တစ်ခုတည်းသောကမ္ဘာ၊ တစ်ခုတည်းသောကျန်းမာရေး

ဒေါက်တာဇင်ဇေယျာ၀င်း

 

တစ်ခုတည်းသောကမ္ဘာ

 

၁၉၇၂ ခုနှစ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံ က ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အဖြစ်သတ်မှတ်ခဲ့ပြီး ၁၉၇၄ ခုနှစ်ကစတင် လို့ “တစ်ခုတည်းသောကမ္ဘာ” (One earth) ဆိုတဲ့ ဆောင်ပုဒ်ကို စတင်သုံးစွဲခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရင်ဆိုင်နေရတဲ့ ကမ္ဘာကြီးပူနွေးလာမှု၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၊ လေထုနဲ့ ရေထုညစ်ညမ်းမှု၊ ပလတ်စတစ်ညစ်ညမ်းမှု၊ တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်မှု၊ သဘာဝသယံဇာတ အရင်းအမြစ်တွေကို အလွန်အမင်း ထုတ်ယူသုံးစွဲမှု၊ အစားအစာ ဘေးကင်းလုံခြုံမှု စတာတွေအပေါ် ကမ္ဘာတစ်ဝန်း အလေးထားနိုင်ဖို့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကျင်းပခဲ့ကြပါတယ်။

 

ourworldindata.org ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့လူသားတွေဟာ တစ်နှစ်ကို ပျမ်းမျှပလတ်စတစ် တန်ချိန် သန်းပေါင်း ၃၈၀ ကျော်လောက် အမှိုက်အနေနဲ့စွန့်ပစ်ပြီး ပတ်ဝန်းကျင်နဲ့ ပင်လယ်သမုဒ္ဒရာ တွေကို အကြီးအကျယ်ညစ်ညမ်းမှု ဖြစ်စေကြောင်း သိရပါတယ်။ လက်ရှိအနေအထားမှာ ကမ္ဘာ့ရေ ပမာဏရဲ့ သုံးရာခိုင်နှုန်းလောက်ကသာ သန့်စင်တဲ့ ရေဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ သန်းတစ်ထောင်ကျော်လောက်ဟာ ရေကောင်းရေသန့်မရနိုင်တဲ့ အခြေအနေမှာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

 

၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့လေ့လာတွေ့ရှိ ချက်တွေအရ ကမ္ဘာတစ်ဝန်း သေဆုံးမှုတွေရဲ့ ၂၄ ရာခိုင်နှုန်းဟာ မသန့်ရှင်းတဲ့ သဘာဝပတ်ဝန်းကျင်ကြောင့် ဖြစ်ပွားရတယ်လို့ သိရပါတယ်။ စားနပ်ရိက္ခာ လုံလောက်စွာရရှိနိုင်မှု၊ ဘေးကင်းစိတ်ချရမှုနဲ့ အာဟာရပြည့်ဝမှုတို့ဟာ ခွဲခြားမရနိုင်အောင် ဆက်စပ်လျက်ရှိပါတယ်။ နှစ်တိုင်း ကမ္ဘာ့လူဦးရေရဲ့ ၁၀ ပုံ ၁ ပုံ ခန့်မှန်းခြေ လူသန်း ၆၀၀ လောက်ဟာ မသန့်ရှင်းတဲ့ အစားအစာတွေကြောင့် ရောဂါခံစား နေကြရပြီး လူပေါင်း လေးသိန်းကျော်လောက် သေဆုံးနေကြပါတယ်။

 

နာလန်ထကမ္ဘာ

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက် ဟာ လက်ရှိစာရင်းဇယားတွေမှာ ဖော်ပြထားတာထက် သုံးဆလောက်ရှိနိုင်ပြီး ခန့်မှန်းခြေ ၁၅ သန်း လောက်ရှိမယ်လို့ ဆိုပါတယ်။ သေဆုံးသူအများစု ဟာ အရှေ့တောင်အာရှ၊ ဥရောပနဲ့ အမေရိကန်နိုင်ငံ တွေက ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ရက်သတ္တ နှစ်ပတ်အတွင်း ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ လူနာတွေ ၃၀ ရာခိုင်နှုန်းလောက် တိုးလာ ပြီး ဥရောပတိုက်နဲ့ အမေရိကန်ပြည်ထောင်စုမှာ ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲ BA.4 နဲ့ BA.5 တွေ ပျံ့နှံ့မှု ကြောင့် ကူးစက်မှုလှိုင်းအသစ်တွေ ကြုံနေရပါတယ်။

