ထားဝယ်လူမျိုးအကြောင်း သိကောင်းစရာ

အားမာန်သစ်(ရှေးဟောင်းသုတေသန)

 

ထားဝယ်ဒေသအတွင်း ကျောက်ခေတ် အလွန်တွင် ဝင်ရောက်လာသော လူမျိုးရင်းများကို ညွှန်ပြရမည်ဆိုလျှင် မြန်မာနိုင်ငံ အတွင်းသို့ ဦးစွာဝင်ရောက်လာသော လူမျိုးမှာ နီဂရစ်တိုလူမျိုးဖြစ်သည်ဟု ယူဆနိုင်ပေသည်။ မြန်မာနိုင်ငံအတွင်းသို့ ဒုတိယ ဝင်ရောက်လာသူများမှာ သြစထရိလွိုက် အနွယ်များဖြစ်သည့် ဆလုံတို့ဖြစ်သည်။ နောက်ပိုင်းတွင် ဝင်ရောက်လာသူများမှာ မွန်၊ ထားဝယ်၊ မြန်မာ၊ ရှမ်းတို့ဖြစ်သည်ဟု ဆိုရပေမည်ဟု ဗိုလ်မှူးဘရှင်က ဆိုထားသည်။ တိဗက်တိုဗားမင်းအနွယ်ဝင် အုပ်စုအမျိုးမျိုးတို့သည် မြန်မာနိုင်ငံအတွင်းသို့ အနောက်မြောက်ဘက်မှလည်းကောင်း၊ အရှေ့မြောက်ဘက်မှ လည်းကောင်း ဝင်ရောက်လာကြရာတွင် ထားဝယ်သည် ရခိုင်၊ တောင်ရိုး၊ အင်းသား၊ ရဘိန်း၊ ဓနု၊ ယော စသည်တို့သည် အရှေ့ တိဗက်တိုဗားမင်းအစားများဖြစ်၍ မြန်မာ အဆက်အနွှယ်များသာဖြစ်သည်ဟု သမိုင်း ပညာရှင်များက ဆိုကြသည်။ မြန်မာနိုင်ငံ အရှေ့မြောက်စွန်းမှသည် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး တောင်ဘက်စွန်းဆီသို့ ဆင်းသက်လာကြသော လူမျိုးစုများသည် အစိတ်စိတ်အမြွှာမြွှာကွဲကာ ရောက်လေရာ ဒေသတွင် အုပ်စုအလိုက် အသက်မွေးဝမ်း ကျောင်းပြု၍ နေထိုင်လာကြရင်းက ထားဝယ်၊ ရခိုင်၊ အင်းသား၊ ဓနု၊ ယော စသည့် အမည် နာမများရရှိလာကြကာ ရာစုနှစ်ပေါင်းများစွာ ကပင် တည်တံ့နေခဲ့ကြလေသည်။

 

ထားဝယ်လူမျိုးတို့သည် တိဗက်-မြန်မာ အစုမှ မြန်မာလူမျိုးအုပ်စုဝင်ဖြစ်သည်။ သို့သော်လည်း အခြားမြန်မာအုပ်စုဝင်များ ဖြစ်ကြသော ဓနု၊ တောင်ရိုး၊ မရူ စသည်တို့ကဲ့သို့ မဟုတ်ဘဲ မြန်မာတို့နှင့် ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုတို့တွင် တူညီကြသည်။ ထားဝယ်လူမျိုးများ၏ ဇစ်မြစ်သည် မြန်မာအနွယ်ဝင် ရခိုင်လူမျိုး တို့ပင်ဖြစ်သည်။ ရခိုင်ကမ်းခြေဒေသမှ ရခိုင် များသည် တနင်္သာရီကမ်းမြှောင်ဒေသသို့ သွားရောက်နေထိုင်ကြရာမှ ပေါက်ဖွားလာ သောအစုကို ထားဝယ်သားများ ခေါ်ဟန်ရှိ သည်။ ထားဝယ်စကားသည် ရခိုင်စကား ပြောဆိုနည်းနှင့် ယိုးဒယားလေသံတို့ ပေါင်းစပ်ထားသကဲ့သို့ ဖြစ်နေခြင်းကို ထောက်ချင့်၍ သိနိုင်သည်။

 

ထားဝယ်လူမျိုးဟူသော ဝေါဟာရ ပေါ်လာရပုံ အဆိုအမျိုးမျိုး ရှိကြသော်လည်း ခိုင်လုံသော အကြောင်းအရာကိုမူ မတွေ့ရချေ။ တချို့ကမူ မြတ်စွာဘုရား ထက်ဝယ်ဖွဲ့ခွေ ဆွမ်းဘုဉ်းပေးသော အရပ်အား မွန်တို့က 'ဓဝါယ်' ဟုခေါ်ရာမှ ထားဝယ်ဖြစ်လာသည်ဟု ဆို၍ အချို့ပုဂ္ဂိုလ်များကလည်း နရပတိစည်သူ မင်းကြီးသည် ယခုထားဝယ်ခရိုင် လောင်းလုံ မြို့နယ် ကျောင်းတွင်းရွာဒေသအနီး ထောင့်ကွယ်မြို့ကို တည်ထောင်၍ ထိုထောင့်ကွယ်မှ ထားဝယ်ဟု ရွေ့လျားပြောင်းလဲ လာသည်ဟု ဆိုခဲ့ကြပြန်သည်။

 

ထားဝယ်အရပ်သည် မြန်မာမင်းတို့ ယိုးဒယားသို့ စစ်ချီရာတွင် စစ်လမ်းကျသဖြင့် ပုဂံခေတ်ကပင်လျှင် အဆက်အဆံ အကူးအလူး ရှိခဲ့ဟန်တူပေသည်။ ထားဝယ်လူမျိုးတို့သည် မြန်မာအမျိုးသားများအား ဂံသားဟု ပုဂံသားအဖြစ်ရည်ညွှန်း ခေါ်ဝေါ်သည်ကို ထောက်ထားနိုင်ပေသည်။ မြန်မာမှုကို ထုတ်ဖော်သော ရွှေဘုံနိဒါန်းစာအုပ်တွင် မြန်မာတို့၏ နန်းတွင်းဆောင်၌ ထားဝယ်ဆောင်ဟူ၍ရှိကြောင်း ဖော်ပြထားပေသည်။ ယင်းထားဝယ်ဆောင်မှာ ဆင်ဖြူများရှင်မင်းကြီးက ထားဝယ်မှခေါ်ဆောင်လာသော ထားဝယ်သားတို့အား ချီးမြှောက်၍ ခစားစေသော အဆောင်ဖြစ်ကြောင်း ဆိုပေသည်။ ရှေးခေတ်မြန်မာအမှုထမ်း အရာထမ်းစာရင်း တွင်လည်း တောင်ထားဝယ်ဗိုလ်၊ မြောက်ထားဝယ်ဗိုလ်ဟု ခန့်ထားသည်ကိုလည်း လေ့လာတွေ့ရှိရသည်။

 

ယခုအခါ ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် မှီတင်းနေထိုင်ကြသော အင်းသားတို့သည်လည်း ထားဝယ်လူမျိုးဆက် ဖြစ်ကြောင်း ဆိုကြသည်။ အင်းသားစကားနှင့် ထားဝယ်စကားတို့မှာ များစွာတူညီကြသည်။ သို့သော်လည်း ထားဝယ်သားများသည် မည်ကဲ့သို့ အင်းထဲသို့ရောက်ရှိလာသည် ဆိုသောအချက်၌ အယူအဆအမျိုးမျိုး ရှိကြပေသည်။

 

 

