တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မွန်လူမျိုးတို့၏ “အပျိုလူပျို ဓလေ့နှင့် လက်ထပ်ထိမ်းမြား ခြင်းဓလေ့” ခေါင်းစဉ်ဖြင့် မျှဝေဆွေးနွေးသည့် အခမ်းအနားကျင်းပ

နေပြည်တော် ၁၆ အောက်တိုဘာ 

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများအား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများအား ကာကွယ်စောင့် ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာန၏ မျှော်မှန်းချက်များနှင့်အညီ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကိုသိရှိပြီး ဗဟုသုတများတိုးပွားစေရန်နှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန် ရည်ရွယ်ကာ အပတ်စဉ်အင်္ဂါနေ့တိုင်း တိုင်းရင်းသားရေးရာ စကားဝိုင်းဆွေးနွေးပွဲများ (Tuesday Talk) အစီအစဉ်ကို ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။ 

 

စကားဝိုင်းဆွေးနွေးပွဲကို ပထမအကြိမ်အဖြစ် ယနေ့ နံနက် ၁၀ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ “မွန်လူမျိုးတို့၏ အပျိုလူပျို ဓလေ့နှင့် လက်ထပ်ထိမ်းမြားခြင်းဓလေ့” ခေါင်းစဉ်ဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် က မျှဝေဆွေးနွေးသည့် အခမ်းအနားကို ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က “မွန်လူမျိုးတို့၏ အပျိုလူပျိုဓလေ့နှင့် လက်ထပ်ထိမ်းမြား ခြင်းဓလေ့” အကြောင်း ဆွေးနွေးရာတွင် သား/သမီး မွေးဖွားမှုမှစ၍ သား မွေးပါကတစ်မျိုး သမီး မွေးပါကတစ်မျိုး ဓလေ့ထုံးတမ်းများအရ ပြုလုပ်ဆောင်ရွက်ကြသည်များ၊ အပျို/လူပျို အရွယ်ရောက်ပါက လူပျို/အပျိုလှည့်သည့် ဓလေ့ထုံးတမ်းများ၊ အပြန်အလှန် ကဗျာ/အလင်္ကာများဖြင့် မေးမြန်းကြသည့် ဓလေ့များ၊ လက်ထပ်ထိမ်းမြားရာတွင် ဆောင်ရွက်ကြသည့် ဓလေ့ထုံးစံများအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများအရေး ဆောင်ရွက်ကြမည့်သူများဖြစ်၍ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးစံများအား ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် သိရှိထားရမည် ဖြစ်ပါကြောင်း၊ နောင်ဆွေးနွေးမည့် ဆွေးနွေးပွဲများတွင် တစ်ဦးတစ်ယောက်တည်းမှ ဆွေးနွေးသည့် ပုံစံမဟုတ်ဘဲ အဖွဲ့လိုက် ရှင်းလင်းဆွေးနွေးပါက ပိုမိုစိတ်ဝင်စားဖွယ်ဖြစ်ပြီး ဗဟုသုတများလည်း ပိုမိုရရှိမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲမှ ရရှိသည့် ဗဟုသုတများကိုလည်း မိမိတို့ပတ်ဝန်းကျင်သို့ ပြန်လည်မျှဝေရမည်ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် ဆွေးနွေးပွဲများ၏ ရည်ရွယ်ချက်ကို သိရှိကာ အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ဖြည့်စွက်ရှင်းလင်း ဆွေးနွေးသည်။

 

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ဒုတိယအမြဲ တမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြပြီး ယခုကျင်းပသည့် တိုင်းရင်းသားလူမျိုးများရေးရာ စကားဝိုင်းအစီအစဉ်များအား အပတ်စဉ် အင်္ဂါနေ့တိုင်း (Tuesday Talk) အစီအစဉ်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)