တောင်ရိုးလူမျိုးအကြောင်း သိကောင်းစရာ

မိုင်းနော်ရိန်း(လူမှုဘဝ)

 

တောင်ရိုးတိုင်းရင်းသားတို့ ဆင်းသက်လာပုံ

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများနှင့်ပတ်သက်၍ ပညာရှင်အသီးသီး၊ သုတေတီ အသီးသီးတို့က မိမိတို့၏လေ့လာတွေ့ရှိမှု အပေါ်မူတည်၍ ထင်မြင်ချက်အမျိုးမျိုးကို ရေးသားပြုစုဖော်ပြခဲ့ကြသည်။ တောင်ရိုး တိုင်းရင်းသားတစ်ဦးဖြစ်သော တောင်ရိုးလေး စံပျော်(၂ဝဝ၉) ရေးသားပြုစုထားသော ''တောင်ရိုးတိုင်းရင်းသား ရာဇဝင်သမိုင်း အကျဉ်းချုပ်''စာအုပ်တွင် တောင်ရိုး တိုင်းရင်းသားလူမျိုးများ မွေးဖွားဆင်းသက် လာပုံနှင့်ပတ်သက်၍ ဖော်ပြထားသည်မှာ အရိမဒ္ဒနာပေါက္ကံရာမပုဂံဘုရင် တန်နက် မင်းကြီး၏ မိဖုရားကြီးသည် တန်နက်မင်းအား စလေငခွေးလုပ်ကြံ၍ ငခွေးမင်းဖြစ်သောအခါ ငခွေးက မိဖုရားမြှောက်စားမည်ကိုမလိုလားသဖြင့် တန်နက်မင်း၏မိဖုရားကြီးသည် ဝမ်း၌ ပဋိသန္ဓေရှိနေလျက် မိမိနှင့်အတူပါလာသော အခြွေအရံများကိုခေါ်၍နေလေ၏။ ထိုအရပ် ကို သုဝဏ္ဏသောတနဂါးပြည်သို့ သွားသော လမ်းဟု ဆို၏။ ယခုအခါ နောင်နန်းလိုဏ်ဂူ ချောင်ဖြူအရပ်သည် ရှမ်းပြည်တောင်ပိုင်းနှင့် သာစည်နယ်စပ်ရှိ ချောင်ဖြူရွာနှင့် နောင်နန်း လိုဏ်ဂူဟုဆိုကြ၏။

 

တန်နက်မင်း၏ မိဖုရားကြီးသည် ထိုအရပ်မှာပင် သားတော်တစ်ပါးကို ဖွားမြင် တော်မူသည်။ အမည်မှာ တောင်ရိုးအခေါ် ''ဖိုးဆော်'' ဟုတွင်လေ၏။ (ဤနေရာတွင် ဖော်ပြလိုသည်မှာ) တန်နက်မင်း၏ မိဖုရားကြီး သည် ဓညဝတီရခိုင်ပြည့်ရှင်မင်းကြီးတစ်ပါး၏ သမီးတော်ဟု ဆိုသည်။ ထိုမိဖုရားနှင့်အတူ ပါလာကြသော အခြွေအရံကိုယ်လုပ်တော် အဖော်များသည် ရခိုင်ပြည်မှ ပါလာကြသော ရခိုင်လူမျိုးများဖြစ်သည်။ နောင်နန်းလိုဏ်ဂူ ချောင်ဖြူအရပ်၌ ရွာလေးတည်၍ နေထိုင် ကြပြီး တောင်ကုန်း၊ ရိုးမမကျန်ရွှေ့ပြောင်းကာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက် မွေးမှုပြုကြ နေထိုင်ကြရင်း အချိန်ကြာလာ သောအခါ မိဖုရားကြီးနှင့် အခြွေအရံလူတစ်စု ကို ''တောင်ရိုးပျော်'' ''တောင်ရိုးလူမျိုး''ဟု မှည့်ခေါ်ကြသည်ဟု ဖော်ပြပါရှိသည်။ ဤကဲ့ သို့ သမိုင်းရာဇဝင်အဆိုကို အများကလက်ခံကြ ပြီး တောင်ရိုးတိုင်းရင်းသားတို့သည် ရခိုင် လူမျိုးတို့မှ ဆင်းသက်လာသူများဖြစ်ကြ သည်ဟု ဒေသခံအချို့ထဲတွင် ယုံကြည်သူများလည်းရှိသည်။

