တောင်ကြီးခရိုင်ပြတိုက်ငယ်သို့ တိုင်းရင်းသားရိုးရာဝတ်စုံနှင့် စာပေယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများလှူဒါန်

တောင်ကြီး ၄ သြဂုတ်

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၀ဝ ကျော် စုပေါင်းမှီတင်း နေထိုင်သော ပြည်ထောင်စုနိုင်ငံကြီးတစ်နိုင်ငံဖြစ်၍ နိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးစုများကို လေ့လာကြည့်ပါက ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်စာပေရှိသည့် တိုင်းရင်းသား လူမျိုးစုများရှိသလို ဘာသာစကားရှိပြီး စာပေမရှိ သေးသော တိုင်းရင်းသားလူမျိုးစုများကို တွေ့ရမည် ဖြစ်ကြောင်း၊ အချို့တိုင်းရင်းသား လူမျိုးစုများအနေဖြင့် စာပေယဉ်ကျေးမှု အမွေအနှစ်များ အသီးသီး ရှိနေသော်လည်း အချို့မှာ တိမ်မြုပ်ပျောက်ကွယ်လျက်ရှိသလို အချို့လူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ပျောက်ပျက်မသွားစေရေး အားပေးဖော်ထုတ်၍ မြှင့်တင်ပေးရန် လိုအပ်လျက်ရှိနေကြောင်း၊ ဓလေ့ထုံးစံများနှင့် စာပေများကို ယခုထက်ပိုမိုအလေးထားတန်ဖိုးထားပြီး ထိန်းသိမ်းထားတတ်စေရန် ရည်ရွယ်ပြီး တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော ပြတိုက်ငယ်တွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အသုံးအဆောင်များ၊ လက်မှုပစ္စည်းများ၊ စာအုပ်စာပေများကို စုစည်းပြီး စုပေါင်းလှူဒါန်းပွဲ အခမ်းအနားဖြစ်ပါကြောင်း၊ မကြာမီကာလတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ယခုလက်ရှိရုံးကို လူထုအခြေပြုဌာန အဆောက်အအုံသစ်အဖြစ် ဆောက်လုပ်မည်ဖြစ်၍ အဆောက်အအုံတွင် ပြည်သူ့စာကြည့်တိုက်၊ ပြတိုက်နှင့်ဆွေးနွေးခန်း၊ သင်တန်းခန်းမ၊ ကျန်းမာရေး လေ့ကျင့်ရေးခန်းမ စသည်ဖြင့် ပါဝင်မည်ဖြစ်ပြီး မသန်စွမ်းများအတွက်လည်း စီမံဆောင်ရွက်ပေးထားမည်ဖြစ်၍ လူထုအခြေပြုဌာနအနေဖြင့် လူမှုရေးအသင်းအဖွဲ့များကို အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း ဩဂုတ် ၂ရက် နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ကြီးခရိုင် ပြတိုက်ငယ်သို့ တိုင်းရင်းသားရိုးရာဝတ်စုံနှင့် စာပေယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်း များ လှူဒါန်းပွဲတွင် ရှမ်းပြည်နယ် ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ တိုင်းရင်းသားရိုးရာဝတ်စုံ နှင့် စာပေယဉ်ကျေးမှုအသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက လှူဒါန်းသော ဗမာတိုင်းရင်းသား အမျိုးသား၊ အမျိုးသမီးရိုးရာ ဝတ်စုံနှင့်အရုပ်ကို ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ လည်းကောင်း၊ ရှမ်းပြည်နယ် အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးဥက္ကဋ္ဌ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဋ္ဌ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌတို့က လှူဒါန်းသော တိုင်းရင်းသားမျိုးနွယ်စုအလိုက် ရိုးရာဝတ်စုံနှင့် စာပေယဉ်ကျေးမှု အသုံးအဆောင် ပစ္စည်းများအား တာဝန်ရှိသူများက ပေးအပ်ရာ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်၍လည်းကောင်း၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ရှမ်းတိုင်းရင်းသား အမျိုးသား အမျိုးသမီးဝတ်စုံ၊ ဂုံရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဂုံရှမ်းတိုင်းရင်းသား အမျိုး သား အမျိုးသမီးဝတ်စုံ၊ တိုင်းလိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က တိုင်းလိုင် စာပေဗီနိုင်းများ နှင့် စာအုပ်စာစောင်များ၊ အင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က အင်းတိုင်းရင်းသား အမျိုးသား အမျိုးသမီးဝတ်စုံ၊ ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ကယန်းတိုင်းရင်းသား အမျိုးသား အမျိုးသမီးဝတ်စုံ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ပအိုဝ်းတိုင်းရင်းသား အမျိုးသား အမျိုးသမီးဝတ်စုံနှင့် အရုပ်၊ ဓနုစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဓနုတိုင်းရင်းသား အမျိုးသား အမျိုးသမီးဝတ်စုံ၊ ပလောင်စာပေ နှင့် ယဉ်ကျေးမှုအဖွဲ့က ပလောင်(ဆာမ်လုံ) တိုင်းရင်းသား အမျိုးသား အမျိုးသမီးဝတ်စုံ၊ ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ကိုးကန့် တိုင်းရင်းသား အမျိုးသား အမျိုးသမီးဝတ်စုံ၊ ဦးအလေးနှင့်မိသားစု (လီဆူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့)က လီဆူတိုင်းရင်းသား အမျိုးသား အမျိုးသမီးဝတ်စုံ၊ ဦးစိုးဝင်းနှင့် မိသားစု (လီဆူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့)က လီဆူတိုင်းရင်းသား အမျိုးသား အမျိုးသမီး ဝတ်စုံနှင့် အရုပ်တို့ကို အသီးသီးပေးအပ် လှူဒါန်းကြရာ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေ က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

