တီးတိန်မြို့၌ ရိုးရာခွာဒိုပွဲတော် စည်ကားစွာကျင်းပ

တီးတိန်    ၂၃ အောက်တိုဘာ 

 

မြန်မာတို့၏ သီတင်းကျွတ်ရာသီတွင် နှစ်စဉ်နှစ်တိုင်း ရိုးရာအစဉ်အလာမပျက် ကျင်းပလေ့ရှိသော ချင်းတိုင်းရင်းသား ဇိုမီးမျိုးနွယ်စု၏ ၂၀၁၈ ခုနှစ် ရိုးရာခွာဒိုပွဲတော်ကို ယနေ့ နံနက်ပိုင်းကချင်းပြည်နယ် တီးတိန်မြို့ စကောလမ်းရပ်ကွက်၊ ကမ်းဟောက်ခန်းမ၌ စည်ကားစွာကျင်းပခဲ့သည်။ 
           

 

ရိုးရာခွာဒိုပွဲအခမ်းအနားကို အောက်တိုဘာလ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ရာ ရိုးရာဓလေ့ဖြစ်သည့် ပျားအုံဖွပ်၍သယ်ဆောင်ခြင်း၊ ထင်းရှူးဆီမီးထွန်းညှိခြင်း၊ မီးရှူးမီးပန်းဖောက်ခြင်း၊ ရိုးရာ သေနတ်ပစ်ဖောက်ခြင်းနှင့် ရိုးရာစုပေါင်းမီးပုံပွဲအကဖြင့် ဆင်နွှဲခြင်းတို့အပြင် ခေတ်ပေါ်တေးဂီတ အစီအစဉ် များ၊  ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာအသုံးအဆောင်များ ပြခန်း၊ ရိုးရာယဉ်ကျေးမှုအကနှင့် အတီးအမှုတ်များပါဝင်သည့် ရိုးရာ ယဉ်ကျေးမှုအကပဒေသာများကိုပါ ဖျော်ဖြေတင်ဆက်ပြသကြကြောင်း သိရသည်။

 

ခွါဒိုပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အထူးသဖြင့် တစ်နှစ်တာတောင်ယာလုပ်ငန်း ပြီးဆုံး၍ နှစ်ဟောင်း ကို နှုတ်ဆက်ပြီး အောင်မြင်မှုအတွက် နှစ်သစ်ကိုကြိုဆိုသောပွဲ(သို့)တစ်နှစ်တာအတွက် ဝမ်းစာ စုဆောင်းပြီး အောင်ပွဲခံသည့်နေ့ထူးနေ့မြတ်ပွဲတော်ဖြစ်ပြီး ချင်းတိုင်းရင်းသားများတွင် မျိုးနွယ်စုကွဲများစွာရှိသည့်အတွက် ရိုးရာပွဲတော်တစ်ခုဖြစ်သည့် ခွါဒိုပွဲတော်ကျင်းပပုံများလည်း မတူညီကြပေ။ နေရာဒေသအလိုက် အမျိုးမျိုး ခေါ်ဝေါ်သုံးစွဲကြသော်လည်း ခွါဒိုပွဲ၏အနှစ်သာရမှာ သီးနှံများရိတ်သိမ်းပွဲ၊ ကောက်သစ် စားပွဲ၊ နှစ်သစ်ကူးပွဲ၊ မကောင်းဆိုးဝါးများနှင်ထုတ်သန့်ရှင်းစေပြီး ကောင်းချီးမင်္ဂလာများကိုကြိုဆို၍ ကျေးဇူးတော်ချီးမွမ်းပွဲနှင့် ပူဇော်ပသပွဲများပင်ဖြစ်သည်။ ရိုးရာခွါဒိုပွဲတော်ကို တီးတိန်၊တွန်းဇံမျိုးနွယ်စုများ က“ ခွါဒို ” (Khuado, Anlak, Tuktun,Kumkhen,Cianlep)ပွဲဟူ၍လည်းကောင်း၊ ဟားခါး မျိုးနွယ်စုများက “ ထို ”(Tho)ပွဲဟူ၍လညးကောင်း၊ ထန်တလန် မျိုးနွယ်စုများက “ ထလိုင်ထာရ်”(Thlai-thar)ပွဲဟူ၍လည်းကောင်း၊ ဖလမ်းမျိုးနွယ်စုများက “ဖာန်းအဲရ်”(Fanger)၊“ဒေါင်းပွီး” (Dongpui)၊ “ ကုခ်” (Kuk)၊ ထို၊ ထလိုင်ထာရ်ပွဲဟူ၍လည်းကောင်း၊ မတူပီမျိုး နွယ်စုများက“စပ်ယိုးမ်”(Cak zoem)ပွဲဟူ၍လည်းကောင်း၊ ကန်ပက်လက်မျိုးနွယ်စုများ က“နာမ်း ဘွေး” (Nampwe)ပွဲဟူ၍လည်းကောင်း၊ မင်းတပ်မျိုးနွယ်စုများက“ကုန်ကြီ” (Kunci)ပွဲ ဟူ၍လည်း ကောင်း၊ ထာဒို(Thado)နှင့် မီဇိုး (Mizo)မျိုးနွယ်စုများက“ကြတ်ကြာ ကွတ်” (Capcar Kut)ပွဲဟူ၍ လည်းကောင်း၊ ပလက်ဝမြို့နယ်နေ ခမီးလူမျိုးနွယ်စုများကလည်း ဒေသအလိုက် အသီးသီး ခေါ်ဝေါ်၍နှစ်စဉ်ကျင်းပကြ ကြောင်း သိရသည်။

 

အခမ်းအနားကို ချင်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးသတ္တုနှင့် သစ်တောရေးရာဝန်ကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂင့်ကမ်းလျန်း၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထန်ဒိတ်ခုပ်နှင့် ဒေသခံပြည်သူများတက်ရောက်ကြခဲ့ကြကြောင်း သိရသည်။

 

နေစု(ချင်းရိုးမ)