 

ဆိုလိုတာက ကိုဗစ်-၁၉ ကပ်ရောဂါဟာ လုံးဝစိတ်ချရတဲ့အနေအထားမျိုး မရှိသေးပါဘူး။ ဒါ့အပြင် ကိုဗစ်- ၁၉ ဟာ လူသားတွေအတွက် ပထမဆုံးကပ်ရောဂါ မဟုတ်သလို နောက်ဆုံး ကပ်ရောဂါလည်း မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ တခြားသော ပိုးမွှားတွေဟာ ပုံစံအသစ်၊ နည်းလမ်း အသစ်တွေနဲ့ ခေါင်းထောင်လာပါတယ်။ အထူး သဖြင့် မကြာသေးခင်ကာလတွေထဲ တုပ်ကွေး၊ တီဘီနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် ရောဂါတွေ ဖြစ်ပွားမှုမြင့်တက်လာတာ တွေ့ရ ပါတယ်။

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းတွေက တခြားအကျိုးပြု ရောဂါပိုးတွေနဲ့ ထိတွေ့မှုတွေကိုပါ လျှော့ချပေးတာကြောင့် လူတွေအနေနဲ့ သဘာဝအလျောက်ရရမယ့် ခုခံစွမ်းအားတွေ လျော့လာပြီး ရောဂါအသစ်တွေ ပေါ်ပေါက်လာဖို့ အခွင့်အလမ်း ပိုများလာတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

 

ကိုဗစ်အလွန် မျောက်ကျောက်အစ

 

ဒီလိုအချိန်မှာ မျောက်ကျောက်ရောဂါကူးစက် ပျံ့နှံ့မှုတွေ ပေါ်ပေါက်လာတာပါ။ အာဖရိကနိုင်ငံတွေနဲ့ ခရီးသွားရာဇဝင် ဆက်စပ်မှုမရှိဘဲ မျောက်ကျောက်ရောဂါ အခုလို ကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင် ၄ ရက်နေ့အထိ ကမ္ဘာ တစ်ဝန်း နိုင်ငံပေါင်း ၅၉ နိုင်ငံမှာ မျောက်ကျောက် အတည်ပြုလူနာပေါင်း ၆၀၂၇ ဦးရှိပြီး သေဆုံးသူ သုံးဦးရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း ကူးစက်ခံရသူအရေအတွက် ၇၇ ရာခိုင်နှုန်း မြင့်တက်လာတာပါ။ အများစုက ဥရောပနိုင်ငံတွေကဖြစ်ပြီး အာရှတိုက်မှာတော့ စင်ကာပူနိုင်ငံမှာ လေးဦးနဲ့ တောင်ကိုရီးယားမှာ တစ်ဦး ကူးစက်ခံထားရတယ် လို့ သိရပါတယ်။

 

အစက မျောက်ကျောက်ဗိုင်းရပ်စ်ဟာ DNA ဗိုင်းရပ်စ်ဖြစ်တာကြောင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်လို မျိုးရိုးဗီဇပြောင်းလဲမှု မမြန်နိုင်ဘူးလို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ကနဦးမျိုးရိုးဗီဇလေ့လာမှုတွေအရ မျောက်ကျောက်ဗိုင်းရပ်စ်ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ကနေ အခုအချိန်အတွင်း မျိုးရိုးဗီဇပြောင်းလဲမှု (Mutation) ပေါင်း ၅၀ လောက်ပြောင်းလဲခဲ့တယ် လို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာသင့်၊ မသင့် မကြာခင်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးအနေနဲ့ မပြီးဆုံးသေးတဲ့ ကပ်ရောဂါအဟောင်းနဲ့ ခြိမ်းခြောက်နေတဲ့ ကပ်ရောဂါအသစ်အကြား မမျှော်လင့်နိုင်တဲ့ ဗီဇပြောင်းဗိုင်းရပ်စ် မျိုးကွဲအသစ်တွေကြောင့် ရောဂါ ကူးစက်ပျံ့နှံ့နှုန်းတွေ၊ သေဆုံးနှုန်းတွေ မြင့်တက်မလာခင် စောင့်ကြည့်ကာကွယ်ထိန်းချုပ်ဖို့ အရေးကြီးလှပါတယ်။

