နွမ်ဂျာသိုင်း
၁-၅-၂၀၂၄ ရက်မှအဆက်
“မခင်လေး”
နှစ်ယောက်စလုံး ချာခနဲ လှည့်ကြည့်၏။
“ဪ . . . ကိုထွန်းဝေပါလား
ဪ . . . ဆိုသော အသံလေးသည် နားထဲသို့ လှလှပပလေး ဝင်သွား၏။
“မခင်လေးတို့ အသုပ်ဆိုင်ထဲက ထသွားတာ တွေ့လို့ လိုက်လာတာ”
“ကိစ္စက”
အဲ . . . စပြီ ပြဿနာက။
ဟုတ်တော့ဟုတ်သည်။ သူ အသုပ်ဆိုင်ကထသွား တာနှင့် ကျွန်တော်ထလိုက်လာတာ ဘာပတ်သက် သနည်း။ ခေါင်းထဲတွင် အလုပ်များသွားသည်။ ကြံစမ်း ထွန်းဝေ၊ ကြံစမ်း။ မင်းဘာဖြစ်လို့ ထလိုက် တာလဲ။ဖျတ်ခနဲ စကားတစ်ခုရသည်။
“ဘာရယ်မဟုတ်ပါဘူး၊ မခင်လေးတို့ကိုတွေ့တော့ မခင်လေးတို့ဆိုပြီး လိုက်လာခဲ့တာ”
ကောင်းလိုက်သည့် စကား၊ ပညာရှိတွေတောင် ကျွန်တော့်လောက် စကားကို ရှင်းအောင်ပြောနိုင် မည် မထင်။ ခင်လေး ပြုံးလိုက်သည်။
“ဒီရောက်တော့ ဟုတ်နေရောလား”
“အေးဗျ . . . ခုတော့ ပိုသေချာသွားတာပေါ့”
သည်တစ်ခါ သုံးယောက်သား ရယ်လိုက်ကြသည်။ မဆိုးဘူး၊ ဒီလောက်ဆို အခြေအနေကောင်းပြီ။
“ဟဲ့ . . . လမ်းမမှာမတ်တတ်ကြီး၊ ဟိုမှာထိုင်ရ အောင်”
ခင်လေး၏အဖော်က အဆောင်နှစ်ခုကြားကွက်လပ်ရှိ အပင်အောက်မှ ခုံတန်းလျားဆီ မေးငေါ့ရင်း ပြောလိုက်သည်။
“ဟုတ်သားပဲ၊ လာလေ ကိုထွန်းဝေ”
ရင်ထဲမှာ ကင်းမြီးကောက် ထထောင်ချင်စိတ်များပေါ်နေသည်။ ခုတော့လည်း ရေကန်အသင့်၊ ကြာအသင့်နဲ့ တယ်ဟုတ်ပါလား ဟူ၍။ ခုံတန်းလျားတွင် သူတို့နှစ်ယောက် ဝင်ထိုင်သည်။ ကျွန်တော်က မတ်တတ်ပဲ ရပ်လိုက်၏။
“လာလေ ဒီမှာဝင်ထိုင်ပါလား”
ခင်လေးက သူ့အဖော်ဘက် ခပ်ကပ်ကပ်ထိုင်၍ ကျွန်တော့်ကို တန်းလျားအစွန်ဘက် လက်ဖြင့်ပြသည်။
“ရပါတယ်၊ ခဏပဲဟာ”
သူ ထပ်မပြောတော့၊ သူ့အဖော်ဘက်သာလှည့်၍ -
“ဪ . . . မိတ်ဆက်ပေးရဦးမယ်၊ ဒါ ခင်လေး အချစ်ဆုံးသူငယ်ချင်း မဖြူလေ၊ ဖြူဖြူနိုင်တဲ့။ မဖြူ၊ ဒါ ဘားမိစ်က ကိုထွန်းဝေ”
“ဟုတ်ကဲ့”
ကျွန်တော် ခေါင်းညိတ်၍ ပြုံးပြလိုက်သည်။ မဖြူကလည်း ပြုံးပြရင်း -