ထားဝယ်လူမျိုးများသည် အသက် မွေးဝမ်းကျောင်းအတွက် ကုန်သွယ်၊ လယ်လုပ်၊ ယာခုတ်၊ ဥယျာဉ်စိုက်ခြင်းနှင့် သတ္တုတွင်း ရှာဖွေတူးဖော်ခြင်းအမှုတို့ကို ပြုလုပ်ကြသည်။ ထားဝယ်ခရိုင်သည် မြန်မာနိုင်ငံတွင်းရှိ အခြား အခြားသောဒေသများနှင့် ကုန်းလမ်း၊ ရေ လမ်း၊ လေလမ်းခရီး ဆက်သွယ်ကောင်းမွန်သဖြင့် ထားဝယ်သားများသည် မြန်မာနိုင်ငံ အနှံအပြားတွင် နေထိုင်လျက်ရှိကြသည်။ ထားဝယ်သားများသည် များသောအားဖြင့် ဖြောင့်မတ်ရိုးသား၍ မဟုတ်မခံသော ဇွဲသတ္တိ ရှိသူများဖြစ်ကြသည်။ ထားဝယ်သား အချင်းချင်း စည်းလုံးညီညွတ်စွာ နေတတ်ကြ သည်။ ယနေ့ထားဝယ်လူမျိုးများ ပြောဆိုနေ ကြသော စကားများတွင် ပေါရာဏ၊ မြန်မာ၊ ရှမ်း၊ မွန် စကားများ ရောစပ်လျက်ရှိသည်။ သို့ရာတွင် အခြားမည်သည့် လူမျိုးများနှင့်မျှ မဆက်စပ်သော ထားဝယ်စစ်စစ် စကားလုံးများလည်းရှိသည်။ ဥပမာအားဖြင့် ဗြန်=ပိုက်ဆံ၊ ခွ=တံခါး၊ ဟဲလော=စဉ့်အိုးကြီး၊ ဘုထောန့်= မီးဖိုချောင် စသော စကားလုံးများဖြစ်ကြသည်။

 

ထားဝယ်လူမျိုးတို့ သီဆိုကြသော ထားဝယ်ဒိန်းသီချင်းမှာလည်း ထားဝယ်တို့၏ ကျော်ကြားသော ယဉ်ကျေးမှု အနုပညာတစ်ခု ဖြစ်လေသည်။ မြန်မာတို့အိုးစည်ဝိုင်းနှင့် အနည်းငယ်ဆင်သည်ဟု ဆိုရပေမည်။ ဒိန်း သီချင်းကို တစ်ယောက်ကတိုင်၍ သံပြိုင်တွင် အများကလိုက်၍ ဆိုရသည်။ ရှေးထားဝယ် အကတစ်ခုဖြစ်သော 'ရမ်းက'ဟူသော အကမှာ ယခုအခါတွင် တိမ်မြုပ်လျက် ရှိပေသည်။ ထားဝယ်ကျေးလက်တောရွာတို့တွင် မြန်မာတို့၏ ကြက်တိုက်ပွဲပမာ ခေတ်စားသော ပျော်ရွှင်မှုတစ်ရပ်ကား ထားဝယ်လူမျိုးတို့၏ ကျွဲတိုက်ပွဲများပင်ဖြစ်သည်။

 