 

မဆုံးနိုင်သောကပ်ရောဂါတွေ

 

အဆက်မပြတ်ပေါ်ပေါက်နေတဲ့ ကူးစက်ရောဂါ တွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ တိရစ္ဆာန်တွေကနေ ကူးစက်တဲ့ရောဂါတွေဖြစ်ပြီး အဲဒီအထဲက ၇၂ ရာခိုင်နှုန်းလောက်ဟာ တောရိုင်းတိရစ္ဆာန်တွေက စတင်ကူးစက်တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါအဖြစ် ပျံ့နှံ့ လာနိုင်ခြေရှိတဲ့၊ စောင့်ကြည့်ရမယ့်ရောဂါ ၁၀ ခု ကို ရွေးထုတ်ကြေညာခဲ့ပါတယ်။ အဲဒီစာရင်းထဲမှာ လက်ရှိကူးစက်ပြန့်ပွားနေတဲ့ မျောက်ကျောက်ရောဂါ ဟာနောက်ဆုံးကပါ။ သူ့ရှေ့မှာ အီဘိုလာရောဂါ၊ မားဘတ်ရောဂါ၊ Lassa fever ရောဂါ၊ MERS ရောဂါ၊ SARS ရောဂါ၊ Nipah virus ရောဂါ၊ Zika virus ရောဂါ၊ Crimean-Congo haemorrhagic fever ရောဂါ၊ Rift Valley fever ရောဂါတို့ ပါဝင်ပါတယ်။

 

မကြာသေးခင်ကပဲ ဂါနာနိုင်ငံမှာ အီဘိုလာ ရောဂါလိုမျိုး သေဆုံးနှုန်းမြင့်မားတဲ့ မားဘတ် ဗိုင်းရပ်စ်ကူးစက်ခံရပြီး လူနှစ်ဦး သေဆုံးခဲ့ပါတယ်။ ဒီလိုမားဘတ်ဗိုင်းရပ်စ် ကူးစက်မှုဟာ ဂါနာမှာ ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနောက် အာဖရိကဒေသမှာတော့ ဒုတိယမြောက်ကူးစက်မှု ဖြစ်ပါတယ်။ မားဘတ်ဗိုင်းရပ်စ်ဟာ လင်းနို့ တစ်မျိုး ကနေ စတင်ကူးစက်တာဖြစ်ပြီး ရောဂါကူးစက်ခံရ သူနဲ့ တိုက်ရိုက်ထိတွေ့တာ၊ ကိုယ်ခန္ဓာက ထွက်တဲ့ အရည်တွေ၊ မျက်နှာပြင်၊ ပစ္စည်းတွေနဲ့ ထိတွေ့ခြင်း ကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အခုလို မားဘတ် ဗိုင်းရပ်စ်ကူးစက်မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ဂါနာ ကျန်းမာရေးဝန်ကြီးဌာနတို့ အနီးကပ်စောင့်ကြည့်ပြီး အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

 

တစ်ခုတည်းသောကျန်းမာရေး

 

တစ်ခုတည်းသော ကျန်းမာရေးဆိုတာဟာ လူ၊ တိရစ္ဆာန်နဲ့ ပတ်ဝန်းကျင် ဂေဟစနစ်တွေရဲ့ ကျန်းမာရေးအကြား အကောင်းဆုံးမျှခြေဖြစ်အောင် ရေရှည်ထိန်းသိမ်းနိုင်ဖို့ရည်ရွယ်ပြီး စုစည်းပေါင်းစပ်ထားတဲ့ ချဉ်းကပ်မှုနည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးချနိုင်ဖို့ လူ၊ တိရစ္ဆာန်၊ အပင်နဲ့ သဘာဝ ပတ်ဝန်းကျင်တို့ရဲ့ ကျန်းမာရေးတွေ နီးကပ်စွာ ဆက်စပ်နေပြီး အပြန်အလှန် အမှီသဟဲပြုနေတယ်ဆိုတာ နားလည်ဖို့လိုပါတယ်။