“ကိုထွန်းဝေက အဆောင်ကလား”
ခင်လေးက ဖြတ်မေးလိုက်သဖြင့် ရယ်နေသော ကျွန်တော့်မှာ တိုးလိုးတန်းလန်းနှင့် ရပ်ပစ်လိုက်ရ၏။ ပြီးမှ ဒဂုံ၊ ရွှေဘိုအဆောင်များဘက် လက်ဖြင့်ညွှန်ရင်း-
“ဟုတ်တယ် ခင်လေး၊ ရွှေဘိုဆောင်ကပါ”
“ဒါဖြင့် နယ်ကပေါ့”
ကျွန်တော်က ကျွန်တော်တို့ ရွာနာမည်ကို ပြောပြလိုက်သည်။
“ဪ ”
ခင်လေးက ဪ . . . သာ ဆိုသည်။ မဖြူကမူ-
“ဟာ . . . ဒါဖြင့် ဟန်ကျတာပေါ့။ နောင် ဝန်ထမ်းကျောင်းတွေ ဘာတွေတက်ရရင် လည်စရာအိမ် ရတာပေါ့”
“ရပါတယ်၊ သင်တန်းကျောင်းဆရာတွေက ရွာထဲမှာအသိရှိရင် ပိုခိုင်းတတ်တာတစ်ခုပဲ”
“ကောင်းတယ်၊ သူ့နာနာခိုင်းလို့ ဆရာတွေကို မြှောက်ပေးလိုက်”
မျက်စောင်းဖြင့် ပြောလိုက်သောအမူအရာလေးတွင် ကျွန်တော့်နှလုံးသားများပါသွားသည်။ ရယ်လိုက်သဖြင့် ဘယ်ဘက်ပါးမှ ပါးချိုင့်လေးသည် ခွက်ခွက်လေးထင်နေ၏။ ကျွန်တော့်အကြည့် အတန်ငယ်ရဲသွား၍လားမသိ။ ခင်လေး ကပျာကယာ အကြည့်လွှဲသည်။
“ကိုထွန်းဝေက သီချင်းအဆိုကောင်းတယ်လို့ ပြောတယ်”
မဖြူက ပြောပြန်သည်။
“ဟော . . . ဒါ မခင်လေးဖောက်သည်ချပြီထင်တယ်”
ခင်လေးက မော့ကြည့်၍ -
“မဟုတ်ဘူးလား”
ကျွန်တော်က ခေါင်းခါရင်း -
“ကျွန်တော်က တောသားပါဗျာ။ တောသီချင်း လောက်ပဲဆိုတတ်တာပါ”
“ဟာ . . . ခင်ခင်လေးတို့က ဒီရောက်နေတာကိုး”
ဘေးဘက်မှ ယောက်ျားသံ ကြားလိုက်ရသည်။ ဖျတ်ခနဲ လှည့်ကြည့်လိုက်၏။ ရပ်သွားသော ကား အဖြူလေးတစ်စင်းပေါ်မှ လူတစ်ယောက် ဆင်းလာလေသည်။ ဆင်းလာသည်မှာ ရွယ်တူကျောင်းသား တစ်ယောက်။ မျက်နှာပေါ်တွင် ယင်အုံလုနီးပါး သကာရည်လောင်းထားသည်။
“ဘာလုပ်မလို့လဲ အောင်မြင့်လွင်”
“ကိုယ့်ဘရာသာ မနေ့ကပဲ ပါရီက ပြန်ရောက်လို့ ခင်ခင်လေးအတွက် ချာလီတစ်ပုလင်းနဲ့ ဟဲစပရေး တစ်ဘူး ဆွဲထားလိုက်တယ်။ အဲဒါ လာပေးတာ”
သူ့လက်ထဲတွင် ပလတ်စတစ်အိတ်ကလေးနှင့် ရေမွှေးတစ်ပုလင်း၊ ဆံပင်ဖျန်းရေမွှေးဆီ တစ်ပုလင်း။