 

ကိုးကွယ်ယုံကြည်မှု

 

တောင်ရိုးတိုင်းရင်းသားအများစုသည် ဗုဒ္ဓဘာသာ ကိုးကွယ်ကြသူများဖြစ်သည်ဟု သိရသည်။ တောင်ရိုးတိုင်းရင်းသားများသည် ဘာသာတရားကိုင်းရှိုင်းကြပြီး အလှူအတန်း မှာလည်း ရက်ရောကြကြောင်းကို ဘာသာရေး ဆိုင်ရာအဆောက်အအုံများ၏ ကြီးကျယ် ခမ်းနားမှုများကို မြင်တွေ့ရုံဖြင့်ပင် သိရှိနိုင် သည်။ တောင်ရိုးတိုင်းရင်းသားများသည် ဘာသာရေးဆိုင်ရာ ပွဲတော်များကိုလည်း ရာသီအလိုက် ကျင်းပလျက်ရှိကြောင်း သိရသည်။

 

တောင်ရိုးတိုင်းရင်းသားတို့နေထိုင်ရာ ဒေသ၏ထူးခြားသော ဘာသာရေးနှင့်ဆိုင် သော ဓလေ့ထုံးစံတစ်ခုမှာ ''ငါးကျောင်း ဒကာ'' သတ်မှတ်ခြင်းနှင့် ''ဆွမ်းလှည့်'' သတ်မှတ်ထားခြင်းဖြစ်သည်။ ငါးကျောင်း ဒကာဆိုသည်မှာ ဒေသအတွင်းရှိ ရွာစဉ် အလိုက် ရွာငါးရွာလျှင် ဘုန်းကြီးကျောင်း တစ်ကျောင်းနှုန်းဖြင့် ဆွမ်း၊ ကွမ်းကိစ္စများကို တာဝန်ယူ လှူဒါန်းဆောင်ရွက်ပေးရခြင်း ဖြစ်သည်။ အချို့ကျေးရွာများတွင်မူ ငါးကျောင်းဒကာဟုဆိုသော်လည်း ရွာငါးရွာ မဟုတ်ဘဲ ခြောက်ရွာ၊ ခုနစ်ရွာ စသည်ဖြင့် ရှိပေသည်။ ဆွမ်းလှည့်ဆိုသည်မှာ မိမိတို့ရွာမှ ကိုးကွယ်ပူဇော်နေကြသော ဘုန်းကြီးကျောင်းမှ သံဃာတော်များအား နေ့စဉ်အလှည့်ကျ ဆွမ်း၊ ဆွမ်းဟင်းများချက်၍ လှူဒါန်းရန်အတွက် တစ်အိမ်ကို တစ်လလျှင် တစ်ရက်၊ နှစ်ရက် စသည်ဖြင့် အလှည့်ကျသတ်မှတ်ပေးထားခြင်း ဖြစ်သည်။

 

တောင်ရိုးကျေးရွာများတွင် နေအိမ်အချို့ မှာ ဗုဒ္ဓဘုရားအပြင် နတ်ကိုးကွယ်သည်ကို လည်း လေ့လာတွေ့ရှိရသည်။ ထို့အပြင် ရွာစောင့်နတ်စင်များကို အဝင်ထိပ်တွင် ထားလေ့ရှိသည်။ နတ်ကိုးကွယ်သည့် သူများ သည် နတ်စင်များတွင် လပြည့်၊ လကွယ်နေ့ များ၌ ဆွမ်း၊ သောက်တော်ရေနှင့် ပန်းတို့ အပြင် မုန့်အချိုများကိုပါထည့်၍ တင်လှူလေ့ရှိသည်။

 

တောင်ရိုးတိုင်းရင်းသားတို့သည် ဗုဒ္ဓ ဘာသာဝင်များဖြစ်သည့်အလျာက် ဘာသာ ရေးနှင့်ပတ်သက်သော ပွဲတော်များကိုလည်း အချိန်အခါအလိုက် ကျင်းပလေ့ရှိကြသည်။ တန်ခူးလတွင် တာတက်ပွဲ၊ ကဆုန်လတွင် ညောင်ရေသွန်းပွဲနှင့် ဆွမ်းလောင်းပွဲ၊ ဝါဆိုလ တွင် ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် တရားစခန်းပွဲ တို့ကို ပြုလုပ်လေ့ရှိကြသည်။ အထူးသဖြင့် သြင်္ကန်အပြီးကျင်းပသော တာတက်ပွဲမှာ အကြီးမားဆုံးနှင့် ပျော်စရာအကောင်းဆုံး ပွဲတော်ဖြစ်သည်။

 

တောင်ရိုးတိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု

 

တိုင်းရင်းသားတို့တွင် မိမိတို့ကိုယ်ပိုင် ရိုးရာဝတ်စုံများရှိကြသည်။ ယခုခေတ် တောင်ရိုးတိုင်းရင်းသားများ၏ အမျိုးသား ဝတ်စုံမှာ ရှမ်းတိုင်းရင်းသားများ၏ အမျိုးသား ဝတ်စုံနှင့် ဆင်တူသည်။ ဘောင်းဘီနက်ပြာ ရောင်နှင့် ရှပ်အင်္ကျီလက်ရှည် အပြာနုရောင် ဝတ်စုံဖြစ်သည်။ အသက်အရွယ်ကြီးသည့် တောင်ရိုးအမျိုးသားများမှာ ခေါင်းပေါင်း ပေါင်းကြသည်။ ခေါင်းပေါင်းကို မျက်နှာသုတ် ပဝါများ(တဘက်)ဖြင့် ပေါင်းကြသည်။ အလုပ် လုပ်ရင်းဖြစ်စေ၊ ရပ်ထဲရွာထဲသွားလျှင်ဖြစ်စေ အသက်ကြီးသူများမှာ ခေါင်းပေါင်းလေ့ရှိသည်။ အမျိုးသားများသည် မိမိတို့၏ ရိုးရာ ပွဲတော်ရက်၊ အခမ်းအနားများနှင့် နေ့ကြီး ရက်ကြီးများမှလွဲ၍ ကျန်အချိန်များတွင် ခေတ် နှင့်လျော်ညီသော ပုဆိုး၊ ဘောင်းဘီ၊ ရှပ်အင်္ကျီ၊ တီရှပ်များဝတ်ဆင်ကြသည်။

 

တောင်ရိုးတိုင်းရင်းသားအမျိုးသမီးများ၏ ဝတ်စုံမှာ ဒူးအောက်ဂါဝန်(သင်တိုင်း)လက်တို ဖြစ်ပြီး အရောင်မှာ အနက်ရောင်ဖြစ်သည်။ ယခင်က အခြေခံအရောင်များဖြစ်သည့် အနက်ရောင်၊ အဖြူ၊ အနီ စသည့် အရောင်များရောယှက်၍ ဂျပ်ခုတ်ရက်လုပ်ဝတ်ဆင်ကြသည်။ ရှေးယခင်က အထည်ရက်ချန်ချည် များကို ဝယ်ယူပြီး ဝတ်စုံကို ကိုယ်တိုင်ရက်လုပ် ကြသည်။ အင်္ကျီကို ဒေသမှထွက်ရှိသော ရွေးပင်တစ်မျိုး၏ အစေ့များဖြင့် လည်ပင်း၊ လက်ဖျား နှင့်အောက်ဘက်အနားတို့တွင် သီကုံး တန်ဆာဆင်ကာ ဝတ်ဆင်လေ့ရှိကြသည်။

 

အနုပညာနှင့်တူရိယာများ

 

တောင်ရိုးတိုင်းရင်းသားတို့၏ တေးဂီတ အနေဖြင့် လောင်လစ်(ခေါ်)ပလွေ ဦးဆောင် တီးရသည့် (တီးတောင်တီးဝိုင်း)၊ အိုးစည်၊ လင်းကွင်း၊ မောင်းကြီးတစ်လုံး၊ မောင်းလတ် တစ်လုံး၊ မောင်းငယ်သုံးလုံးခန့်ဖြင့် တီးရသော ''စည်ဆိုင်း''နှင့် နှစ်ဖက်ပိတ်စည်တိုတစ်လုံး၊ လင်းကွင်းကြီးတစ်စုံ၊ မောင်းကြီးတစ်လုံးနှင့် မောင်းလတ်မှစ၍ ကြီးစဉ်ငယ်လိုက် မောင်း ၁၅လုံးမှ အလုံး ၂ဝဖြင့် တီးရသော ''မောင်းဆိုင်း'' ဟူ၍ ရှိပေသည်။

 

တိုင်းရင်းသားလူမျိုးစုတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် ကိုက်ညီသည့် တေးဂီတ၊ အကအခုန်များ ရှိကြသည်။ ယင်းအနုပညာများဖြင့် မိမိတို့ လူမျိုးသမိုင်းကြောင်း၊ အတွေးအခေါ်၊ ချစ်ခြင်းမေတ္တာများကို ဖော်ပြနိုင်ကြသည်။

 

တောင်ရိုးတိုင်းရင်းသားတို့တွင်လည်း ၎င်းတို့၏ ဓလေ့ထုံးစံနှင့်ကိုက်ညီသည့် တေး ဂီတ၊ အကအခုန်များကို ရှေးယခင်ကတည်းက တီထွင်ခဲ့ကြရာ တိုင်းရင်းသားအလှအက၊ မောင်းဆိုင်းအက၊ စည်သိုင်းအက၊ တီးတောင် တီးဝိုင်းအက၊ တာတက်ပွဲအက၊ ဓားသိုင်းအက၊ မီးသိုင်းအက စသည်ဖြင့် အမျိုးအစား အများ အပြားရှိသည်။ မောင်းဆိုင်းအကမှာ သိုင်း အကဟုလည်း ခေါ်ကြသည်။ မောင်းဆိုင်း ကရာတွင် သိုင်းပညာကို အသားပေးကာ ဖြည်းညင်းစွာ ကကြရသည်။ စည်သိုင်းအကမှာ အမျိုးသားများသည် သိုင်းကွက်နင်းကာ ကကြ သော်လည်း မြန်မြန်ဆန်ဆန်နှင့် တက်တက် ကြွကြွကကြရသည်။ တီးတောင်တီးဝိုင်းအက မှာလည်း အမျိုးသားနှင့် အမျိုးသမီးတွဲကာ ငြိမ့်ငြိမ့်ညောင်းညောင်းကပြရသည်။ ဓားသိုင်း အကမှာ တစ်ဦးချင်း၊ အတွဲလိုက်ချင်း အစွမ်း ပြကလေ့ရှိသည့်အကဖြစ်သည်။ အများနှင့် စုစည်း၍ ကကြရသောအကမှာ လူပျို၊ အပျိုအက ငယ်ရွယ်သူတို့အချင်းချင်း စုပေါင်း ကလေ့ရှိသည့် အကဖြစ်သည်။ အမျိုးသား၊ အမျိုးသမီးတွဲ၍ ကကြသော စုံတွဲအကများ ရှိသည်။

 

တောင်ရိုးတိုင်းရင်းသားတို့၏စာပေနှင့်ဘာသာစကား

 

စာပေမြင့်မှ လူမျိုးတင့်မည်ဆိုသည့် အတိုင်း တောင်ရိုးမျိုးနွယ်စုများသည် ကိုယ်ပိုင်အမျိုးသားစာပေ တိမ်မြုပ်ခဲ့ရသောကြောင့် ဘာသာရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးစသော အသိများနောက်ကျခဲ့ရ ပေသည်။ စာပေနစ်မြုပ်သောကာလတွင် တောင်ရိုးတိုင်းရင်းသားတို့ ဖွံ့ဖြိုးမှုကို အဘက် ဘက်မှ နောက်ကျစေခဲ့သည်။

 

တောင်ရိုးစာပေကို တီကျစ်မြို့ မြို့မ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိလာသ၊ အောင်ပန်းမြို့ လှည်းရိုးစာသင်တိုက် ဆရာတော်ဘဒ္ဒန္တအဿယုဇနှင့် တောင်ကြီးမြို့ ဥတ္တရာရုံစာသင်တိုက် စာချဆရာတော် ဘဒ္ဒန္တဓမ္မာနန္ဒာလင်္ကာရ မထေရ်မြတ်တို့က ဖော်ထုတ်ရေးသားထားပြီး သင်ပုန်းကြီး ဖတ်စာအဖြစ် သင်ကြားပေးလျက်ရှိသည်။

 

