ထန်းတပင်မြို့နယ်တွင် လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းပြုလုပ်

ထန်းတပင်  ၂၁  သြဂုတ်


လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို သြဂုတ် ၂ဝ ရက်က ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အထက(ထန်းတပင်) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလမင်းက လူငယ်များနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာ ဗဟုသုတများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်းအရာများ၊ ရာသီတုပ်ကွေးရောဂါ၊ ဆင်တုပ်ကွေးရောဂါ၊ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားပုံ လက္ခဏာများနှင့် ကြိုတင်ကာကွယ် ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ဆွေးနွေးခဲ့သည်။


ထို့နောက် အင်းစိန်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဒုဦးစီးမှူး ဒေါ်နီလာသန်းက စားသုံးသူကာကွယ်ရေး ဥပဒေများ အကြောင်း၊ မြို့နယ် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ရွှေယမင်းဦးက တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများနှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် လက်ထောက် မြို့နယ်ပညာရေးမှူး ဦးသာကျော်က ကျောင်းကျန်းမာရေး အသိပညာဗဟုသုတများနှင့် (၂၁) ရာစု နည်းပညာစိန်ခေါ်မှုများ အကြောင်းတို့ကို အသိပညာပေးဆွေး နွေးခဲ့သည်။


ဆွေးနွေးမှုများအပေါ် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလမင်းက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။


အဆိုပါ ဟောပြောပွဲကို ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူ များအကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်မည့် အခွင့်လမ်းများ ဖော်ဆောင်ပေးနိုင်ရန်၊ မိမိ ရပ်ရွာမှာ ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများ ရှိလာစေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြရမည့် မျိုးဆက်သစ် လူငယ်များ ကျန်းမာရေး အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။


ဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ (၄၅၆)ဦး တက်ရောက်ခဲ့ကြသည်။


ဇင်မင်းထိုက်(ထန်းတပင်)