တို့ကမ္ဘာမြေရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီထိန်းသိမ်းကြစို့

ဒေါက်တာတင်မာသိန်း (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)

 

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ

စက်မှုတော်လှန်ရေး နောက်ပိုင်းကာလများမှစ၍ ကမ္ဘာတစ်ဝန်း လူနေမှုဘဝအဆင့်အတန်း တိုးတက် မြင့်မားရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြရာ လူမှုစီးပွား သိသိသာသာဖွံ့ဖြိုး တိုးတက်လာခဲ့သော်လည်း ၁၉၅၀ ပြည့်နှစ်ကျော် နှစ် များမှစ၍ သဘာဝသယံဇာတများ ယိုယွင်းပျက်စီးမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်း မှုစသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ရင်ဆိုင် ကြုံတွေ့လာရသည့်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်နေကြောင်း သတိပြု မိခဲ့ကြပါသည်။

ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကမ္ဘာ့နိုင်ငံ များ ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ကုလသမဂ္ဂမှကြီးမှူးပြီး ပထမဆုံး အကြိမ် လူသားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံကို ကျင်းပခဲ့ပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်နိုင်ရန် ပထမဆုံးအကြိမ် ညီလာခံကျင်းပခဲ့သည့် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါ သည်။ လူသားတို့အသက်ရှင်ရပ်တည်ရန် သန့်ရှင်းသော ပတ်ဝန်းကျင်၊ ကောင်းမွန်သောဂေဟစနစ်တို့ဖြစ်ပေါ်လာစေရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးသည် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ပတ်ဝန်း ကျင်ဆိုင်ရာကိစ္စရပ်များ ထိထိရောက်ရောက် ဦးစီး ဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (United Nations Environment Program - UNEP) ကိုလည်း တည်ထောင်ခဲ့ပါသည်။
ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်သည် ကမ္ဘာ့ နိုင်ငံများရှိ ပြည်သူအများ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအပေါ် အာရုံစူးစိုက်မိလာစေရန်နှင့် အရေး တကြီး ဖြေရှင်းဆောင်ရွက်ရန် လိုအပ်သောပတ်ဝန်းကျင် ဆိုင်ရာ အဓိကစိန်ခေါ်နေမှုများကိုပိုမိုသိရှိပြီး အလေး ထားဆောင်ရွက်လာကြစေရန် ရည်ရွယ်၍ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ် များကို ၁၉၇၄ ခုနှစ်မှစ၍ နှစ်စဉ်သတ်မှတ်ထုတ်ပြန် ပေးခဲ့ရာ မကြာသေးမီ နှစ်များအတွင်း လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကူးသန်းရောင်းဝယ် ရေး၊ အစိမ်းရောင် စီးပွားရေး၊ အစားအသောက်များကို အလေအလွင့် မရှိစေရေး ချင့်ချိန်စားသုံးရေး၊ ဂေဟစနစ် များ ကောင်းမွန်ရေးအတွက် သစ်တောများ ထိန်းသိမ်း ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး စသည်ဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ မတူညီသည့် ကဏ္ဍများအလိုက် သတ်မှတ်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာအခမ်းအနားများ ကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီးများတွင် နှစ်စဉ် လှည့်လည်ကျင်းပလျက်ရှိရာ ယခုနှစ်တွင် ကိုလံဘီယာ နိုင်ငံ၌ လက်ခံကျင်းပမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း မိမိနိုင်ငံအလိုက် အမျိုးသားအဆင့် အခမ်းအနားများကို ကျင်းပသွားမည် ဖြစ်ပါသည်။

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်အဖြစ် “Biodiversity” ဟု သတ်မှတ်ထားပြီး လူသားများ၏ လုပ်ဆောင်ချက်များ ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပေါ်နေသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာရပ်များအနက် မျိုးသုဉ်း ပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေကြရ သည့် သန်းပေါင်းများစွာသော အပင်နှင့် တိရစ္ဆာန်မျိုးစိတ် များဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲပြဿနာနှင့် ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုများ ကြုံတွေ့နေရသဖြင့် သဘာဝဂေဟ စနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို အချိန်မီ ထိန်းသိမ်း ကာကွယ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဆောင်ပုဒ်က မီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။


မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ် (Theme) အဖြစ် တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီ ထိန်းသိမ်းကြစို့ဟု သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံများနှင့် အတူ အထိမ်းအမှတ်အသိပညာပေး လှုပ်ရှားမှုများကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်တို့၏ နှီးနွှယ်မှု

ဇီဝမျိုးစုံမျိုးကွဲသည် ကမ္ဘာပေါ် ရှိ သက်ရှိအရာများဖြင့် ဖွဲ့စည်းထားသည့် သက်ရှိအပင်နှင့် သတ္တဝါအမျိုးမျိုးကို ဆိုလိုပြီး ဂေဟစနစ်သည် သက်ရှိသတ္တဝါများ၊ သက်မဲ့ရုပ် ဝတ္ထုများနှင့် အပင်များ သဟဇာတဖြစ်လျက် အပြန်အလှန် တည်မှီနေသည့် သဘာဝစနစ်နှင့် ယင်းစနစ်ကြောင့် ဖြစ်ပေါ် ပြောင်းလဲနေသော သဘာဝပတ်ဝန်းကျင် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
အပင်များ၊ သတ္တဝါများ၊ သေးငယ်သော အဏုဇီဝရုပ် များသည် သက်ရှိလက္ခဏာပုံစံအမျိုးမျိုးဖြင့် သဘာဝဂေဟ စနစ်အတွင်းတွင် ဇီဝမျိုးစုံ မျိုးကွဲများအဖြစ် တည်ရှိနေကြ ပါသည်။ အဆိုပါ ဇီဝမျိုးစုံ မျိုးကွဲများ လျော့နည်းလာမှုနှင့် မျိုးသုဉ်းပျောက်ကွယ်မှု၊ ရှင်သန်ပေါက်ပွားရာ နေရင်းဒေသ များ ဆုံးရှုံးပျောက်ကွယ်မှုတို့ မဖြစ်စေရေးအတွက် ကောင်းမွန်သော ဂေဟစနစ်များပေါ်တွင် တည်မှီနေသကဲ့ သို့ ဟန်ချက်ညီပြီး ကျန်းမာသော ဂေဟစနစ်တစ်ခု ဖြစ်လာ ရန်အတွက်လည်း ဇီဝမျိုးစုံ မျိုးကွဲများကြွယ်ဝမှုက အပြန် အလှန် အထောက်အပံ့ပေးလျက်ရှိပါသည်။


သဘာဝဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ အရေးပါပုံ

ဇီဝမျိုးစုံ မျိုးကွဲများ ပေါကြွယ်ဝသည့် ကောင်းမွန်သော သဘာဝဂေဟစနစ်များသည် လူသားများ အသက်ရှင် ရပ်တည်ရေးအတွက် အစားအစာ၊ ဆေးဝါး၊ သောက်သုံးရေ နှင့် အခြားယေဘုယျအရင်းအမြစ်များကို ထောက်ပံ့ပေးခြင်း (Provisioning services)၊ ရာသီဥတု၊ ရေနှင့် လေ အရည်အသွေး စသည့်ဝန်ဆောင်မှုများကို ထိန်းညှိပေးခြင်း (Regulating services)၊ အပန်းဖြေခြင်း၊ အနုသုခုမလက်ရာ များနှင့် ယဉ်ကျေးမှုဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း (Cultural services) နှင့် မြေဆီလွှာဖွဲ့စည်းခြင်းနှင့် အာဟာရစက်ဝန်း စသည့်ဝန်ဆောင်မှုများကို ထောက်ပံ့ပေးခြင်း (Supporting services) တို့ကို ပံ့ပိုးပေးလျက် ရှိပါသည်။