ကျွဲတိုက်ပွဲသည် မြန်မာပြည်အရပ်ရပ်၌လည်း ရှိသည်။ အငြိမ်းစားမြို့ပိုင်မင်း ထားဝယ်ပညာရှိ ဦးနှင်းလှိုင်၏ မှတ်တမ်း စာအုပ်တွင် ကောဇာသက္ကရာဇ် ၁၂၄ဝ ပြည့်နှစ်လောက်က ထားဝယ်မြို့တွင် ကျွဲတိုက်ပွဲ စတင်ပေါ်ပေါက်ကြောင်း ရေးထားသည်ကို တွေ့ရှိရသည်။ နောင်လာနောက်သားများ ထားဝယ်ယဉ်ကျေးမှုတစ်ရပ်ကို သိရှိကြစေရန် ထိန်းသိမ်းထားသည့် အနေဖြင့် ဘုရား ပွဲ၊ ဘုန်းကြီးပျံပွဲ၊ သင်္ကြန်ပွဲ၊ မင်းပွဲ၊ စိုးပွဲနှင့် ရုပ်သေးပွဲ၊ အခြားပျော်ပွဲရွှင်ပွဲများတွင် နှီးဝါး၊ ကြိမ်များဖြင့် လက်ရာမြောက်ရက်လုပ်ပြီး အဝတ်မည်း၊ စက္ကူမည်း၊ ဆေးမည်းများကပ်ကာ ခြယ်လှယ်ပြုလုပ်လျက် အတွင်း၌ လူနှစ်ယောက်ဝင်ရောက် လှုပ်ရှားသွားလာရသော ကျွဲရုပ်ကြီးများတိုက်ပွဲကို ပြသလေ့ရှိကြသည်မှာ ယခုခေတ်တိုင်အောင်ပင် ဖြစ်လေသည်။ ယခုခေတ် ကဆုန်လ ထားဝယ်မြို့ သမိုင်းဝင် ရှေးဟောင်းမုတ္တီးဘုရားကြီးဝင်း အတွင်း၌ ညောင်ရေသွန်းပွဲတော် ကျင်းပသောအခါ ကဆုန်လပြည့်နေ့တွင် ကျွဲရုပ်ကြီးများ တိုက်ပွဲကို ကျင်းပလျက်ရှိကြသေးသည်။

 

ထားဝယ်တိုင်းရင်းသားတို့၏ ကိုးကွယ် ယုံကြည်မှုတွင် ဘုရားကိုးကွယ်မှုနှင့် နတ် ယုံကြည်မှုသည် အဓိကဖြစ်သည်။ ထားဝယ် လူမျိုးတို့သည် ထားဝယ်ဒေသသို့ ဗုဒ္ဓသာသနာ မရောက်မီကာလ အချိန်ကတည်းကပင် ရေမြေတောတောင်၊ သစ်ပင်၊ ကျောက်တုံး ကျောက်ဆောင်တို့၌ တန်ခိုးရှိသော နတ်ကောင်းနတ်မြတ်တို့ ရှိကြသည်။ စောင့်ကြသည်ဟု ယုံကြည်သည်။ ထို့ကြောင့် ဗုဒ္ဓ သာသနာ ရောက်ရှိသည့်အချိန်မှ ထွန်းကားသည့် အချိန်အထိနှင့် ယခုတိုင်ရိုးရာအစဉ် အလာ နတ်ယုံကြည်မှု ရှိနေသေးသည်ကို တွေ့ရှိရပေသည်။ ထားဝယ်လူ မျိုးတို့၏ ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်မှု၊ ကိုးကွယ်မှု၊ ဆည်းကပ်မှုသည် ယခုထိရှိနေသော သမိုင်းဝင် ဘုရား၊ ပုထိုး၊ ကျောင်းကန်နှင့် သာသနာတော်ဆိုင်ရာ အဆောက်အအုံများ ကို ကြည့်ခြင်းအားဖြင့် သိသာနိုင်ပေသည်။ ထားဝယ်တိုင်းရင်းသားများသည် ဗုဒ္ဓဘာသာ ဝင် အများဆုံးဖြစ်ပေသည်။ ထားဝယ် တိုင်းရင်းသားတို့၏ နေအိမ်၌ ဘုရားစင်ကို အိမ်ဦးတွင်ထားကာ တစ်ခမ်းတစ်နား ယုံကြည်ကိုးကွယ်စွာ ဆည်းကပ်ကြသည်။ ထားဝယ်တိုင်းရင်းသားများသည် ဗုဒ္ဓဘုရား ရှင်ကို လေးစားသက်ဝင်ယုံကြည်ကိုးကွယ်ကြ သည့်နည်းတူ သံဃာတော်များကိုလည်း ကြည်ညိုကြသည်။ ထားဝယ်သူထားဝယ်သားများသည် လှူဒါန်းပေးကမ်းရာတွင် ရက်ရော ကြသည်။ ဘုရားဒကာ၊ ကျောင်းဒကာဖြစ်ရ သည်ကို အလွန်တန်ဖိုးထားလိုလားကြသည်။ ရှေးဘုရင်များ လက်ထက်ကတည်းကပင် ဘုရားကျောင်းကန်များ တည်ထားဆောက်လုပ် လှူဒါန်းခဲ့ကြသည်။