 

Wordometer Website မှာ ဖော်ပြထားချက် အရ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှာ ကမ္ဘာ့လူဦးရေဟာ သန်းပေါင်း ၇၉၅၇ ကျော်ရှိတယ်လို့ သိရပါတယ်။ ခန့်မှန်းခြေတစ်နေ့ကို ကလေးပေါင်း သုံးသိန်းနီးပါး မွေးဖွားနေပြီး လူပေါင်း တစ်သိန်းခွဲနီးပါး သေဆုံးနေတာကြောင့် ခန့်မှန်းခြေ တစ်နေ့လူဦးရေတိုးနှုန်းဟာ တစ်သိန်းခွဲနီးပါးရှိပါတယ်။ ကမ္ဘာ့လူဦးရေ တိုးတက်လာတာနဲ့အမျှ နယ်မြေဒေသတွေချဲ့ထွင် နေထိုင်လာရပါတယ်။ ကမ္ဘာကြီးဟာ သစ်တော ပြုန်းတီးမှုတွေ၊ မြို့ပြချဲ့ထွင်မှုတွေကြောင့် တစ်နှစ်ထက်တစ်နှစ် ပူနွေးလာပြီး ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုတွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပတ်ဝန်းကျင်ဂေဟစနစ် ပျက်စီးယိုယွင်းမှုတွေ၊ မြို့ပြချဲ့ထွင်မှုတွေ၊ တောရိုင်း တိရစ္ဆာန်နဲ့ သစ်တောထွက်ပစ္စည်း တရားမဝင် ရောင်းဝယ်မှုတွေကြောင့် လူနဲ့ တိရစ္ဆာန်အကြား ရောဂါကူးစက်ပျံ့နှံ့ဖို့ အခွင့်အလမ်းတွေများပြားလာပါတယ်။ ဒါ့အပြင် မွေးမြူရေးတိရစ္ဆာန်တွေမှာ ပဋိဇီဝဆေးတွေ မလိုအပ်ဘဲသုံးစွဲတာကြောင့် ဆေးယဉ်ပါး ဘက်တီးရီးယားတွေပေါ်ပေါက်လာစေပြီး အဲဒီ တိရစ္ဆာန်တွေကနေ လူတွေဆီ နည်းလမ်းမျိုးစုံနဲ့ ရောက်ရှိလာနိုင်ပါတယ်။

 

တစ်သွေးတည်း၊ တစ်သားတည်း

 

မျောက်ကျောက်ရောဂါအပါအဝင် တိရစ္ဆာန်တွေကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ကာကွယ်တားဆီးရေး လုပ်ငန်းတွေမှာ လူသားတွေရဲ့ ကျန်းမာရေးကဏ္ဍ (Human Health) တစ်ခုတည်း ဆောင်ရွက်လို့မရဘဲ တိရစ္ဆာန်ကျန်းမာရေးကဏ္ဍ (Animal Health)နှင့် ပတ်ဝန်းကျင်ကျန်းမာရေး ကဏ္ဍ(Environment Health)တို့ ပူးပေါင်း ဆောင်ရွက်တဲ့ တစ်ခုတည်းသော ကျန်းမာရေးပုံစံ (One Health Approach)နဲ့ ဆောင်ရွက်မှသာ အနာဂတ်မှာပေါ်ပေါက်လာနိုင်တဲ့၊ တိရစ္ဆာန်ကတစ်ဆင့် ကူးစက်နိုင်တဲ့၊ ကမ္ဘာ့ကပ်ရောဂါကြီးတွေနဲ့ ဒေသအလိုက် ဖြစ်ပေါ်လာနိုင်တဲ့ ကပ်ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

 

