တောင်ငူမြို့ ၅၂ မြို့ (အပိုင်း-၃)

 

သောင်းကေတု

ဝါးနွယ်ကုန်း(လယ်ဝေး)
လယ်ဝေးမြို့သည် ပျဉ်းမနားမြို့၏ တောင်ဘက် ၁၀ မိုင်အကွာတွင် တည်ရှိသည်။
ငနွယ်ကုန်းဟုလည်းခေါ်သည်။ တောင်ငူမင်းကြီးညို ရေလွှဲငါးခရိုင်ကို တိုက်ခိုက်သိမ်းယူသည့် အချိန်မှစ၍ တောင်ငူပိုင်နက်နယ်မြေဖြစ်လာသည်။ ကုန်းဘောင် ခေတ်တွင် တောင်ငူမြို့၅၂ မြို့တွင် ပါဝင်သည်။ လယ်ဝေး အနောက်ဘက်ရှိ ဆင်အုံကန်တော်ကြီး ကျိုးပေါက်သဖြင့် ဆည်ဖို့ရင်းငနွယ်ကုန်းသူကြီးသမီးကို တွေ့မြင်နှစ်သက် သဖြင့် မင်းကြီးညိုက ကောက်ယူမိဖုရားမြှောက်ခဲ့သည်။ ထိုမိဖုရားမှ သားတော် ‘‘ တပင်ရွှေထီး’’ ကို ၈၇၈ ခုနှစ် တွင်ဖွားမြင်သည်။ မင်းတရားရွှေထီးနားတော်သွင်း ဧချင်းတွင် မင်းကြီးညို၏ သူရသတ္တိကို ဖွဲ့ဆိုရာတွင် ‘ အပွဲပွဲလျှင်၊ ရေလွှဲတိုင်းခွင်၊ နွယ်ကုံးတွင်တုံ၊ မြင်းဆင် အများ၊ မြို့တွင်းသားတို့၊ ထောင်ထားအပုံ၊ ကြိုဆီးတုံက၊ ကိုယ်ယုံမနွံ၊ စီးချင်နွှံက၊ ချွံချွံတယောက်၊ ထိုးသတ် မြောက်သော်၊ ပြိုင်ထောက် မဝံ့’ ဟုရေးသားဖွဲ့ဆိုပါသည်။
‘‘ ဘိုးတော်ဘုရားလက်ထက် ’’ တောင်ငူမြို့စစ်တမ်း တွင် ၁၁၄၆ ခုနှစ် ကဆုန်လဆန်း (၃)ရက်နေ့ ဝါးနွယ်ကုံး မင်းမကြီးလေးအဝှန်း ငမြတ်သူက ထွက်ဆိုရာတွင် ဝါးနွယ်ဂုံမင်းမကြီးလေးစုကို ကျွန်တော်ဘိုးငကျော်မျိုး ဝှန်းကြီးသည်။ မရှိလျှင်သား ငခိုင်မျိုး၊ မရှိလျှင်သား ကျွန်တော်ကြီးစိုးသည်။ နယ်မြေ အကျယ်အဝန်းမှာ အရှေ့ကို(၃)တိုင်ကွာ တောင်ချည်လှေပဲ့ပြားထိ တဖက် ဝက္ကမူမြေနှင့် ကြောခိုင်း၊အရှေ့တောင်ကို (၃)တိုင်(၅၀၀)တွင်းကွာ နတ်ရေတွင်းထိ တဖက်တောင်ဝင်းမြေနှင့် ကြောခိုင်း၊ တောင်ကို- (၁)တိုင် (၅၀၀)တွင်းကွာ ကြာဘက်တောင်ထိ တဖက်သာဂရမြေနှင့်ကြောခိုင်း၊ အနောက်ကို(၂)တိုင် (၅၀၀) တွင်းကွာ ဘီလူးကျွန်း တိုင်ထိ တဖက်ဖြူးမြို့မြေနှင့် ကြောခိုင်း (ဖြူးမြို့ကို မင်းပြင်ဟု