ထိုင်းနိုင်ငံမှ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅ ဦးအား တာချီလိတ်၌ လွှဲပြောင်းပေး

တာချီလိတ်  ၁၆  ဇန်နဝါရီ 

ရှမ်ပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌   ထိုင်းနိုင်ငံမှ   တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၁၃ ဦးနှင့်  အမျိုးသမီး ၂ ဦး ၊  စုစုပေါင်း ၁၅ ဦးအား  ဇန်နဝါရီလ ၁၅ ရက်၊ မွန်းလွဲပိုင်းက မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)တွင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။             

ထိုသို့လွှဲပြောင်းပေးရာတွင် မြန်မာနိုင်ငံဘက်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ထိုင်းနိုင်ငံ၊  မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်တီ(CNCMC) မှ ကော်မတီဝင်များက ကြိုဆိုခဲ့ပြီး၊၎င်းတို့၏ မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။    

ယင်းလွှဲပြောင်း ပေးပို့လာသည့်   မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ၎င်းတို့ ဆန္ဒဖြင့် ပြန်လာသူများ မဟုတ်ကြဘဲ ထိုင်းနိုင်ငံတွင် Border Pass သက်တမ်းလွန်ခြင်း၊ အထောက်အထား မရှိဘဲ နေထိုင်ခြင်း စသည်တို့ကြောင့်   ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့   ပြန်လည်စေလွှတ်ခဲ့သူများ ဖြစ်သည်။ 

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်လာသည့် ရွှေ့ပြောင်း အလုပ်သမားများမှာ ယခုနှစ်၊ ဇန်နဝါရီလအတွင်း အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၃၈ ဦး၊ ကလေးနှစ်ဦး စုစုပေါင်း ၁၁၀ ရှိပြီ ဖြစ်ကြောင်း သိရသည်။ 

ဖြိုးလေး(တာချီလိတ်)