ကျွန်တော်က သက်ပြင်းကို မသိမသာချလိုက်ရင်း -
“ကျွန်တော်သွားဦးမယ် မခင်လေး၊ ကိစ္စလေး ရှိသေးလို့”
ခင်လေးက အားတုံ့အားနာဟန် မျက်နှာဟု ထင်ရသော မျက်နှာဖြင့်ကြည့်ပြီး -
“ဟုတ်ကဲ့ ကိုထွန်းဝေ၊ အားရင် လာခဲ့ပေါ့”
ကျွန်တော် ခေါင်းညိတ်ပြသည်။ မဖြူဘက်လှည့်၍လည်း-
“သွားဦးမယ်နော်”
မဖြူ ခေါင်းညိတ်သည်နှင့် ကျွန်တော် အနီးမှထွက်ခွာသည်။ အပြန်တွင်ကျွန်တော်မပျော်။
“ဒါပဲကွ၊ ဒီခေတ်ရဲ့ မေတ္တာတရားဆိုတာက တိုက်တို့၊ ကားတို့၊ ငွေတို့၊ ကျော်ကြားမှုတို့အပေါ်မှာ မူတည်နေတာ။ တစ်ခါတလေ နှလုံးသားရဲ့ ပြဿနာတစ်ခုကို ခေါက်ထီးတစ်လက်၊ ဝမ်းဆက် တစ်စုံနဲ့ ဖြေရှင်းသွားလို့လည်းရတယ်”
ကာလပေါ်ဝတ္ထုအကြောင်းကိုရှင်းရင်း လေချော်ထွက်နေသော ဆရာ့စကားများသည် ကျွန်တော့် ရင်ကို မီးတောက်ဖြင့် မြှိုက်နေ၏။ “အသည်းနှလုံးထဲက ချစ်တာပါတို့၊ မေတ္တာစစ်တို့၊ သစ္စာတရားတို့ဆိုတာတွေ ခေါက်ထားလိုက်။ ရန်ကုန်ယဉ်ကျေးမှုမှာ ကိုရိုလာတစ်စင်းဟာ ဖူးစာ ရေးနတ်ပဲ” ကျွန်တော့်မျက်လုံးထဲတွင် စောစောက အောင်မြင့်လွင်ဆိုသောလူစီးလာသည့် ဗောက်ဝက် ဂင်ကားအဖြူလေးကို ပြေးမြင်လိုက်သည်။
“ဟိုတုန်းက သစ္စာထားကြသလို အာသာဝတီ နွယ်နီနတ်ပန်းတွေလည်း ယူမပေးနဲ့ ဖောရင်း ပစ္စည်းလေးတွေသာ ဆောင်ထား၊ မင်းတို့ကို ကောင်မလေးတွေက ယောက်ျားတံခွန် လူရည်ချွန်လို့ သဘောထားလိမ့်မယ်”
တောင်တွင်းကြီးသား မြန်မာဆရာသည် ဒိဗ္ဗစက္ခု များရနေသလား တွေးထင်လာသည်။ တဟားဟားရယ်၍ သဘောကျနေကြသော ကျောင်းသားများကို လှမ်းကြည့်မိသည်။ ကျွန်တော် ရယ်ရန် မေ့နေ၏။
“ကဲ . . . ဆရာလည်း ပြောရင်းဆိုရင်းနဲ့ စကားတွေ တခြားရောက်ကုန်ပြီ။ ဒါက မိတ်ဆက်စကား လေးပါ။ တတိယနှစ် စာသင်ရမယ့် ကာလပေါ် ဝတ္ထုကျတော့မှ ရှည်ရှည်ဝေးဝေး နားထောင်ကြတာ ပေါ့။ ခု ဒီနေ့ မင်းတို့သင်ရမှာက . . .”
တည်ငြိမ်သော လေသံနှင့်အတူ ဘာသာရပ်ဘက် ဦးတည်သွားသော ဆရာ့စကားကြောင့် စောစောကရယ်မောနေကြသော ကျောင်းသားများ၏အာရုံသည် ဆရာ့စကားများထံ စုစည်းရောက်ရှိကုန်၏။ စောစောက ဆရာ့စကားများသည် သူတို့ရင်ထဲမှ ပျောက်ပျက် လွင့်ထွက်သွားကြပေတော့မည်။
ခုမှ စောစောက စကားများ၏အနက်ကို ပီပီ ပြင်ပြင် တွေးဆလာသူက ကျွန်တော်။ ကျော်ညွန့်ပြောသည့် စိတ်ဆင်းရဲလိမ့်မယ်ဆိုတာ ဒါများလားဟု တွေးမိသည်။ သည်ပန်းအတွက် ကျွန်တော်ချူမှ ရအောင်ချူနိုင်ပါ့မလား။
“လုပ်မနေနဲ့ ဟေ့ကောင်၊ ဒီမှာငါပြောမယ်။ မင်းကောင်မလေးက ဟိုငရှုပ်ကို ဘယ်လိုခေါ်လဲ” “အောင်မြင့်လွင်တဲ့”
“အဲဒီအမှိုက်ကကော ကောင်မလေးကို ဘယ်လို ခေါ်လဲ”
“ခင်ခင်လေးတဲ့”
“အေး . . . ဒါဖြင့် သေချာတယ်၊ သူတို့နှစ်ယောက် ဘာမှမဟုတ်ဘူး။ အမြင့်ဆုံးအဆင့်မှ ကျောင်းနေ ဖက်သူငယ်ချင်းပဲ။ ဘာမှ စိတ်ဓာတ်ကျမနေနဲ့။ သူလည်း လူပဲ၊ ကိုယ်လည်း လူပဲ။ လိုက်သာလိုက်၊ ဘုရင့်သမီးနဲ့ သူတောင်းစားတောင် ညားဖူးသေးတာ။ ခွီးတဲ့မှပဲ၊ မင်းဥစ္စာက စစ်မရောက်ခင် မြားကုန် လိုက်တာ။ ဒါလေးနဲ့များ ဖြစ်နေတဲ့ရုပ်က မျောက်ဘိန်းစား အသုဘမှာ ဖဲရှုံးနေတဲ့အတိုင်း”
သူက ကျွန်တော့်ပခုံးပုတ်ရင်း ဆက်ပြောသည်။
“ဟေ့ကောင် ဘာမှ အပိုတွေ မင်းမစဉ်းစားနဲ့၊ ကိုယ့်ကိစ္စ ကိုယ်စဉ်းစား။ အခု မင်းကောင်မလေးဆီ သွားစကားပြောတယ်။ ကောင်မလေးက ကြည်ကြည်ဖြူဖြူ လက်ခံစကားပြောတယ်။ အားရင် လာပါလို့လည်း ဖိတ်တယ်၊ တော်ပြီပေါ့ကွာ”
သူ့စကားကို ပြုံး၍နားထောင်ရင်း အဆောင်ဝရန်တာမှမြင်နေရသော ယုဒဿန်မျှော်စင်ကြီးကို မော့ကြည့်နေမိ၏။ အကြည့်သည် ထိပ်ဖျားသို့ ရောက်အောင် မနည်းတက်သွားရသည်။
“သူများကိစ္စက သူများကိစ္စပဲ။ သူများက ချာလီ ရေမွှေးတို့၊ ဟဲစပရေးတို့ ပေးတယ်။ နောက်ပိုးတာပဲကွာ၊ သူလည်း ပေးချင်ပေးမှာပေါ့။ အရေးကြီးတာက ဒီလူတွေကြားထဲကနေ မင်း ဘယ်လိုရအောင်ပိုး မလဲ၊ ဒါပဲ စဉ်းစား”
“ဒါတော့ မင်းပဲ အားကိုးရမှာပဲ”
ကျွန်တော် သူ့ကိုပြုံးကြည့်ရင်း ပြောလိုက်သည်။ သူ့မျက်နှာတွင် ကျေနပ်ပြုံးတစ်ခု ထင်းခနဲ ပေါ်လာပြီး -
ဆက်လက်ဖော်ပြပါမည်။