အဆိုပါ သဘာဝဂေဟစနစ် ဝန်ဆောင်မှုများမှ ကျွန်ုပ်တို့အတွက် သန့်စင်သောလေ၊ သန့်ရှင်းသောရေ၊ အာဟာရပြည့်ဝသော အစားအစာများ၊ ဆေးဝါးများ၊ ဗီတာမင်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ကြမ်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ လောင်စာစွမ်းအင် စသည့်ပစ္စည်း အမယ်စုံ ထောက်ပံ့ပေးခြင်း၊ ထို့အပြင် မြေဆီလွှာကို ထိန်းသိမ်းပေးခြင်း၊ ဂေဟစနစ်များ၏ပုံစံကို ထိန်းညှိပေးပြီး မျိုးစိတ်များ ကွဲပြားမှုကို တည်ငြိမ်စေခြင်း၊ အဆိပ် အတောက်များကို ဖယ်ရှားနိုင်ခြင်း၊ ရေလွှမ်းမိုးခြင်းကို လျော့နည်းစေခြင်း၊ မုန်တိုင်းဒဏ်ကို အကာအကွယ်ပေးခြင်း၊ မြေဆီလွှာတိုက်စားမှုကို ကာကွယ်ခြင်း၊ ရာသီဥတုကို ထိန်းညှိပေးခြင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုလျှော့ချ ပေးခြင်း၊ ဝတ်မှုန်ကူးခြင်း၊ အပန်းဖြေ အနားယူနိုင်ခြင်း၊ သဘာဝအလှအပများ ပေးစွမ်းနိုင်ခြင်းတို့ကြောင့် ကမ္ဘာ့ သဘာဝဂေဟစနစ်ကြီး ရေရှည်တည်တံ့ရေးနှင့် သက်ရှိ လောက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ပုဒ်နှင့်အညီ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် အချိန်မီ အထူးအလေးထား ဆောင်ရွက်ရမည် ဖြစ်ပါသည်။


ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝဂေဟစနစ်များ လျော့နည်းဆုံးရှုံးရခြင်း အကြောင်းအရင်းများ

သဘာဝဂေဟစနစ်ကို ကြီးမားသော သက်ရောက်မှု ဖြစ်စေသည့် မြေနှင့်ပင်လယ်သမုဒ္ဒရာ အသုံးချမှုပုံစံများ ပြောင်းလဲမှု၊ သက်ရှိဇီဝများကို တိုက်ရိုက်ထုတ်ယူသုံးစွဲမှု၊ ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ဒေသ မျိုးရင်းမဟုတ်သော မျိုးစိတ်များ ဝင်ရောက်လာမှုစသည့် အကြောင်းအချက် ငါးမျိုးတို့သည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝဂေဟစနစ်များ လျော့နည်းယိုယွင်း ပျက်စီးစေရန် အတွက် ခြိမ်းခြောက်မှုများဖြစ်ကြောင်း ဂေဟစနစ် ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ နိုင်ငံတကာသိပ္ပံ - မူဝါဒလုပ်ငန်းအဖွဲ့ (Intergovernmental Science – Policy Platform on Biodiversity and Ecosystem Services- IPBES) ၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။


ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝဂေဟစနစ်များ ဆုံးရှုံးရ ခြင်းအကြောင်းအရင်းများတွင် မီးတောင်ပေါက်ကွဲခြင်း၊ ရေကြီးခြင်း၊ တောမီးလောင်ခြင်းတို့သည် သဘာဝ ကြောင့် ဆုံးရှုံးရခြင်းဖြစ်ပြီး လူဦးရေတိုးတက်လာမှု ကြောင့် သစ်တောမြေများကို မြို့ပြအဖြစ်လည်းကောင်း၊ စိုက်ပျိုးမြေအဖြစ်လည်းကောင်း ပြောင်းလဲအသုံးပြုခြင်း နှင့် သစ်အလွန်အကျွံထုတ်ယူခြင်းတို့ကြောင့် သစ်တော များ ပြုန်းတီးခြင်း၊ ဆည်များ တိုးချဲ့ဆောက်လုပ်ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ခြင်းစသည့် လူသားတို့၏ လုပ်ရပ်များကြောင့် ဆုံးရှုံးရခြင်း ဖြစ်ပါသည်။