 

ဘုရားကိုးကွယ်မှုနှင့်အတူ နတ်ပူဇော်မှုကို လည်း ယုံကြည်ကြသည်။ ရိုးရာနတ်အပေါ် ယုံကြည်လေးစားကြသည်။ အိမ်တွင်းအုန်းဆွဲသည့် ဓလေ့ရှိသည်။ အထူးသဖြင့် မြို့စောင့် နတ်၊ ရွာစောင့်နတ်တို့ကို အလေးထား ကိုးကွယ်ကြသည်။ မြို့တွင် မြို့တော်ရှင်ရှိပြီး ထားဝယ်မြို့ ရုံးကြီးပေါ် (ယခုဝန်ကြီး ချုပ်ရုံး) ရှိ ညောင်ပင်ကြီးမှ နတ်ကွန်းသည် မြို့တော်ရှင်နန်းဖြစ်သည်။ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာတိုင်းတွင် ရွာတော်ရှင်နန်းများ ရှိသည်။ ဝါဝင်ဝါထွက်နှင့် သာရေးများတွင် ရွာရှင်နတ်ကွန်း၌ ပွဲဆက်ကြသသည်။ ထားဝယ်တိုင်းရင်းသားတို့ မိမိတို့ ရိုးရာနတ်ကိုသာ ပသယုံကြည်ကြသည်မဟုတ် လူမျိုးခြားနှင့် သက်ဆိုင်သော နတ်ပွဲကိုလည်း နှစ်စဉ် ကျင်းပကြသည်။ ထားဝယ်ရိုးရာ နတ်ယုံကြည်မှုအပြင် တိုင်းတစ်ပါးသား နတ်များကိုလည်း သက်ဝင်ယုံကြည် အလေးထားသည်ကို တွေ့ရသည်။

 

