တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေမူကြမ်းအပေါ် သုံးသပ်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်  ၂၀ စက်တင်ဘာ 

 

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ မူကြမ်းအပေါ် သုံးသပ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲသည် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေရေးဆွဲ ပြဋ္ဌာန်းနိုင်ရန် နှစ်ကြိမ်တိုင်အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပြီးနောက် ထွက်ပေါ်လာသည့် နည်းဥပဒေ(ဒုတိယမူကြမ်း)အား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ပြီး ပြန်ကြားလာသည့် သဘောထားမှတ်ချက်အပေါ် ပြန်လည်ပြုစု၍ ပေးပို့ရမည်ဖြစ်သည့်အတွက် အရေးကြီးသောညှိနှိုင်းဆွေးနွေးပွဲ တစ်ခုဖြစ်ပါကြောင်း။

 

 

တိုင်းရင်းသားမျိုးနွယ်စုများအားလုံး တောင်တန်း၊ မြေပြန့်ခွဲခြားမှုမရှိဘဲ တန်းတူညီမျှ အခွင့်အရေးရရှိရေးအတွက် ဖော်ဆောင်ရာတွင် တိုင်းရင်းသားများ၏ အခွင့်အရေး ချိုးဖောက်ခံရမှု မရှိစေရေးနှင့် ဘက်စုံလူမှုစီးပွားဘ၀ တိုးတက်မြှင့်တင်လာရေးတို့တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်အညီ ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကို တိုက်ရိုက်အထောက်အကူ ပြုစေနိုင်မည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့် အရေးများကို တိုင်းရင်းသားလူမျိုးများ အပြည့်အဝရရှိစေရန်နှင့် နည်းလမ်းတကျ ဆောင်ရွက်နိုင်ရေးအတွက် ဤနည်းဥပဒေ ပေါ်ထွက်လာမှသာ ဆောင်ရွက်နိုင်မည်ဖြစ်၍ နည်းဥပဒေပေါ်ထွက်ရေးသည် တိုင်းရင်းသားလူမျိုးများနှင့် ဝန်ကြီးဌာနအတွက် မည်မျှ အရေးကြီးသည်ကို မှန်းဆနိုင်မည်ဖြစ်ပါကြောင်း။

 

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ လုပ်ငန်းတာဝန်များကို ဝန်ကြီးဌာနရှိ ဦးစီးဌာနနှစ်ခုမှ လက်တွေ့ထိရောက်စွာ ဖော်ဆောင်နိုင်ရန် နည်းဥပဒေသည် အဓိကလိုအပ်ချက်ဖြစ်သည်နှင့်အညီ နည်းဥပဒေ (ဒုတိယမူကြမ်း)အပေါ် ပြန်လည်ပေးပို့လာသည့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်နှင့်အညီ အကောင်းဆုံးဖြစ်စေရန် ဝိုင်းဝန်းဆွေးနွေးဆောင်ရွက် ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

 

ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဥပဒေအကြံပေးအဖွဲ့မှ တာဝန်ရှိသူများက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် တက်ရောက်လာကြသူများက နည်းဥပဒေမူကြမ်း၏ အခန်းတစ်ခန်း ချင်းစီအလိုက် သုံးသပ်ညှိနှိုင်းဆွေးနွေးကြပြီး ဆွေးနွေးချက်များနှင့်အကြံပြုချက်များကို အတည်ပြုရေးဆွဲကြသည်။

 

 

နည်းဥပဒေသစ်ရေးဆွဲမှုအခြေအနေနှင့်စပ်လျဉ်း၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အယ်လ်တူးမိန်းဂေါင်က “ နည်းဥပဒေရေးဆွဲတဲ့အခါမှာ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကာကွယ်စောင့်ရှောက်သည့်ဥပဒေမှ ခွင့်ပြုထားတဲ့အပိုင်းနဲ့ တိုင်းရင်းသား လူမျိုးစုတွေမှာရှိနေတဲ့ မြင့်မားတဲ့မျှော်မှန်းချက်တွေကြားမှာ အဆင်အပြေဆုံးနဲ့ အသင့်တော်ဆုံးဖြစ်ပြီး ဝန်ကြီးဌာနရဲ့လုပ်ငန်းတာဝန်တွေကိုလည်း ထမ်းဆောင်နိုင်မယ့် နည်းဥပဒေတစ်ခု ပေါ်ပေါက်လာဖို့ ရည်ရွယ်ပါတယ်”ဟု ပြောသည်။

 

“ ဒီဆွေးနွေးပွဲ ပြီးရင်တော့ နည်းဥပဒေတတိယမူကြမ်း ထွက်ပေါ်လာမှာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ တတိယမူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ပြီးရင် ဥပဒေရေးရာ သဘောထားမှတ်ချက်တွေ၊ အသေးစိတ်ပြင်ဆင်တာတွေ အနည်းငယ်ရှိပါ မယ်။ အဲဒါတွေပြီးရင်တော့ မကြာခင်အချိန်အတွင်းမှာ တိုင်းရင်းသားပြည်သူတွေ အတွက် အကျိုးရှိမယ့် လုပ်ငန်းတာဝန် တွေထမ်းဆောင်ရာမှာလည်း အထောက်အကူ ပြုမယ့် နည်းဥပဒေသစ်တစ်ခု ပေါ်ထွက်လာမယ်လို့မျှော်လင့်ပါတယ်”ဟု အဆိုပါ နည်းဥပဒေ အပြီးသတ်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ၎င်းကပြောသည်။

 

(သတင်းစဉ်)