ပြောင်းလဲခေါ်ဝေါ်သည်။)၊ အနောက်ကို (၅)တိုင်ကွာ ကုန်းခေါင်ရိုးမထိ၊ တဖက်တောင်တွင်းမြေနှင့် ကြောခိုင်း၊ မြောက်ကို (၃)တိုင် (၅၀၀)တွင်းကွာ ညောင် ခြေထောက် ကျောက်တန်းရေလွှဲထိ တစ်ဖက်ကြက်သားမြို့မြေနှင့်ကြောခိုင်း၊ အရှေ့မြောက်ကို (၂) တိုင် (၅၀၀)တွင်းကွာ စရစ်တောင်မြောင်းအထိ၊ တစ်ဖက် ရန်အောင်မြို့မြေနှင့်ကြောခိုင်း ဤနယ် ၈ ရပ်အတွင်း လေးတပ်သားတို့ကို အခွန်မခံရ၊ အသည်အလာ ဝင်နေ ကပ္ပါးတို့ကို ကျွဲတစ်ရှဉ်းလျှင် အခွန်စပါး(၁၀)တင်း၊ မင်းမှု မင်းခင်းပေါ်ထွက်သည်များမှာ၊ နယ်တွင်းနေ လေးတပ် သားတို့နှင့် ခန့်ထားစီရင်၍ တောင်ငူမြို့ ရုံးတော်က ခန့်ထားရာ နာခံထမ်းရွက်ရသည်။
အလောင်းစည်သူမင်းကြီး တည်ထားခဲ့သော ဖောင်တော်ချက်မဘုရားကြီးမှာ ထင်ရှားသောစေတီ တစ်ဆူဖြစ်သည်။ ဧလာ၊ ဇေယျသိန်၊ ဝက္ကမူ၊ ကူသပိတ်၊ ရန်အောင်မြင်မြို့ဟောင်းတို့မှာ လယ်ဝေးမြို့နယ် အတွင်းတွင် တည်ရှိသည်။ ပုလွေးချောင်း(ရုံးပင်ချောင်း)အတွင်းမှ ရှေးခေတ်သစ်လုံးထွင်းလှေကြီးများ မကြာ ခဏတွေ့ရသည်။ အလျားပေ ၆၀ ခန့်ရှည်သော သင်္ကန်း သားဖြင့်ပြုလုပ်ထားသည့် လှေကြီးများ ချောင်းကမ်း ပြိုရာမှ ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။
ကြက်သားမြို့
မြို့အမည်ကို ကြားကတည်းကပင် စိတ်ဝင်တစား သိချင်မိသည်။ အမျိုးသမီးပြည်စိုးမ(သူကြီးမ) များ အုပ်ချုပ်မှုကလည်း ထူးခြားသည်။ တောင်ငူစစ်တမ်းတွင် ကြက်သား(လယ်မ)ကို အုပ်ချုပ်သော ပြည်စိုးမမိချင်း၏ လင်ငကြံဘော်က အောက်ပါအတိုင်းထွက်ဆိုပါသည်-
မိချင်း၏ဘေးမ မိသီးဦးကြီးစိုးစီရင်သည်။ သူမရှိလျှင် သမီးမိနဲကြီး၊ မရှိလျှင် သမီး မိထွေးတုတ်၊ သူအိုမင်းမစွမ်း လျှင် သမီးမိချင်းအုပ်ချုပ်သည်။ ကြက်သားမြို့၏ နယ်နိမိတ် မှာ အရှေ့ကို(၃)တိုင်ကွာ စက်စက်ယိုချောင်းအထိ တဘက် ပြကောင်းမြေနှင့်ကြောခိုင်း၊ အရှေ့တောင်ကို (၆)တိုင်ကွာ မည် ၀ကျွဲတဲဆိပ်ထိ တဘက်ရန်အောင်မြင်မြေနှင့် ကြောခိုင်း၊ အနောက်တောင်ကို(၇)တိုင်ကွာ အိုင်ဝန်း (ပလွေး)ချောင်း အနောက်ဘက် ကုန်းခေါင်ရိုးမအထိ တဘက်တောင်တွင်းကြီး မြေနှင့် ကြောခိုင်း၊ အနောက်ကို (၇)တိုင်ကွာ သက်ကယ်မ မြောက် ကျောက်စည်ကျောက်ခွက် အထိ တဘက်တောင်ညိုမြေနှင့်ကြောခိုင်း၊ မြောက်ကို(၁)တိုင်ကွာ ချောင်း ၀အထိ၊ တဘက်တောင်ညိုမြေနှင့်ကြောခိုင်း၊ အရှေ့ မြောက်ကို(၄)တိုင်ကွာ ကျောက်စရစ်ကုန်းချောင်း နှစ်မြွှာ၊ မတ်ဆိုလေးခံကျင်းအထိ တောင်ညိုမြေနှင့် ကြော ခိုင်း၊ နယ် (၈)ရပ်အတွင်းလုပ်ဆောင်သူတို့မှာ လေးသား တို့ကို အခွန်မခံရ၊ အသည်၊ အလာ၊ ဝင်နေကပ္ပါးတို့ကို ကျွဲတရှဉ်းလျှင် အခွန်စပါး(၁၀)တင်း၊ တရားကွမ်းဘိုး အကောက်အစားတို့ကို တောင်ငူမြို့ရုံးတော်ဝန်ဆက်သွင်း ရသည်။
မင်းမှုမင်းခင်းစစ်လက်နက်ကို ပေါ်ထွက်သည်များကို နယ်တွင်းနေ လေးသားတို့နှင့်အသည်အလာ ဝင်နေကပ္ပါး သားတို့ကိုစီရင်၍ တောင်ငူမြို့ခန့်ထားရာ နာခံထမ်းရွက် ရကြောင်း ထွက်ဆိုပါသည်။ ကြက်သားမြို့နှင့် ပတ်သက်၍ ဆရာပွား တည်းဖြတ်သော တောင်ငူရာဇဝင်တွင် မင်းကြီး ညို ရေလွှဲ(၅)ခရိုင်ကို သိမ်းယူစဉ်က ‘‘ ကြက်သားစား’’ တို့ တသားတမြေး ကျွန်တော်ခံလာကြသည်ဟု ရေးသားဖော်ပြ ထားသည်။ အောက်ခြေ မှတ်စုတွင်လည်း ‘‘ ကြက်သား စား’’ ဆိုသည်မှာ ပျဉ်းမနားမြို့အရှေ့ပေါင်းလောင်းမြစ် အရှေ့တောင်ရိုးအတွင်းရှိသော ထိန်ပြောင်ငွေတောင်တို့ ဖြစ်သည်။ ယမန်နှစ်က တောင်ငူမြို့စစ်တမ်း (၁၁၄၆) ကို ဖတ်ရသောအခါမှ ထိုအဆိုမှားနေကြောင်း သိရသည်။ တောင်ငူစစ်တမ်းအရ ကြက်သားလယ်မမြို့သည် ပျဉ်းမနား ၏ အနောက်ဘက်ရန်အောင်မြင် လယ်ဝေးတို့မြောက် ဘက်၊ တောင်ညို၏အရှေ့ဘက်၊ ရွှေမြို့၏ တောင်ဘက်တွင် ရှိကြောင်းဖော်ပြထားသည်။ ၂၀၁၉ ခုနှစ်က နေပြည်တော် တစ်ဝိုက်တွင် စုံစမ်းမေးမြန်းကြည့်ရာ ဒေသခံများက ကြက်သမြို့ (သို့မဟုတ်) ကြက်စမြို့ဟု ခေါ်ကြောင်း သိရ ၏။ ဒေသသမိုင်းတွင် ကြက်ပြေး (ယခုကြပ်ပြေးဟု ခေါ်နေကြ၏) တောင်တီးကြက်ပြန်ပြေး (ပြန်ကပြေး)ဟု ဘုရားအလောင်းကြက်မင်းနှင့် ဆက်စပ်နေသောအစဉ် အလာသမိုင်းကိုပြောကြ၏။ မိတ်ဆွေတစ်ဦးက ကြက်စ မြို့ ကျောင်းကို လိုက်ပို့၏။ နေပြည်တော် ရွှေကြာပင် ရပ်ကွက်တွင် ရှိသည်။ ဆရာတော်ကြီးမှာ အသက် ၉၀ ခန့်ရှိ၏။ မူလနေရာတွင် ဘုရားတစ်ဆူကျန်ခဲ့ကြောင်း ပြောသည်နှင့် ထိုနေရာသို့ သွားပါသည်။ ထိုစဉ်က ခြံစည်း ရိုးကာရံပြီး သော့ခတ်၍ အပြင်မှသာ ဖူးခဲ့ရသည်။
ဉာဏ်တော် ၁၈ တောင်ခန့် အသစ်ပြင်ဆင်ထားသော စေတီတစ်ဆူဖြစ်သည်။ ပြည်ကြီးဇေယျာ လမ်းအတိုင်း ဝင်သွားပါက FDA ရုံးအဝင်လမ်း၏ မြောက်ဘက်က တောအုပ်အတွင်းတွင် တည်ရှိပါသည်။ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်များတွင် ဤဒေသမှ လေးတပ်သားများအဖြစ် အမှုထမ်းသူများ၊ ကင်းစခန်း များတွင် ကင်းတပ်သားများအဖြစ် အမှုထမ်းများကို အခွန်ကင်းလွတ်ခွင့်ပေးပြီး စစ်ရေးပေါ်ပေါက်ပါက တောင်ငူမြို့ဝန်၏ စီမံခန့်ခွဲသည့်အတိုင်း တာဝန်ထမ်း ရကြောင်း သိရပါသည်။
နင်းကြမ်းမြို့(ပျဉ်းမနား)
ရေလွှဲငါးခရိုင်တွင်ပါဝင်သည့် ငါးလိုက်ချောင်း နင်းကြမ်း(တံတား)ကို အစွဲပြု၍ နင်းကြမ်းဟုခေါ်သည်။ သက္ကရာဇ် ၆၆၆ ခုနှစ်တွင် ရှမ်းကန်တောင်ဘက်ကုန်း ပေါ်တွင် စေတီကိုးဆူကို တည်ထားပြီး နင်းကြမ်းမြို့ကို တည်သည်။ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်အထိ နင်းကြမ်းဟုပင် ခေါ်သည်။ သာယာ၀တီမင်းလက်ထက်တွင် နင်းကြမ်းကိုမြို့အဖြစ် သတ်မှတ်သည်။ ၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ်- မြန်မာ စစ်ပွဲတွင်ရေနီအထိ အင်္ဂလိပ်သိမ်းယူသဖြင့် တောင်ငူ ၅၂ မြို့အနက် ၁၂ မြို့သာ မြန်မာဘုရင်ပိုင် ပိုင်နက် တွင်ကျန်ခဲ့သည်။