မကြာသေးခင်ကပဲ (၈)ကြိမ်မြောက် အာဆီယံ-တရုတ် ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကို ကပ်ရောဂါများ ပြင်ဆင်တုံ့ပြန်ရာတွင် One Health Approach နည်းလမ်းအသုံးပြုရေး (Promoting One Health Approach to Prepare and Respond to Pandemic) ခေါင်းစဉ်နဲ့ ကျင်းပ ခဲ့ပြီး ကျန်းမာရေးဝန်ကြီးလည်း တက်ရောက်ခဲ့ပါ တယ်။ ၁၉၉၄ ခုနှစ်မှာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများထိန်းသိမ်းရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာ ဥပဒေအဖြစ် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် အာဆီယံနိုင်ငံများ စိုက်ပျိုးရေး နဲ့ သစ်တောရေးရာဝန်ကြီးအဆင့် ဆွေးနွေးပွဲမှာ သဘောတူညီချက်အရ တိရစ္ဆာန်များကျန်းမာရေးနဲ့ တိရစ္ဆာန်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ကာကွယ်တားဆီးရေးစီမံချက်ကို ရေးဆွဲလျက်ရှိပါတယ်။

 

တာဝန်ကိုယ်စီရှိကြသည်

 

အာဏာပိုင်အဖွဲ့အစည်းတွေ၊ ကျန်းမာရေး၊ တိမွေးကုနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိတဲ့ကဏ္ဍများစွာက ပညာရှင်တွေအနေနဲ့ တစ်ခုတည်းသောကမ္ဘာ၊ တစ်ခုတည်းသော ကျန်းမာရေးဆိုတဲ့ အခြေခံသဘောတရားကို နားလည်လက်ခံပြီး အတူတကွ ပူးပေါင်းဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။

 

ပြည်သူတစ်ဦးချင်းအနေနဲ့လည်း ရေကို ချွေတာသုံးစွဲပြီး ရေအရင်းအမြစ်တွေကို ထိန်းသိမ်းရပါမယ်။ ကိုယ်ပိုင်ယာဉ် အသုံးပြုမှုလျှော့ချပြီး တတ်နိုင်သမျှ အများသုံးယာဉ်တွေ အသုံးပြုပါ။ ဖြစ်နိုင်ရင် စက်ဘီးစီးပါ။ လမ်းလျှောက်ပါ။ စွန့်ပစ်အမှိုက် နည်းနိုင်သမျှ နည်းအောင် Reduce၊ Reuse၊ Recycle နည်းလမ်းတွေအသုံးပြုပါ။  စွန့်ပစ်အမှိုက်တွေကို မြေသြဇာအဖြစ် အသုံးချပါ။  လျှပ်စစ်မီးနဲ့ တခြားစွမ်းအင်တွေကို ချွေတာပြီး အလေအလွင့်မရှိအောင် စနစ်တကျသုံးစွဲပါ။  တစ်ပိုင်တစ်နိုင် သီးပင်စားပင်တွေ၊ အရိပ်ရပင် တွေ စိုက်ပျိုးပါ။ သဘာဝအသီးအနှံတွေကို စားသုံးပြီး အသားနဲ့ တာရှည်ခံအစားအသောက်တွေ စားသုံးတာလျှော့ပါ။  ပလတ်စတစ်အသုံးပြုမှုလျှော့ပါ။ တိရစ္ဆာန်ကနေ ကူးစက်တဲ့ရောဂါတွေ ကာကွယ် ဖို့ အသားငါးတွေကို ကျက်အောင် ချက်ပြုတ် စားသောက်ပါ။  တောရိုင်းတိရစ္ဆာန်တွေနဲ့ ထိတွေ့တာ ရှောင်ကြဉ်ပြီး အိမ်မွေးတိရစ္ဆာန်တွေရှိရင်လည်း ကာကွယ်ဆေးထိုးနှံပြီး စနစ်တကျ မွေးဖို့လိုပါ တယ်။

 

တောရိုင်းတိရစ္ဆာန်ပဲဖြစ်ဖြစ်၊ အိမ်မွေးတိရစ္ဆာန် ပဲဖြစ်ဖြစ် ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာ ဆေးကြောသန့်စင်ရပါမယ်။ ကျွန်တော်တို့အနေနဲ့ လူ၊ တိရစ္ဆာန်နဲ့ ပတ်ဝန်း ကျင်တို့ရဲ့ တစ်ခုတည်းသော ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပြီး တစ်ခုတည်းသောကမ္ဘာကို တည်ဆောက်နိုင်ဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ ။