တောင်ပေါ်ဒေသများမှ ထွက်ရှိသည့် ပန်းနှမ်းများ မန္တလေးဈေးကွက်၌ အရောင်းအဝယ်ကောင်းနေ

မန္တလေး ဧပြီ ၃၀

 

တောင်ပေါ်ဒေသများမှ စိုက်ပျိုးထွက်ရှိလာသည့် ပန်းနှမ်း (Niger Seed) များ မန္တလေးဈေးကွက်အတွင်း၌ ဈေးကောင်းများရရှိကာ အရောင်းအဝယ်များ ကောင်းမွန်နေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

အဆိုပါ ပန်းနှမ်းကို အန္ဒိယနိုင်ငံမှ အများဆုံးဝယ်ယူလျက်ရှိပြီး ဒုတိယအများဆုံးအဖြစ် တရုတ်နိုင်ငံမှ ဝယ်ယူကြကြောင်း၊ ယခုလက်ရှိတွင် ၄၅ ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၂၀၀၀၀ နှုန်းအထိရရှိကာ အရောင်းအဝယ်ကောင်းနေသည့်အပြင် ရာသီဥတုမျှတသည့်အတွက်လည်း အထွက်နှုန်းအသင့်အတင့် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

“ဒီပန်းနှမ်းကို ပြည်တွင်း/ပြည်ပ ဝယ်ယူကြပြီး ပြည်တွင်းမှာတော့ ဆီကြိတ်ပြီး တစ်ချို့မုန့်လုပ်ငန်းတွေမှာ အကြော်ဆီအနေနဲ့ အသုံးပြုကြတယ်။ ပြည်ပနိုင်ငံတွေမှာတော့ ဆီအဖြစ်ထုတ်လုပ်ပြီး စားသုံးရုံသာမက အလှကုန်ပစ္စည်းနဲ့ ဆေးဝါးထုတ်လုပ်တဲ့နေရာတွေမှာလည်း အသုံးပြုကြတယ်လို့ သိရပါတယ်။ ဒေသခံရှမ်းတိုင်းရင်းသား တောင်သူတွေအနေနဲ့ သူတို့အတွက် အဓိကဝင်ငွေရရှိစေနိုင်တဲ့ သီးနှံအဖြစ် ပိုမိုတိုးချဲ့စိုက်ပျိုးလာကြပါတယ်။ မနှစ်က ဈေးထက်စာရင် ဒီနှစ်မှာ တစ်ဆကျော်မြင့်တက်ပြီး ဈေးကောင်းရရှိနေပါတယ်။ ဈေးနှုန်းတွေ တက်သော်လည်း ဝယ်ယူမှုတွေ ရပ်တန့်မသွားပါဘူး” ဟု မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

 

အဆိုပါ ပန်းနှမ်းသည် တစ်နှစ်ကို တစ်ရာသီသာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးနိုင်ပြီး ပြည်ပဝင်ငွေရှာဖွေပေးသည့် နှမ်းသီးနှံဖြစ်သည့်အပြင် တောင်ပေါ်ဒေသများ၌သာ စိုက်ပျိုးဖြစ်ထွန်းကာ ထွက်ရှိလာကြောင်း၊ ၎င်းပန်းနှမ်းကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းဒေသများ၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတို့တွင် အဓိကစိုက်ပျိုးကြကြောင်း၊ ဒီဇင်ဘာလတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတစ်ခွင်၌ အဝါရောင်ပန်းနှမ်းခင်းများအား ရှမ်းတောင်တန်းကြီးများနှင့် ယှဉ်တွဲ၍ ပန်းချီကားတစ်ချပ်ပမာ မြင်တွေ့နိုင်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)