ထိုနယ်များမှာ (၁)တောင်ညို၊ (၂) ဝါးနွယ်ကုန်း (လယ်ဝေး)၊ (၃)မင်းပြင်၊ (၄)ရန်အောင်မြင်၊ (၅) ဝက္ကမူ၊ (၆)သစ်တပ်တောင်ဝင်း၊ (၇)ဇေယျသိမ် (ဧလာ)၊ (၈)ရွှေမြို့၊ (၉)နင်းကြမ်း (ပျဉ်းမနား)၊ (၁၀)ပျဉ်းမနား (လမ်းပျဉ်းမနား)၊ (၁၁) ပြကောင်း (ကျည်တောင်ကန် အနီး)၊ (၁၂)ကျည်တောင် (ခေါမ)တို့ဖြစ်သည်။ ထိုနယ် ကျန် ၁၂ မြို့ကို တောင်ငူ ရမည်းသင်း(၂)မြို့ဝန်ကအုပ်ချုပ် သည်။ ၁၂၃၄ ခုနှစ်တွင် ဆင်ဝန်ဦးဖိုးမောင်က မင်းတုန်း မင်း၏ အမိန့်ဖြင့် လောကမာရဇိန်စေတီတော်ကိုတည် သည်။ သီပေါမင်းလက်ထက် ၁၂၄၅ ခုနှစ်တွင် လက်ဝဲဝင်း တော်မှူး မြင်းစုကြီးဝန်မင်းနှင့် မြို့လူထုကလောက ရန်နှိမ်စေတီကိုတည်သည်။ ၁၈၈၅ ခုနှစ်တွင် ရေနီအရှေ့ ဘက်ရှိ သစ်ကြိပ်ကြီး သစ်တောတွင် သစ်ထုတ်နေသော ဘုံဘေဘားမားသစ်ကုမ္ပဏီက ကျွန်းသစ်လုံးရေ ၅၆၀၀၀ ကျော်ကို ခိုးထုတ်သည်။ ထိုအမှုကို အကြောင်းပြု၍ တတိယအင်္ဂလိပ် - မြန်မာစစ်ပွဲဖြစ်ပွားကာ တစ်ပြည်လုံး ကိုသိမ်းယူခဲ့သည်။ ၁၈၈၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် တောင်ငူမှ ချီတက်လာကာဒီဇင်ဘာလ ၃ ရက်နေ့ တွင် နင်းကြမ်းမြို့ကို သိမ်းယူသည်။
၁၈၈၅ ခုနှစ်တွင် တောင်ငူမှ မန္တလေးသို့ မီးရထား လမ်းဖောက်လုပ်သည်။ ၁၈၈၈ ခုနှစ် မေလ ၁ ရက်နေ့တွင် တောင်ငူ၊ ပျဉ်းမနားရထားလမ်းပိုင်းဖွင့်လှစ်သည်။ ၁၈၈၉ ခုနှစ်တွင် ရန်ကုန်၊ မန္တလေးလမ်းဖွင့်သည်။ ကြေးနန်း ရိုက်ရာတွင် မြင်းခြံနှင့်နင်းကြမ်း မကြာခဏမှားယွင်း သဖြင့် နင်းကြမ်းကို ပျဉ်းမနားဟု အမည်ပြောင်းခဲ့သည်။ မူလ ပျဉ်းမနားကို လမ်းပျဉ်းမနားဟုခေါ်ကြသည်။ ၁၈၈၅ ခုနှစ်တွင် ပျဉ်းမနားကို ခရိုင်အဆင့်ဆင့် သတ်မှတ် သော်လည်း ၁၈၉၄ ခုနှစ်တွင် ရမည်းသင်းခရိုင်အတွင်း ထည့်သွင်းခဲ့သည်။ တောင်ငူစစ်တမ်း ၁၁၄၆ တွင် နင်းကြမ်း၏ ပိုင်နက်အကျယ်အဝန်း သူကြီးအစဉ် အဆက်ဖော်ပြထားခြင်း မရှိပါ။
မင်းပြင်မြို့
ပဲခူးရိုးမအတွင်း ပျဉ်းမနားတောင်တွင်းကြီး ရထား လမ်းပေါ်တွင်ရှိသော မင်းပြင်သည်တောင်ငူ ၅၂ မြို့တွင် ပါဝင်သည်။