ထို့အပြင်‌ တောရိုင်းတိရစ္ဆာန်များကို အလွန်အကျွံ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ တရားမဝင် ရောင်းဝယ် ဖောက်ကားခြင်းတို့ကြောင့်လည်းကောင်း၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးနေမှု ပြဿနာများ ကြောင့်လည်းကောင်း ဇီဝမျိုးစုံ မျိုးကွဲများမှာ မျိုးသုဉ်း ပျောက်ကွယ်တော့မည့်အခြေအနေသို့ ရောက်ရှိနေပြီး ဂေဟစနစ်ဝန်ဆောင်မှုများ အရည်အသွေးလျော့နည်း ကျဆင်းလာကာ လူသားအသက်ရှင် ရပ်တည်မှုကို ခြိမ်းခြောက်လျက်ရှိပါသည်။
လက်ရှိဖြစ်ပွားနေသော တိရစ္ဆာန်မှ လူသို့ ကူးစက် သည်ဟု သုံးသပ်ပြောဆိုနေသည့် COVID- 19 ကပ်ရောဂါ က သဘာဝပတ်ဝန်းကျင်နှင့် ကျွန်ုပ်တို့၏ ကျန်းမာရေး ကို များစွာ ဆက်စပ်မှုရှိနေကြောင်း ပြသနေသည့်အတွက် သဘာဝပတ်ဝန်းကျင်နှင့် ဟန်ချက်ညီသော သက်ရှိ လောကကမ္ဘာကြီး ပြန်လည်တည်ဆောက်နိုင်ရေး ယခုနှစ်ဆောင်ပုဒ်နှင့်အညီ အချိန်မီ ထိန်းသိမ်းကြရန် ပိုမိုသတိပြုမိစေပါသည်။


ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းဆုံးရှုံးလာမှု

ယခုအခါ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝဂေဟစနစ် အတွက် အရေးပါသော ကမ္ဘာ့သစ်တောဖုံးလွှမ်းမှုမှာ ၃၀ ရာခိုင်နှုန်းရှိပြီး လူဦးရေတိုးပွားလာမှု၊ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်မှုနှင့် ဆင်းရဲနွမ်းပါးမှု တို့ကြောင့် နှစ်စဉ် သစ်တောဟတ်တာခုနစ်သန်းခန့် ကြောက်မက်ဖွယ်နှုန်းဖြင့် ပြုန်းတီးလျက်ရှိပါသည်။

ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အစီရင်ခံစာတွင် ကမ္ဘာပေါ်၌ နေ့စဉ်ဇီဝမျိုးစုံမျိုးကွဲ ၁၅၀ ခန့်၊ နှစ်စဉ် ၅၅၀၀၀ ခန့် ပျက်စီးပျောက်ကွယ်နေပြီး အပင်နှင့် တိရစ္ဆာန်မျိုးစိတ် တစ်သန်းမှာ ပျောက်ကွယ်ရန် ခြိမ်းခြောက်ခံရလျက်ရှိကြောင်း၊ ရေဝပ်ဒေသများ၏ ၈၅ ရာခိုင်နှုန်းကျော်မှာလည်း ဆုံးရှုံးရမည့်အခြေအနေများ နှင့် ရင်ဆိုင်နေရကြောင်း၊အဏ္ဏဝါမျိုးစိတ်တစ်ခုဖြစ်သော ရေအောက်သန္တာကျောက်တန်းများ၏ ၅၀ ရာခိုင်နှုန်း သည် လွန်ခဲ့သောနှစ်ပေါင်း ၃၀ အတွင်း ပျောက်ကွယ် သွားခဲ့ပြီး ၂၀၅၀ ပြည့်နှစ်တွင် ၉၀ ရာခိုင်နှုန်းခန့် ပျောက်ကွယ်သွားနိုင်ကြောင်း ခန့်မှန်းထားသည်ကို လေ့လာတွေ့ရှိ ရပါသည်။
ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်က ၂၀၁၉ ခုနှစ် မတ်လ၌ ထုတ်ပြန်ခဲ့သော Global Environment Outlook (GEO-6) အစီရင်ခံစာတွင် သဘာဝဂေဟစနစ် နှင့် မျိုးပွားစနစ်များ ပျက်စီးလာခြင်းကြောင့် ဇီဝမျိုးစုံ မျိုးကွဲလျော့နည်း ပျောက်ကွယ်မှုများ မြင့်တက်လာ လျက်ရှိကြောင်း၊ ယခုလက်ရှိတွင် ကုန်းနေ ကျောရိုးမဲ့ သတ္တဝါ ၄၂ ရာခိုင်နှုန်း၊ ရေချိုနေ ကျောရိုးမဲ့သတ္တဝါ ၃၄ ရာခိုင်နှုန်းနှင့် ရေငန်နေကျောရိုးမဲ့သတ္တဝါ ၂၅ ရာခိုင် နှုန်းတို့သည် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်ကို လေ့လာသိရှိရ သည့်အတွက် ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင် ကို အရေးတကြီးထိန်းသိမ်းရန် လိုအပ်လျက်ရှိပါသည်။
ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂက သဘာဝဂေဟစနစ် များ ယိုယွင်းပျက်စီးခြင်းကို တားဆီးရန်၊ စားနပ်ရိက္ခာလုံခြုံမှုတိုးမြှင့်ရန်၊ ရေချိုရရှိမှုကောင်းမွန်စေရန်နှင့် ဇီဝ မျိုးစုံ မျိုးကွဲများ ထိန်းသိမ်းမှုကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ဆယ်စုနှစ်ကို ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး (UN Decade Ecosystem Restoration 2021-2030) အဖြစ် သတ်မှတ်ကာ ၂၀၂၀ ပြည့်နှစ်မှ စတင်၍ ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းခြင်း ဆောင်ရွက်ချက်ကို ပိုမိုအလေးထား ဆောင်ရွက်ရန် တိုက်တွန်းထားခြင်း ဖြစ်ပါသည်။ ထို့အပြင် ၂၀၂၀ ပြည့်နှစ် မေလ ၂၂ ရက်နေ့တွင် ကျရောက်ခဲ့ပြီးဖြစ်သော International Biodiversity Day အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “OurSolutions are in Nature” သည်လည်း ယနေ့လူသားများ ရင်ဆိုင်နေကြရသော ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝ ဂေဟစနစ်များ ပျက်စီးယိုယွင်းနေမှုကို ဖြေရှင်းရာတွင် သဘာဝတရားသည်သာ အဓိကအရေးကြီးသည်ကို ဖော်ညွှန်းထားသဖြင့် ကျွန်ုပ်တို့က သဘာဝပတ်ဝန်းကျင် ကိုအရေးတကြီး ထိန်းသိမ်းရမည့်အချိန်ဖြစ်ကြောင်း၊ သို့မှသာ သဘာဝတရားက ကျွန်ုပ်တို့ကို ကာကွယ် ပေးမည်ဖြစ်ကြောင်းကို အလေးဂရုပြုရမည် ဖြစ်ပါသည်။

ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝဂေဟစနစ် ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာဆောင်ရွက်မှု

သို့ဖြစ်ပါ၍ ကမ္ဘာ့ကုလသမဂ္ဂမှဦးဆောင်၍ အဖွဲ့ဝင် နိုင်ငံများသည် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရေး၊ ၎င်းတို့ကို ရေရှည်တည်တံ့စွာ အသုံးပြုရေးနှင့် မျိုးရိုး ဗီဇအရင်းအမြစ်များ ထုတ်ယူသုံးစွဲခြင်းမှ ထွက်ပေါ် ရရှိလာမည့် အကျိုးအမြတ်များကို သာတူညီမျှ ခွဲဝေ ခံစားရေးကို ရည်မှန်း၍ ကုလသမဂ္ဂက ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာကွန်ဗင်းရှင်း (Convention on Biological Diversity- CBD) ကို ၁၉၉၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ကွန်ဗင်းရှင်း၏ ရည်မှန်းချက်များရရှိရန် အဖွဲ့ဝင်နိုင်ငံ များအားလုံးသည် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာ စီမံချက် (၂၀၁၁- ၂၀၂၀) ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ကွန်ဗင်းရှင်းနှင့် ဆက်စပ်၍ ဇီဝလုံခြုံမှုဆိုင်ရာ ကာတာဂျီးနား သဘော တူညီချက်ကို ၂၀၀၀ ပြည့်နှစ်တွင်လည်းကောင်း၊ မျိုးရိုးဗီဇအရင်းအမြစ်များ ထုတ်ယူသုံးစွဲခြင်းနှင့် ထိုသို့ထုတ်ယူအသုံးပြုခြင်းမှ ထွက်ပေါ်ရရှိလာမည့် အကျိုးအမြတ်များကို သာတူညီမျှခွဲဝေခြင်းဆိုင်ရာ နာဂိုရာသဘောတူညီချက်ကို ၂၀၁၄ ခုနှစ်တွင် လည်းကောင်း၊ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန် များ တရားမဝင် ကုန်သွယ်မှုကို တားဆီးနိုင်ရေးအတွက် မျိုးဆက်ပျက်သုဉ်းလုဆဲဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို ၁၉၇၅ ခုနှစ်တွင် လည်းကောင်း သဘောတူ ပြဋ္ဌာန်းခဲ့ပါသည်။


ယခုအခါ ကုလသမဂ္ဂကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံ များအနေဖြင့် သဘာဝနှင့်အတူ ဟန်ချက်ညီညီ အတူ ယှဉ်တွဲနေထိုင်ခြင်း “ Living in Harmony with Nature” ဟူသော ၂၀၅၀ မျှော်မှန်းချက်ထားပြီး ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝဂေဟစနစ် ထိန်းသိမ်းနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်အလွန် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မူဘောင် (Post 2020 Global Biodiversity Framework) ကို ပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဆောင်ရွက်ချက်များ
မြန်မာနိုင်ငံအနေဖြင့်လည်း ဂေဟစနစ်များနှင့် ဇီဝ မျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းခြင်းနှင့် ထာဝစဉ် တည်တံ့သော သဘာဝသယံဇာတ အရင်းအမြစ်များအား ရေရှည်တည်တံ့စွာ အသုံးပြုခြင်းဆိုင်ရာ ကတိကဝတ်များ ကို ကမ္ဘာ့နိုင်ငံများနှင့်အတူ နိုင်ငံ တကာပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်များနှင့် နောက်ဆက်တွဲစာချုပ်များတွင် အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။


ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုဖြစ်သော စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (Sustainable Development Goals-SDGs) ကို ပြည့်မီစေရန်အတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Devel-opment Plan- MSDP) ကို ချမှတ်ပြီး ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအပါအဝင် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကဏ္ဍအသီးသီးတွင် ပေါင်းစပ်အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲ မှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၊ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၊ နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (၂၀၁၅ - ၂၀၂၀) (National Biodiversity Strategy and Action Plan- NBSAP) (2015- 2020) များပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။


မြန်မာနိုင်ငံ၏ နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (၂၀၁၅- ၂၀၂၀) ကို လက်ရှိနှင့် အနာဂတ်မျိုးဆက်များ၏ လူမှုဘဝသာယာ ဝပြောရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် တည်ငြိမ်ရေးတို့အတွက် ကုလသမဂ္ဂဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်းက ချမှတ်ထားသည့် ဇီဝမျိုးစုံမျိုး ကွဲဆုံးရှုံးခြင်းကိုဖြစ်စေသည့် အကြောင်းအရင်းများအား ဖြေရှင်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများအပေါ် တိုက်ရိုက် ကျရောက်နေသော အန္တရာယ်များကို လျှော့ချခြင်းနှင့် ရေရှည်တည်တံ့စွာ အသုံးပြုနိုင်မှုကိုမြှင့်တင်ခြင်း၊ မျိုးရိုး ဗီဇ အရင်းအမြစ်များ၊ မျိုးစိတ်များနှင့် ဂေဟစနစ်များအား လုံခြုံစေခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲအခြေအနေကို တိုးတက် စေခြင်း၊ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲ များမှ ရရှိသောအကျိုးကျေးဇူးများအား ဆက်စပ်ပတ်သက် သူ အားလုံးခံစားနိုင်ရေး မြှင့်တင်ခြင်းနှင့် စွမ်းဆောင်ရည် တည်ဆောက်ခြင်း၊ အသိပညာ/ နည်းပညာဖလှယ် ဖြန့်ဝေ ခြင်းနှင့် ပူးပေါင်းပါဝင်သည့် စီမံချက်ရေးဆွဲခြင်းတို့ဖြင့် အကောင်အထည်ဖော်မှုကို မြှင့်တင်ခြင်းတို့ ပါဝင်သည့် မဟာဗျူဟာပန်းတိုင် ငါးရပ်ဖြင့် ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။