ထားဝယ်တိုင်းရင်းသားတို့၏ ရိုးရာ အမည်ဓလေ့များအနေဖြင့် အမျိုးသားအမည် ရှေ့တွင် 'နောင်' ဟူသော ရှေ့ဆက်ဖြင့်လည်းကောင်း၊ အမျိုးသမီးအမည်ရှေ့တွင် 'မယ်' ဟူသော ရှေ့ဆက်ဖြင့်လည်းကောင်း ခေါ်ဝေါ် လေ့ရှိကြသည်။ ပုဂံမြို့အနိမ့်ရွာ အရှေ့လှည့် ဂူဘုရားရှိ မင်စာအမှတ်(၄)တွင် အိုချစ်ခင်ဟူ သော အမည်ကိုလည်းကောင်း၊ ယင်းဘုရားရှိ မင်စာအမှတ်(၆)တွင် အိုမိလှဟူ၍လည်း ကောင်း၊ အနောက်လှည့်ဂူ (ရှမ်းတက်ဘုရား)ရှိ မင်စာအမှတ်(၅)တွင် အိုစိမ်းသင်ဟူ၍လည်း ကောင်း၊ သမန်းဘုရားရှိ မင်စာအမှတ်(၇)တွင် အိုညိုသင်ဟူ၍လည်းကောင်း၊ သင်္ကန်းရုံ ဘုရားရှိ မင်စာအမှတ်(၁ဝ)တွင် အိုလှဝန်ဟူ၍ လည်းကောင်း၊ တရုတ်ပြေးဘုရားရှိ မင်စာ အမှတ် (၃ဝ) တွင် အိုမွန်ရင်ဟူ၍လည်းကောင်း အမျိုးသမီးအမည်များကို တွေ့ရသည်။ ထားဝယ်ရိုးရာအမည်များတွင် 'အို' ရှေ့ဆက် ပါသောအမည်များတွင် အမျိုးသမီးများသာမက အမျိုးသားအမည်များကိုပါ မှည့်ခေါ်သည်ကို တွေ့ရသည်။ ထားဝယ်သားတို့၏ အမည်ရှေ့ တွင် 'င' ဟူသော ရှေ့ဆက်ဖြင့် မှည့်ခေါ်ခြင်း မရှိပါ။ အိုကြိုင်၊ အိုမဲ၊ အိုသာ၊ အိုမီးဟူသော အမျိုးသားအမည်များကို ထားဝယ်ရိုးရာ 'နောင်'ရှေ့ဆက်ဖြင့် ထပ်ဆင့်တွဲခေါ်လျှင် နောင်အိုကြိုင်၊ နောင်အိုမဲ၊ နောင်အိုသား၊ နောင်အိုသီး ဟူ၍ဖြစ်လာသည်။ အိုသား၊ အိုသီး၊ အိုကြီး ဟူသော အမျိုးသမီးအမည် များကို ထားဝယ်ရိုးရာ 'မယ်' ရှေ့ဆက်ဖြင့် ထပ်ဆင့်တွဲခေါ်လျှင် မယ်အိုသား၊ မယ်အိုသီး၊ မယ်အိုကြီးဟူ၍ ဖြစ်လာသည်။ 'အို' နောက်ဆက်ဖြင့် ထအို၊ ဖိုးအို၊ ရုတ်အို၊ မဲအို ဟူသော အမျိုးသားအမည်များကို လည်းကောင်း တွေ့ရသည်။ ထားဝယ်ရိုးရာ အမျိုးသမီး နာမည်များသည်လည်း သုံးလုံးတွဲအမည်များ ဖြစ်ကြသည်။ ယခုအခါတွင်တော့ ခေတ်ကို လိုက်၍ ခေတ်ဆန်ဆန်မှည့်ခေါ်နေကြရာ တစ်စတစ်စ ရိုးရာအမည်များ တိမ်ကော ပျောက်ကွယ်သွားကြပြီလည်း ဖြစ်သည်။

 

ထားဝယ်မင်္ဂလာဆောင်ပွဲများမှာ ထူးခြားသည်။ မင်္ဂလာဆောင်ပွဲများကို လေ့လာရခြင်းအားဖြင့် ထားဝယ်ရိုးရာယဉ်ကျေးမှုကို တစ်စေ့တစ်စောင်း အကဲခတ်နိုင်ပေသည်။ ထားဝယ်တွင် ချစ်သူရည်းစားဘဝမည်မျှပင် ချစ်ကြိုက်စေကာမူ ယောကျာ်းပျိုသည် မိန်းမပျိုအား ငွေဖြင့်တောင်ရမ်း၍ လက်ထပ် ကြရသည်။ မိန်းမပျို၏တန်ဖိုးကို အသိအမှတ် ပြုသောအားဖြင့် ငွေတင်၍တောင်းခြင်း ဖြစ်သည်။ ယောကျာ်းဘက်မှ အတည်တကျ ပေါင်းဖော်မည့် သစ္စာကတိကို မဖောက်ဖျက်နိုင်စေရန် အာမခံထားခြင်းလည်း မည်ပေသည်။ ယောကျာ်းဘက်နှင့် မိန်းမဘက် ပဋိညာဉ်ပြုလုပ်ခြင်း သဘောပင်ဖြစ်သည်။ ထိုကဲ့သို့ မိန်မပျိုအား ငွေတင်တောင်းရသည်ကို ဒေသဝေါဟာရအားဖြင့် 'အမေးငွေအပ် မင်္ဂလာ'ဟု ခေါ်ပေသည်။ စေ့စပ်ကြောင်း လမ်းပွဲပင်ဖြစ်သည်။

 