 

ထို့နောက် (အာခါ၊ တောင်ရိုး၊ လားဟူ) စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က တိုင်းရင်းသား အမျိုးသား အမျိုးသမီးဝတ်စုံနှင့် အရုပ်ကိုလည်းကောင်း၊ ယင်းကျားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ယင်းကျားတိုင်းရင်းသား အမျိုးသား၊ အမျိုးသမီးဝတ်စုံ ဗီနိုင်းနှင့် ရိုးရာတူရိယာ လေးမျိုးကိုလည်းကောင်း၊ ယင်းနက်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ယင်းနက်ရိုးရာ အသုံးအဆောင်ပစ္စည်းများ၊ ဦးညီနပ်နှင့်မိသားစု (‘ဝ’စာပေနှင့် ယဉ်ကျေးမှုအဖွဲ့)က ‘ဝ’ တိုင်းရင်းသား အမျိုးသား အမျိုးသမီးဝတ်စုံနှင့် အရုပ်တို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်၍လည်းကောင်း၊ အလှူရှင်များမှ လှူဒါန်းသော အမျိုးသား အမျိုးသမီး အရုပ် အသုံးအဆောင်ပစ္စည်းများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း) ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်၊ မြို့နယ်ရုံးများ ကိုယ်စားခရိုင်ဦးစီးမှူးတို့က တိုင်းရင်းသား ရိုးရာဝတ်စုံနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းကြရာ တောင်ကြီးခရိုင် ဦးစီးမှူး ဒေါ်မြင့်သန်းဦးက လက်ခံရယူပြီး အလှူရှင်အသီးသီးသို့ ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့သည်။ 

 

ယင်းနောက် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေ က ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် အလှူရှင်များက ပြတိုက်ငယ်သို့ လှူဒါန်းထားသော စုစုပေါင်း ငွေကျပ် ၅၅သိန်းတန်ဖိုးရှိ တိုင်းရင်းသား ရိုးရာဝတ်စုံနှင့် စာပေယဉ်ကျေးမှုအသုံး အဆောင်ပစ္စည်များအား ကြည့်ရှုလေ့လာ ကြသည်။ အဆိုပါ တိုင်းရင်းသားဝတ်စုံနှင့် စာပေယဉ်ကျေးမှုအသုံးအဆောင် ပစ္စည်းများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တောင်ကြီးခရိုင် ပြတိုက်ငယ်တွင် ဝေဝေဆာဆာခင်းကျင်းကာ တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးချိန်အတွင်း ဖွင့်လှစ် ပြသထားမည်ဖြစ်ရာ အများပြည်သူ မည်သူ မဆို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည်ဖြစ် ကြောင်းနှင့် တိုင်းရင်းသားမျိုးနွယ်စုများသည် မိမိတို့၏ ရိုးရာဝတ်စုံများ စာပေဆိုင်ရာ စာအုပ်၊ စာစောင်များ၊ လုပ်ငန်းခွင်သုံး ပစ္စည်း များ၊ မီးဖိုချောင်သုံးပစ္စည်းများ စသည့် ရိုးရာ ပစ္စည်းအသုံးအဆောင်ပစ္စည်းများ၊ စက်မှု၊ လက်မှုလုပ်ငန်း၊ ဒေသထွက်ပစ္စည်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်ရုံး (ဖုန်း-ဝ၈၁-၂၁၂၁၁၃၆၊ ၂၁၂၁၁၃၄)နှင့် မြို့နယ်အသီးသီးရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးများသို့ ပေးပို့လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ပြည်နယ် (ပြန်/ဆက်)

 

 

SHARE THIS ON SOCIAL MEDIA