တောင်ဥက္ကလာပမြို့နယ်၌ ထိုင်ဝမ်နှစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးထံမှ အိုက်စ် ၇၄ ကီလို ဖမ်းဆီးရမိ

နေပြည်တော် ၁၀ ဩဂုတ် 

ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်၌ ထိုင်ဝမ်နှစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးတို့ထံမှ အိုက်စ် ၇၄ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နိုင်ငံတကာမူးယစ်ဆေးဝါးဂိုဏ်းနှင့် ဆက်စပ်မှုရှိသည့် သံသယရှိသူ တရုတ်(ထိုင်ဝမ်)လူမျိုး Chen Ying Chou ဆိုသူသည် မြန်မာနိုင်ငံသို့ ရောက်ရှိကာ ဩစတြေးလျနိုင်ငံသို့ မူးယစ်ဆေးဝါးများ သိုဝှက်သယ်ဆောင်တင်ပို့မည်ဖြစ်ကြောင်း ဩစတြေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့ (AFP) ၏ သတင်းဖလှယ်မှုအရ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဖော်ထုတ်စုံစမ်းခဲ့ရာ အဆိုပါ ထိုင်ဝမ်လူမျိုးသည်   ဇူလိုင် ၃၀ ရက်တွင် ဟောင်ကောင်မှ ရန်ကုန်သို့ ရောက်ရှိပြီး တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တစ်လုံးတွင်  ငှားရမ်းနေထိုင်ခဲ့ကြောင်း၊ ဩဂုတ် ၄ ရက်တွင် လေကြောင်းခရီးဖြင့် တာချီလိတ်မြို့သို့ သွားရောက်ခဲ့ကြောင်းနှင့် ဩဂုတ် ၆ ရက်တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် Chen Ying Chou ငှားရမ်းနေထိုင်သည့် နေအိမ်အား စောင့်ကြည့်နေစဉ် ဩဂုတ် ၉ ရက် ညနေ ၆ နာရီခန့်တွင်  Chen Ying Chou သည် တရုတ်(ထိုင်ဝမ်)လူမျိုး Kuo Chia-Enနှင့် မြန်မာနိုင်ငံသား(တရုတ်စကားပြန်) သန်းနိုင်(ခ)ဖြိုးဝေလင်းတို့နှင့်အတူ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာ၍ ဝင်ရောက်စစ်ဆေးရှာဖွေရာ ၎င်းတို့ ၃ ဦးအား အိုက်စ် ၇၄ ကီလို (၁ ကီလိုလျှင် ကျပ် ၈၀ဝ သိန်းနှုန်းဖြင့် တန်ဖိုးကျပ် သိန်းငါးသောင်းကျော်)၊ ဖုန်း ၅ လုံး၊ မော်တော်ယာဉ်များတွင် အသုံးပြုသည့် ကရိုင်းရှပ် ၃၁ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

mdn

 

၎င်းတို့အား ကနဦးစစ်မေးချက်အရ မူးယစ်ဆေးဝါးသိုဝှက် သယ်ဆောင်ရန် ပြင်ဆင်ထားသည့် ကရိုင်းရှပ်များသည် DHL ပါဆယ်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းဖြင့် တရုတ်(ထိုင်ဝမ်)မှ မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းဖြင့် တင်ပို့ခဲ့ကြောင်း၊ မရမ်းကုန်းမြို့နယ်ရှိ စက်မှုလက်မှုအလုပ်ရုံ တစ်ခု၌ လှည့်ဖွင့်ပိတ်နိုင်သည့် အပေါက်ဖောက်လိုင်းရစ်များဖော်၍ နေအိမ်၌ ကရိုင်းရှပ်များအတွင်းသို့ အိုက်စ်များအား သိုဝှက်ထည့်သွင်းပြီး ဩစတြေးလျနိုင်ငံသို့ပေးပို့ရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ ၃ ဦးအား တောင်ဥက္ကလာပမြို့မရဲစခန်း၌  အမှုဖွင့်စစ်ဆေးပြီး ကွင်းဆက်တရားခံဖမ်းဆီရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 

သတင်းစဉ်