မူလအမည်ဖြူးမြို့ကို မင်းပြင်သမုတ်၍ ရှေးမင်းတို့ မင်းပြင်လေးဘွဲ့ဘက်သည်။ (လေးတပ်ဖွဲ့သည်)တောင်ငူ စစ်တမ်းတွင် မင်းပြင်သူကြီး ငမှတ်ကြီးက အောက်ပါ အတိုင်း ထွက်ဆိုသည်- မင်းပြင်သူကြီးရိုးမပေါ်မရှိ၍ ခမည်းတော်ဘုရား (အလောင်းဘုရား) လက်ထက် ကျွန်တော့်ဘငရွှေဘိုး ရပ်ကွက်တည်ထောင် သိမ်းသွင်း ပြုစု၍ ကြီးစိုးစီရင်သည်။ ငရွှေအိုး အိုမင်းမစွမ်းအမှုတော် ကို မဆောင်ရွက်နိုင်၍ ရွှေလက်ထက်တော်တွင် အရာကို လွှဲအပ်လျှင်သား ကျွန်တော်ငမှတ်၊ ကြီးစိုးစီရင်သည် မင်းပြင်နယ်သည်အရှေ့ကို (၄)တိုင်ကွာ သပြေပင်လှအထိ တဘက်ဝါးနွယ် ကုန်းမြေနှင့် ကြောခိုင်း၊ အရှေ့တောင် ကိုတာ (၁၀၀၀) ကွာ မောင်းသုံးဆယ်ချောင်း တောင်ဘက် စရည်းပင်ကြီးအထိ တဘက်တောင်ဝင်းမြေနှင့် ကြောခိုင်း၊ တောင်ကို (၆)တိုင်ကွာ တောင်ခမောက်ရိုမအထိ တဘက် မြေထဲမြေနှင့် ကြောခိုင်း၊ အနောက်ကို (၅)တိုင်ကွာ မယ်စောသုံးပိုင်း ကျားသုံးပိုင်းအထိ တဘက် တောင်တွင်းကြီးမြေ တပ်တော်သာမြေနှင့် ကြောခိုင်း၊ မြောက်ကိုတာ တစ်သောင်းကွာ၊ ပလွေးချောင်းထိ တဘက်တောင်းတွင်းကြီးမြေ၊ တောင်ညိုမြေနှင့် ကြောခိုင်း၊ နယ် (၈) ရပ်အတွင်း ပင်ကမြှောင်ချောင်းဖျား၊ ချောင်းခွဆိုင်ကျေးရွာ သူကြီးအခြားနှင့် စီရင်ပါသည်။
ဤနယ်အတွင်း လေးတပ်သားတို့ကို အခွန်မခံရ ကျန်အသည်အလာ ဝင်နေကပ္ပါးသားတို့မှာ ကျွဲတရှဉ်း လျှင် အခွန်စပါး ၁၀ တင်း၊ အပေါ်ဝန်အကောက်အစား တရားကွမ်းဘိုး ကောက်စားစီရင်ရသည်များကို တောင်ငူ မြို့ ရုံးတော်သို့ ဆက်သွင်းရပါသည်။ စစ်လက်နက်ကိုင် မင်းမှုခင်းပေါ်ထွက်သည်များကို နယ်တွင်းနေ လေးတပ် သားတို့ နှင့် အသည်အလာဝင်နေကပ္ပါးသားတို့ကို စီရင်၍ တောင်ငူမြို့ကခန့်ထားရာ ထမ်းရွက်ရပါသည်။
ကျမ်းကိုး
တောင်ငူသမိုင်း (ဆရာဦးပွားတည်းဖြတ် ၁၉၂၄)
တောင်ငူမြို့စစ်တမ်း (၁၁၄၆ ခုနှစ်)
ပျဉ်းမနားမြို့ သမိုင်း (ဦးကျော်ငြိမ်း)

မြန်မာ့အလင်း