တောင်ကြီး စက်တင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာ ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre – Taunggyi)ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

ဦးစွာ တောင်ကြီးခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် မူဝါဒချမှတ်ရေးအတွက် အရေးကြီးသည့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ရှမ်းပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနိုင်သည့် နေရာဒေသများတွင် မထပ်မကျန် ကောက်ယူသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံတော်၏ အနာဂတ်စီမံချက်များအတွက် အထောက်အကူဖြစ်စေရုံသာမက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရေးအတွက်လည်း အဓိကကျကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်အဆင့်နည်းပြသင်တန်းသို့ တက်ရောက်ကြမည့် စာရင်းစစ်သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ ခရိုင်အဆင့် နည်းပြသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၆၃)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ၏ စက်တင်ဘာ ၂ ရက်မှ ၁၃ ရက်ထိ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)