တောင်ကုတ်မြို့၌ ကမ္ဘာကျော် ဟာသမျက်လှည့် ပညာရှင် မစ္စတာတော့(ပ်)နှင့် သား ဟယ်ရီတို့၏ ကမ္ဘာ့အဆင့်မီ မျက်လှည့်ဖျော်ဖြေပွဲ ကျင်းပမည်

စစ်တွေ ၆ ဒီဇင်ဘာ

 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အထောက်အပံ့ဖြင့် (၄၄) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကုတ်မြို့ ဝေယျာဝစ္စနာရေး အဖွဲ့ဦးဆောင်၍ တောင်ကုတ်သား ကမ္ဘာကျော် ဟာသမျက်လှည့် ပညာရှင် မစ္စတာတော့(ပ်)နှင့်သား ဟယ်ရီတို့၏ ကမ္ဘာ့အဆင့်မီ မျက်လှည့်ဖျော်ဖြေ သွားမည်ဖြစ်သည်။

 

အဆိုပါ ကြီးကျယ်ခမ်းနားသော ကမ္ဘာ့အဆင့်မီ မျက်လှည့်ပြပွဲကြီးကို ဒီဇင်ဘာ ၁၅ ရက် ညနေ ၈ နာရီမှ ၁ဝ နာရီအထိ တောင်ကုတ်မြို့ ကိုင်းရှည် အားကစားကွင်းတွင် အခမဲ့ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ရခိုင်ရိုးရာ ကျင်ကိုင်ပွဲကိုလည်း ဒီဇင်ဘာ ၁၄ ရက်မှ ၁၅ ရက်ထိ တောင်ကုတ်မြို့ ကိုင်းရှည် အားကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး  အကြီးတန်းရွှေမောင်း  ပထမဆု ရွှေတစ်ကျပ်သား အကြီးတန်းရွှေမောင်း ဒုတိယဆု ရွှေသုံးမတ်သား  အငယ်တန်းရွှေမောင်း ပထမဆု ရွှေ ငါးမူးသား အငယ်တန်းရွှေမောင်း ဒုတိယဆု ရွှေ တစ်မတ်သား အသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“ယခုလို ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် တောင်ကုတ်သား ကမ္ဘာကျော်ဟာသ မျက်လှည့်ပညာရှင် မစ္စတာတော့(ပ်) နှင့် သားဟယ်ရီတို့၏ ကမ္ဘာ့အဆင့်မီ မျက်လှည့်ဖျော်ဖြေပွဲကြီး ကျင်းပပြုလုပ်ပေးခြင်းကို အလွန်ဂုဏ်ယူ ပျော်ရွှင်မိပါကြောင်း” ဒေသခံတစ်ဦးက ပြောကြားသည်။ 

 

ဝင်းမင်းစိုး(ပြန်/ဆက်)