး သည်။ 

 

ပင်လယ်ငါးများကလည်း လူတစ်ရပ်ခန့် သို့မဟုတ်လူတစ်ရပ်ထက်ကျော်သော ငါးကြီးများဖြစ်၍ ခုတ်ထစ်တုံး တစ်ပြီး ရောင်းချသည်ကို ဝယ်စားသည်။ အချိုမှုန့်ကို မသုံးစွဲတတ်ကြပေ။သို့သော်လည်း ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းတွင်ထိုင်းနိုင်ငံမှ ဟင်းချိုမှုန့်များ ဈေးကွက်အတွင်းသို့ဝင်လာမှ အချိုမှုန့်သုံးစွဲမှုများရှိလာသည်။ ထားဝယ်ဟင်းလျာများသည် ဆီမပါသည့်အပြုတ်၊ အကင်၊ အပေါင်း၊ အသုပ်တို့ကိုအစားများသည်။ စိမ်းစားငါးပိကိုသာ စားကြသည်။ ထားဝယ်ဒေသသည် အုန်းသီးပေါသောကြောင့် ထားဝယ်ဟင်း၊ ထားဝယ်မုန့် တို့မှာအုန်းသီး မပါမပြီးချေ။

 

ထားဝယ်တို့သည် မြန်မာတို့ကဲ့သို့ပင်ဟင်းသီးဟင်းရွက်တို့ကို ဟင်းချိုချက်သောက်ကြသည်။ သို့သော် ထားဝယ်က အထူးဟင်းရွက်ဟင်းချိုတစ်မျိုးမှာ “လန်ကောင်ရွက်”ဟူသော အပင်မှဟင်းရွက်ဖြစ်သည်။ အပင်ကြီးမဟုတ်ဘဲ လူတစ်ရပ်မျှရှိသောဟင်းရွက်ပင်တစ်မျိုးဖြစ်သည်။ အချို့ကျေးရွာများတွင် မာလကာ ပင်ကဲ့သို့ အရွယ်လောက်လန်ကောင်ပင်ကြီးများရှိသည်။ ထိုလန်ကောင်ရွက်ဟင်းချိုသည် ထားဝယ်တို့ အကြိုက်ဆုံးသော ဟင်းချိုဖြစ်သည်။ လန်ကောင်ရွက်ကိုတို့စရာအဖြစ်လည်း စားသုံးကြသည်။

 

လန်ကောင်ရွက်ဟင်းချိုသည် ပုစွန်ခြောက်၊ငါးတို့နှင့် ချက်ရုံဖြင့် အချိုမှုန့်လုံးဝမသုံးဘဲ ချိုလှသည့် ဟင်းချိုဖြစ်သည်။ ထားဝယ်တို့အသောက်များသည့် ဟင်းချိုတစ်မျိုးမှာ ငါးခေါင်းဟင်းချိုဖြစ်သည်။ အရိုးနူးညံ့၍ အရသာထူးသော ငါးကွမ်းရှပ် ငါးခေါင်းနှင့်ကျောရိုးကိုပိုင်း၍ ငရုတ်စိမ်း၊ ကြက်သွန်ဖြူ/နီ၊စပါးလင်တို့ဖြင့် အချိုချက်ပြီး တရုတ်နံနံပင်၊သံပရာရည် အနည်းငယ်ညှစ်၍ သောက်ရသော ငါးခေါင်းဟင်းချိုပူပူမှာ အလွန် အရသာရှိပြီးနူးနေသည့် အရိုးပါ ဝါးစားနိုင်သော ဟင်းချိုဖြစ်သည်။ ထို့ပြင် ငါးဆီပေါင်းဟင်းချို၊ ခရုဟင်းချို စသည်ဖြင့် အမျိုးမျိုးစားသုံးကြသေးသည်။

 