တောင်ရိုးဝေါဟာရ စကားလုံးများသည် မြန်မာစကားနှင့် ပအိုဝ်းစကားတို့၏ ကြားဝင် စကားလေယူလေသိမ်းများဖြင့် ပြောကြားရ သော စကားလုံးများဖြစ်သည်။ ဗျည်းများ၊ သရများ၊ အသတ်များ၊ ကာရန်များသည်လည်း မြန်မာစာပေ၊ ပအိုဝ်းစာပေတို့နှင့်အတူတူပင် ဖြစ်သည်။ ထို့ကြောင့် တောင်ရိုးစာပေကို ဖော်ထုတ်ရေးသားရာတွင် မြန်မာစာပေ သင်ပုန်းကြီးနှင့် ပအိုဝ်းစာပေသင်ပုန်းကြီးတို့ကို အားကိုး အားထားပြု၍ နည်းမှီရေးသားထားသည်ဟု သိရှိရသည်။

 

မိမိတို့၏ ကိုယ်ပိုင်စာပေကို ချစ်မြတ်နိုး ခြင်း၊ ဘာသာတရားကို ထောက်ပံ့ထိန်းသိမ်း ခြင်း၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကို မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းစသော ကိစ္စရပ်များကို ပြုကြရန်မှာ တောင်ရိုး တိုင်းရင်းသားအားလုံးတို့၏ ဘဝပေးတာဝန် တစ်ရပ်အဖြစ် မှတ်ယူထားကြသည်။ ထို့အပြင် အမျိုးသားစာပေနှင့်ယဉ်ကျေးမှုများ ယခုထက် မက တိုးတက်ပြန့်ပွားနိုင်စေရန် စာပေ ပညာရှင်များ၊ အနုပညာရှင်များသည် မီးခဲပြာဖုံးသဖွယ်ဖြစ်နေသည့် အင်မတန် တန်ဖိုးကြီးလှသော မိမိတို့၏ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာပညာရပ်များကို သေရွာသို့ မယူဆောင်စတမ်းလက်ဆင့်ကမ်း၍ ဖော်ထုတ် သီဆိုရေးသားသင်ကြားပေးကြပါရန်လည်း ဆရာတော်နှင့် စာပေပညာရှင်များက တိုက်တွန်းထားသည်။

 

တောင်ရိုး တိုင်းရင်းသားများသည် ပင်လောင်း၊ ကလော၊ ပင်းတယစသော မြို့နယ် အသီးသီး၊ ကျေးရွာအသီးသီးတို့၌ နေရာအနှံ့ အပြား ပျံ့နှံ့နေထိုင်ကြပေသည်။ စကားပြော ဆိုရာတွင် လေယူလေသိမ်းစကားလုံးဝေါဟာရ အနေအထား အနိမ့်အမြင့် အလေးအပေါ့တို့ သည် နေရာဒေသကိုလိုက်၍ ကွာဟမှုရှိနေကြ ပေသည်။ ယခုရေးသားထားသော စာပေသည် ဒေသအသီးသီးတို့၌ မှီတင်းနေထိုင်ကြသော တောင်ရိုးတိုင်းရင်းသားတို့၏ စကားနှင့် စာပေ၊ စာပေနှင့်စကား၊ အနည်းငယ်ကွာဟ မှုများရှိနေခဲ့သည်ဟုဆိုသည်။

 

တောင်ရိုး တိုင်းရင်းသားများသည် မြတ်စွာဘုရားဟောကြားတော်မူသော ဓမ္မ ဒေသနာတော်များနှင့် လောကီပညာရပ်များကို တောင်ရိုးဘာသာဖြင့် ဖြန့်ဖြူးခြင်း၊ လေ့လာ သင်ကြားခြင်းစသည်ဖြင့် ကြိုးစား၍ပြုလုပ်ကြ ပါက ပညာရေး၊ ကျန်းမာရေးစသော ဗဟုသုတ များ ပိုမိုရရှိနိုင်ကြမည်ဖြစ်သည်ကို နားလည် သဘောပေါက်လာသည့်အပြင် ဘုရားရှိခိုး၊ ဆွမ်းတော်၊ ပန်းတော်စသည်များ ဆက်ကပ်လှူဒါန်းရာတွင်လည်း တောင်ရိုး ဘာသာဖြင့်သာ ရွတ်ဆိုပူဇော်ပသခဲ့ကြသည်။