နှစ်ဖက်မိက သဘောတူ၍ စပ်ဟပ်ပေးစားသည်ဖြစ်စေ၊ လူငယ်ချင်းမေတ္တာမျှ၍ ဖြစ်စေ မင်္ဂလာဆောင်တော့မည်ဆိုလျှင် မင်္ဂလာဆောင်ရက်မတိုင်မီ တစ်လ(သို့မဟုတ်)တစ်ပတ်၊ နှစ်ပတ်ခန့်ကြိုတင်၍ အမေးငွေအပ် မင်္ဂလာပွဲကို ကျင်းပလေ့ရှိသည်။ မိန်းမပျိုဘက်မှ ငွေမည်မျှပေးရမည်၊ တင်၍တောင်းရမည်ဟု ကြားလူဖြင့် ကြိုတင်ပြောထားလေ့ရှိသည်။ တစ်ဖက်နှင့်တစ်ဖက် မင်္ဂလာပွဲပြုလုပ်ရန် ပြောဆိုပြီးကြ၍ ငွေမည်မျှပေးအပ်ရမည်ကို သတ်မှတ်ပြီးသောအခါတွင် အမေးငွေအပ် မင်္ဂလာပွဲကျင်းပရန် နေ့ကောင်းရက်သား ရွေးကြရသည်။ ထိုသို့ ရွေးချယ်ပြီးသည့် နေ့မတိုင်မီပင် သတို့သားနှင့်သတို့သမီး လောင်းဘက်သို့ နှစ်ဖက်စလုံးက ရွာအရှင် (ရှင်ကီး)ကို ရပ်ရွာထဲတွင်ရှိသည့် နတ်စင်များ၌ သွားရောက်ပွဲဆက်ကြရသည်။ ထို့နောက် အိမ်များတွင် ထားဝယ်အခေါ် ကြယ်ရှင် လုပ်သည်ဟူသော ရိုးရာနတ်ကို ပသကြပြန်သည်။ ထိုသို့ပြုလုပ်ကြခြင်းမျိုးကို မင်္ဂလာကိစ္စများတွင် အမြဲပြုလုပ်လေ့ရှိပေသည်။

 

ငွေကို မိန်းမပျို၏ အရည်အချင်း၊ မိဘ မျိုးရိုး၏ ဂုဏ်ဒြပ်ကိုလိုက်၍ ပေးဆောင်ရသည်။ နှစ်ဖက်သော မိဘစုံလင်စွာဖြင့် စေ့စပ်ကြောင်းလမ်းသည့်နေ့တွင် သတို့သားလောင်း၏ မိဘများဘက်မှ သတို့သမီးလောင်း၏ မိဘများလက်ဝယ်သို့ ငွေပေးအပ်ရသည်။ ရှေးခေတ်အခါက ရွှေဒင်္ဂါးဖြင့်တင်၍ တောင်းရပြီး နောက်ပိုင်းတွင် ငွေဒင်္ဂါးဖြင့် တင်၍တောင်းရသည်။ ယခုအခါတွင်တော့ လက်ရှိ သုံးငွေကျပ်ဖြင့်သာ တင်တောင်းရပြီး ငွေဒင်္ဂါးကို အနည်းငယ် ထည့်လေ့ရှိသည်။ အမေး ငွေအပ်မင်္ဂလာအတွက် လာသောအခါတွင် လည်းကောင်း၊ မင်္ဂလာဆောင်ရန်လာသော အခါတွင်လည်းကောင်း နဂါးလှည့်အတိုင်း လက်ခံကြသည်။ ဗေဒင်ကို ယုံကြည်ကြသည်။ အမေးငွေအပ်မင်္ဂလာပွဲကို နံနက်ပိုင်း (သို့မဟုတ်) မွန်းလွဲပိုင်းများတွင် ပြုလုပ်လေ့ရှိပေသည်။ များသောအားဖြင့် ထားဝယ် ဒေသတွင် မင်္ဂလာပွဲများကို ကျင်းပလေ့ရှိ သောလများမှာ သီတင်းကျွတ်၊ တန်ဆောင် မုန်း၊ တပို့တွဲ၊ တပေါင်း၊ ကဆုန်နှင့်နယုန်လတို့ ဖြစ်ကြသည်။

 

ကြေးမုံ