ထားဝယ်ငါးပေါင်းထုပ်ဆိုသည်ကလည်းထူးကဲသည့် ထားဝယ်အစားအစာတစ်မျိုးဖြစ်သည်။ ထားဝယ်ငါး ကွမ်းရှပ်၊ ငါးမုတ်တို့၏အသားကို ဆန်လှော်မှုန့်၊ ငရုတ်စိမ်း၊ ကြက်သွန်၊ဆီ၊ ဆား စသည်တို့ထည့်၍ လန်ကောင်ရွက်၊ရွှေဖရုံသီး၊ သီဟိုဠ်စေ့၊ မျှစ်စသည်တို့ဖြင့်ရောနှယ်ကာ ဖက်နှင့်အထုပ်ငယ်များ ထုပ်၍ ပေါင်းပြီး စားခြင်းဖြစ်သည်။ ထားဝယ်စားစရာဟင်းလျာများကို ဖော်ပြ၍ဆုံးနိုင်လိမ့်မည်မထင်ပေ။ ထားဝယ်မုန့်ဟင်းခါးကို ထားဝယ်လို(မုကှ္လန်းဆီ)ဟုခေါ်သည်။ ထားဝယ်နယ်တွင် မုန့်ဖတ်ကို ငါးချဉ်၊ ရှပ်ချဉ်(ခရုချဉ်)တို့ဖြင့် စားတတ်သည်။ ထားဝယ်တိုင်းရင်းသားတို့ နေ့စဉ်စားသောက်ကြသော အဓိကစားစရာ ဖြစ်သည်။ အလှူအတန်း၊ ဆွမ်းကျွေး၊ဧည့်ခံပွဲ စသည့်ပွဲများနှင့် နံနက်စာ၊ နေ့လယ်စာ၊ ညစာစသည်ဖြင့် အချိန်မရွေး သရေစာအဖြစ်စားသည့် မုန့်တစ်မျိုးလည်း ဖြစ်သည်။

 

ထားဝယ် မုကှ္လန်းဆီကို စားသုံးရာ၌ဟင်းခါးနှင့်လက်သုပ်ဟူ၍ နှစ်မျိုးရှိသည်။လက်သုပ်တွင်လည်း အစိမ်းသုပ်၊ အကျက်သုပ်ဟူ၍ နှစ်မျိုးခွဲထားပေသည်။ ထားဝယ် မုန့်ဟင်းခါးကို မြန်မာတို့ကဲ့သို့ ဘူးသီးကြော်၊ပဲကြော်တို့ဖြင့် မစားသောက်ကြပေ။ ဘဲဥပြုတ်ထည့်၍လည်း မစားကြပေ။ ဆီထမင်းနှင့်ရော၍ စားကြသည်။ ဆီထမင်းလုပ်ရန် ကရိကထရှိ၍ များသောအားဖြင့် ထမင်းကြမ်းနှင့်ရောစားလိုက်ကြသည်။ ထားဝယ်မုန့်သရေစာအမျိုးမျိုးသည် မြန်မာမုန့်သရေစာများနှင့်တူသည်သာများသည်။ အချို့ မုန့်သရေစာများမှာ မြန်မာမုန့်သရေစာများနှင့် လုံးဝ ကွဲသည်လည်းရှိကြပေသည်။ 

 

ထားဝယ်တိုင်းရင်းသားများနေထိုင်သော ထားဝယ်ဒေသသည် ထားဝယ်တစ်မြို့တည်းကိုသာ ဆိုလိုခြင်း မဟုတ်ဘဲ ထားဝယ်၊ ရေဖြူ၊လောင်းလုံ၊ သရက်ချောင်းစသည့် ထားဝယ်လေးမြို့နယ်ကို သိမ်းကျုံး ခေါ်ဆိုခြင်း ဖြစ်ပေသည်။ ယခုအခါတွင် ထားဝယ်ခရိုင်ကို ဆိုလိုခြင်းဖြစ်ပေသည်။ ထားဝယ်တိုင်းရင်းသားတို့၏ ရိုးသားယဉ်ကျေးမှု၊ ဧည့်ဝတ်ကျေပွန်မှု၊မိမိတို့၏ ဘိုးဘွားအမွေအနှစ်ကို ချစ်ခင်မြတ်နိုးသော ဓလေ့စရိုက်သဘာဝတို့ကို ပြောမယုံကြုံဖူးမှ သိပေလိမ့်မည် ဖြစ်သည်။

 

မြန်မာနိုင်ငံသည် တိုင်းရင်းသား ၁၃၅မျိုးတို့ မှီတင်းနေထိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။ မှီတင်း နေထိုင်ကြသောတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့စရိုက်သဘာဝကို ချစ်ခင်မြတ်နိုးစရာတစ်ခုအဖြစ် တွေ့ရှိရ မည်ဖြစ်သည်။ ယခုအခါတွင်လည်းတိုင်းရင်းသား ၁၃၅ မျိုးထဲမှ ထားဝယ်တိုင်းရင်းသားတို့၏ ချစ်ခင်စရာ၊ မြတ်နိုးစရာကောင်းသော ယဉ်ကျေးမှုဓလေ့စရိုက်တို့ကို အားကျလေးစားဂုဏ်ယူစွာဖြင့် လေ့လာရေးသား ဖော်ပြလိုက်ရပါတော့သည်။ ။

 

အားမာန်သစ်(ရှေးဟောင်းသုတေသန)