တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ရုံး အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂ နိုဝင်ဘာ 

 

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနသည် တိုင်းရင်းသားရေးရာ ကိစ္စရပ်များအား ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ညွှန်ကြားရေးမှူးရုံးများ ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် စစ်ကိုင်း၊ ချင်း၊ ရခိုင်၊ ရှမ်း၊ တနင်္သာရီ၊ တိုင်းဒေသကြီး/ ပြည်နယ်များ၌ ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ရုံးအဆောက်အဦသစ် တည်ဆောက်ရေး လုပ်ငန်းများကို ယခင်က ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်၍ ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများအပြင်  တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး လုပ်ငန်းများ ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက ရုံးအဆောက်အဦများကို စံချိန်စံညွှန်းနှင့်အညီ သုံးစွဲသောပစ္စည်းများ အရည်အသွေးပြည့်မီ မှန်ကန်ရေး အချိန်မှီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားထားသော“အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်ခြင်းနှင့် ရောင်းချခြင်းများဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း”နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုက်နာရမည့် “ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်ချက်များ” နှင့်အညီ အထူးအလေးထား ဆောင်ရွက်သွားရေး ဖြည့်စွက်ဆွေးနွေးသည်။

 

 

ဆက်လက်၍ ဒုတိယအမြဲတမ်းအတွင်းဝန်မှ တိုင်းဒေသကြီး/ပြည်နယ်များ၏ ရုံးအဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း၊ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးပုန်ဘွေ၊ ရှမ်းပြည်နယ် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဦးစောလုကာတို့မှ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)