နိုင်ငံတော်၏ သစ်တောမူဝါဒတွင် သဘာဝထိန်းသိမ်း ရေးနယ်မြေများကို မြန်မာနိုင်ငံ ဧရိယာ၏ ၁၀ ရာခိုင်နှုန်း အထိ တိုးချဲ့ဖွဲ့စည်း တည်ထောင်ရန် လျာထားဆောင်ရွက် လျက်ရှိရာတွင် ယနေ့အထိ နိုင်ငံဧရိယာ၏ ၅ ဒသမ ၈၅ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေ ၄၅ ခုအဖြစ် သတ်မှတ်ဖွဲ့စည်းထားရာ အာဆီယံအမွေအနှစ်ဥယျာဉ် (ASEAN Heritage Park- AHP) ခုနစ်ခုလည်း ပါဝင်ပါသည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းတွင် ဒေသခံပြည်သူများ ပါဝင်မှု၊ ထောက်ခံ အားပေးမှုတို့ကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့်အင်းတော်ကြီး တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတို့ကို လူသားနှင့် ဇီဝအဝန်း နယ်မြေ (Man and Biosphere – MAB) အဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါသည်။


ကဏ္ဍအသီးသီးတွင် ဇီဝမျိုးစုံ မျိုးကွဲ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မူဝါဒဆိုင်ရာ ဦးဆောင်အဖွဲ့အစည်း အနေဖြင့် အမျိုးသားအဆင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၊ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ၊ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီတို့ကို နိုင်ငံတော်အဆင့် ဒုတိယသမ္မတများက ဦးစီးဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ ဗဟိုကော်မတီ များ၏ လမ်းညွှန်မှုဖြင့် ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝဂေဟ စနစ်များ ရေရှည်တည်တံ့စေရေး အလေးထားဆောင် ရွက်နိုင်ရန်အတွက် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်အပါအဝင် ဆက်စပ် ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါဝင်သည့်လုပ်ငန်း ကော်မတီများဖွဲ့စည်းပြီး ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို အခြေခံကျသည့် ဦးစား ပေး လုပ်ငန်းတစ်ရပ်အဖြစ် နိုင်ငံတော်၏ စီမံကိန်းများ၊ မူဝါဒများ၊ လုပ်ငန်းစီမံချက်များ၊ ဥပဒေများ ရေးဆွဲ ပြဋ္ဌာန်းခြင်းလုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲပြီး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ကြရမည် ဖြစ်ပါသည်။


အနှစ်ချုပ်အားဖြင့် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ် ဖြစ်သော တို့ကမ္ဘာမြေရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီ ထိန်းသိမ်းကြစို့နှင့်အညီ သက်ရှိလူသားတို့ ရေရှည် ရှင်သန်တည်တံ့နိုင်ရန် ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝ ဂေဟစနစ်များ ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံတကာ သဘောတူညီချက်များနှင့် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများ၊ မဟာဗျူဟာနှင့် ပင်မ လုပ်ငန်းအစီအစဉ်ပါ ရည်မှန်းချက်များနှင့်အညီ ထိရောက်သော လက်တွေ့လုပ်ဆောင်ချက်များအဖြစ် နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိက၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပြည်သူတို့အတူ လက်တွဲ၍ပူးပေါင်း အကောင် အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။ ။


ကျမ်းကိုးစာရင်း
- ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း (Conven-tion on Biological Diversity - CBD)(၁၉၉၂ ခုနှစ်)

- နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာ နှင့် လုပ်ငန်းစီမံချက် (၂၀၁၅-၂၀၂၀)

- ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေ (၂၀၁၈)

- Global Environment Outlook-6 (GEO-6) Report


http://www.unenvironment.org
https://www.forestdepartment.gov.mm
https://en.wikipaedia.org/wiki/wed
https://www.wikiwand.com
https://www.saveearth.info/loss-of-biodiversity/
https://www.conservation.org/…/why-is-biodiversity-important
https://www.bioexplorer.net/threats-to-biodiversity.html/
https://greentumble.com/10-ways-to-conserve-biodiversity/