ဇူလိုင် ၂၇

တောင်ဩစတြေးလျအာဏာပိုင်များသည် ယနေ့တွင် သေစေနိုင်သော H5N1 ငှက်တုပ်ကွေးမျိုးကွဲ ကူးစက်မှုသံသယရှိငှက်ခုနစ်ကောင်ထပ်မံတွေ့ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

H5N1 ငှက်တုပ်ကွေး သံသယရှိ ခုနစ်ကောင်စလုံးကို ပြည်နယ်၏ အရှေ့တောင်ပိုင်း Limestone Coast ဒေသရှိ greater crested tern (ပင်လယ်ငှက်မျိုးစိတ်) များတွင် တွေ့ရှိခဲ့ကြောင်း တောင်ဩစတြေးလျ၏ အခြေခံစက်မှုလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးဝန်ကြီး Clare Scriven က သတင်းထောက်များကို ပြောကြားခဲ့သည်။

သံသယဖြစ်ရပ်အသစ် ခုနစ်ကောင်အနက် ငါးကောင်သည် မြို့တစ်မြို့တည်းတွင် နှစ်ရက်အတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါငှက်ခုနစ်ကောင်ထံမှ ယူထားသောနမူနာများကို ဒေသဆိုင်ရာအာဏာပိုင်များက ကနဦးစစ်ဆေးခဲ့ပြီးဖြစ်ကာ ဒေသအတွင်း ရောဂါကူးစက်ပျံ့နှံ့မှု ရှိ၊ မရှိ ကို အတည်ပြုနိုင်ရန် Australian Centre for Disease Preparedness (ACDP) သို့ ထပ်မံပေးပို့၍ အတည်ပြုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသံသယဖြစ်ရပ်များကို အတည်ပြုနိုင်ခဲ့ပါက ဇွန်လအလယ်ပိုင်းတွင် ဩစတြေးလျပြည်မ၌ ပြင်းထန်သော H5N1 ငှက်တုပ်ကွေးမျိုးကွဲကို ပထမဆုံးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းရှိ H5N1 ကူးစက်မှုစုစုပေါင်း (၂၇) ခု အထိ ရှိလာမည်ဖြစ်သည်။

တောင်ဩစတြေးလျ၏ တိရစ္ဆာန်ဆေးကုသရေးအရာရှိချုပ်က ဝန်ကြီး Clare Scriven နှင့်အတူ သတင်းစာရှင်းလင်းပွဲတွင် H5N1 ဗိုင်းရပ်စ် သယ်ဆောင်နိုင်ခြေမြင့်သော ပင်လယ်ငှက်မျိုးစိတ်များ တွေ့ရလေ့ရှိသည့် နေရာများတွင် စောင့်ကြည့်စစ်ဆေးမှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

စောင့်ကြည့်မည့် ငှက်မျိုးစိတ်များတွင် ပင်လယ်ငှက်မျိုးစိတ်တစ်မျိုးလည်းပါဝင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို