တိုင်းရင်းသားတွေ တစ်နေရာတည်းမှာ ဆုံစည်းပြီး စီးပွားရေး၊ ယဉ်ကျေးမှု၊ ချစ်ခင် ရင်းနှီးမှုတွေ ဖော်ဆောင်ဖို့အတွက် လုပ်တဲ့ပွဲဖြစ်ပါတယ် ( ဦးလဖိုင်ခွန်ဆာ)

(တွေ့ဆုံမေးမြန်း - သီသီမင်း/ဓာတ်ပုံ - ခင်မောင်ဝင်း(ကြေးမုံ)

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား သွေးချင်းညီအစ်ကို ၊ မောင်နှမများ၏ ရိုးရာ ယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသနိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင် အသင်းက ကြီးမှူးကျင်းပသည့် ''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ'' တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းတွင် ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက်အထိ (၆)ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ပွဲတော်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ရှမ်း အစရှိသည့် တိုင်းရင်းသားများ၏ အကအလှများ၊ တိုင်းရင်းသားလူမျိုးစု တစ်စုချင်းစီ၏  ရိုးရာ ယဉ်ကျေးမှု ဓလေ့နေထိုင်မှု ပုံစံများနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းများ၊ ရိုးရာအစား အစာများကို တစုတစည်းတည်း ဖော်ပြထားသည့်ပြခန်းများနှင့် စီးပွားရေးလုပ်ငန်းရှင် များအတွက် မိမိတို့ကုန်ပစ္စည်းများကို တစုတဝေးတည်း၊ တစ်နေရာတည်းတွင်  ပြသ ရောင်းချနိုင်သည့် ပြခန်းများကို တစ်နေရာတည်းတွင် ပြသထားမည်ဖြစ်ပြီး ပွဲတော်သို့ လာရောက်လေ့လာသူများအနေဖြင့်လည်း တစ်နေရာတည်းတွင် တွေ့မြင်ခံစားနိုင် မည်ဖြစ် သည်။

ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားပြခန်း များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း တင်ပြလိုက်ရပါသည် -

 

MDN

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် (နာယက၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း)

ဒီအသင်းဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ နိုင်ငံမှာ အစိုးရသစ်က  ငြိမ်းချမ်းရေးကို ဦးစားပေးတယ်။  ငြိမ်းချမ်းရေးကို ဦးစားပေးတဲ့အခါမှာ ငြိမ်းချမ်းရေးရဲ့ အခြေခံက စီးပွားရေးပဲ။  နိုင်ငံမှာ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးက ဆက်စပ်နေတာ။  နိုင်ငံမှာ ဘောဂဗေဒ ရှုထောင့်အရ မငြိမ်းချမ်းလို့ မတိုးတက်၊ မတိုးတက်လို့ မငြိမ်းချမ်း၊ အဲဒီသံသရာကြီးကလည်နေတယ်။ အဲဒါနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ခွင့် တောင်းတာပေါ့၊ ခွင့်တောင်းတာက ဘာလဲဆိုရင် Business for Peace  ငြိမ်းချမ်းရေး အတွက် စီးပွားရေးလုပ်ခွင့်ပေးပါ။ ငြိမ်းချမ်းရေးရဖို့  (၂၁)   ရာစု ပင်လုံ  ကို ဆွေးနွေး တာ ကတစ်ပိုင်း၊ တစ်ဖက်ကလည်း စီးပွားရေးတွေ တိုးတက်အောင် ဘယ်လိုလုပ်မလဲ ၊ လာမယ့် ၂၅ ရက်ကနေ ၆ ရက်တိတိလုပ်မယ့်ပွဲဟာ တိုင်းရင်းသားလုပ်ငန်းရှင်တွေ စုစည်းတဲ့ပွဲ။ ကျွန်တော်တို့ နိုင်ငံမှာ တိုင်းရင်းသားဒေသတွေ တိုင်းရင်းသားလို့ပြောရင် ၁၃၅ မျိုးရှိတယ်။ ကျွန်တော်တို့အနေနဲ့ ဖြစ်စေချင်တာက တိုင်းရင်းသား လုပ်ငန်းရှင် တွေကို တစ်စုတစ်စည်းတည်း တကယ့်ကို စီးပွားရေးကို ထဲထဲဝင်ဝင် လုပ်စေချင်တယ်။

ကျွန်တော်တို့ဆီမှာ တိုင်းရင်းသားလုပ်ငန်းရှင်များအနေနဲ့ မွန်ဆိုလည်း မွန်၊ ပအိုဝ်းဆိုလည်း ပအိုဝ်း၊ “ဝ” ဆိုလည်း “ဝ”၊ သူတို့ဆီမှာ ထူးခြားတဲ့ ဝိသေသရှိတယ်။ ဝန်ဆောင်မှုတွေပေးနိုင်တယ်။  ဒါတွေကို ထူးထူးခြားခြားထုတ်နိုင်ရင်၊  ဒါတွေ အားလုံး သာ ကမ္ဘာ့ဈေးကွက်ထဲ ဖောက်နိုင်ရင် စီးပွားရေးဖွံ့ဖြိုးလာမယ် ။ ကျေးဇူးတင်ဖို့ ကောင်း တာက အစိုးရသစ်မှာ တိုင်းရင်းသားရေးရာဝန်ကြီးဌာနရှိတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနရဲ့ ဦးစီးမှု အောက်ကနေ ဒီအသင်းကြီးက လှုပ်ရှားနေတာ၊ ဖြစ်စေချင် တာကတော့ ဒီတိုင်းရင်းသားလုပ်ငန်းရှင်များ၊ ဒီနေ့လုပ်ရတဲ့ပွဲသည် တိုင်းရင်းသား လုပ်ငန်းရှင်တွေအားလုံး စုစည်းတယ်။ သူတို့ကို အားပေးတာပေါ့။ နိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့လည်းလိုတယ်။ ပြီးတော့မှ အခု လုပ်မယ့်ပွဲကလည်း ဟောဒီ ကျိုက္ကဆံ ကွင်းကြီးဟာ ဟိုးယခင်က ပြည်ထောင်စုနေ့ ပွဲလုပ်ရင် ဒီမှာပဲလုပ်တာ။  ဒါ့ကြောင့် ဒီလို ပြန်လုပ်တာ ဝမ်းသာတယ်။

ဒီပွဲတော်ကြီးမှာ မနောပွဲလည်းလုပ်မယ်။ မနောအကလည်းပါမယ်။ လက်ဝှေ့ပွဲ လည်းရှိမယ်။ မယ်ရွေးပွဲတွေပါမယ်။ နောက်တစ်ခုက အစားအသောက်တွေ အစားအ သောက်ကလည်း အလွန်အရေးကြီးတယ်၊ တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့ အစား အသောက်တွေက တစ်ခုနဲ့ တစ်ခု မတူဘူး။ ဖြစ်စေချင်တာက မြန်မာနိုင်ငံက တိုင်းရင်း သားတွေရဲ့ အစားအသောက်တွေ ကမ္ဘာ့ဈေးကွက်ထဲ ရောက်စေချင်တာ။ တိုင်းရင်း သားတွေဆီက အစားအသောက်တွေဟာ ထူးခြားတဲ့ အစားအသောက်တွေ ရှိတယ်၊ အဝတ်အထည်တွေရှိတယ်၊  လက်မှုပညာတွေရှိတယ်။ ဒါတွေအားလုံးကို ကမ္ဘာ့ဈေး ကွက် ထဲ ဖောက်ဖို့ဆို ဒီပွဲနဲ့ စရမှာဖြစ်ပါတယ်။ ဒီပွဲဟာ နိုင်ငံတော်အစိုးရရဲ့ အားပေးမှု၊ လုပ်ငန်းရှင်တွေက တစ်ယောက်အကြောင်းတစ်ယောက် တစ်ဦးချင်းလုပ် ရရင် ပင်ပန်းတယ်။  အခုလို ဝိုင်းဆွေးနွေးပြီး တိုင်းရင်းသား လုပ်ငန်းရှင်များ အားလုံးအတွက် အဖွဲ့အစည်းရှိတာဟာ ကျွန်တော်တို့အတွက် အင်မတန်မှ ဂုဏ်ယူစရာ လည်းဖြစ်တယ်။

ကိုယ့်နိုင်ငံ တိုးတက်စေချင်တယ်၊ အောင်မြင်စေချင်တယ်၊ ငြိမ်းချမ်းစေချင်တယ်၊ ဒီအောင်မြင်မှုတွေကို ဒီပွဲကနေတစ်ဆင့် ငြိမ်းချမ်းရေးပွဲလို့လည်းပြောလို့ရတယ်။  ယဉ်ကျေးမှုပွဲလည်း ပြောလို့ရတယ်။ စီးပွားရေးပွဲလို့လည်းပြောလို့ရတယ်။ လူမှုရေးပွဲ လို့လည်းပြောလို့ရတယ်။ အခု ပြခန်းတွေ လိုက်ကြည့်တဲ့ အခါမှာ သမိုင်းအမွေ အနှစ်တွေကို ဖော်ထုတ်ထားတာရှိတယ်။ သမိုင်းအမွေအနှစ် တွေများတဲ့ တိုင်းရင်းသား တွေ စုစည်းထားတဲ့ ပြည်ထောင်စုကြီးတိုးတက်အောင် ဒီပွဲကနေတစ်ဆင့် ပေါ့။  ကျွန်တော် တစ်ခုပဲ သတိပေးချင်တာက ပွဲပြီးမီးသေဆိုတဲ့ စကားလို ပွဲလုပ်တုန်းက တော့ အကုန်လုံးအားထည့်တာပဲ၊ ပွဲလဲပြီးသွားရော ပြီးသွားရော အဲဒီလိုမျိုးမဖြစ်အောင် အားထုတ် ကြဖို့လိုတယ်။

ဒီနေ့ ဖြစ်စေချင်တာတော့ နိုင်ငံခြား ဧည့်သည်တွေလည်း ဖိတ်ဖို့ အစီအစဉ် တွေရှိတယ်။ သံရုံးတွေ သိဖို့လိုတယ်၊ မြန်မာပြည်နဲ့ ပတ်သက်လာရင် ပြသနာဖြစ် တာကိုပဲ သိတယ်။ အေးချမ်းတာကို မသိဘူး၊ တိုးတက်တာကို မသိဘူး၊ အဲဒီတော့ ဒီပွဲကနေတစ်ဆင့် ကမ္ဘာကိုကြေညာချင်တာ၊ မင်းတို့ပြောသလိုမဟုတ်ဘူး၊ ရခိုင်တစ်ခု တည်းမှာတင် အနောက်ဘက်မှာပဲ ပြသနာဖြစ်တာ၊ ရခိုင်မှာ အေးချမ်းတဲ့ နေရာတွေ အများကြီး။ ကချင်မှာလည်း ပဋိပက္ခရှိတယ်ဆိုပေမယ့် အေးချမ်းတဲ့နေရာအများကြီး၊ ရှမ်းလည်း ဒီအတိုင်းပဲ၊ မွန်လည်း ဒီအတိုင်းပဲ အေးချမ်းတဲ့နိုင်ငံ၊ တိုးတက်တဲ့ နိုင်ငံဖြစ်ဖို့ စီးပွားရေး အခွင့်အရေးတစ်ခုပါ။

ဒီပွဲတွေ လုပ်ထားတာကြည့်ပြီး ကျွန်တော်မျှော်လင့်တာကတော့ ယုံကြည်မှု တည်ဆောက်တာ၊ တိုင်းရင်းသားတွေအားလုံး တစ်ယောက်နဲ့ တစ်ယောက်က ဥမကွဲ သိုက်မပျက် အပေးအယူရှိဖို့လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ဖို့လိုတယ်။ ဒီပွဲကနေတစ်ဆင့် ကျွန်တော်တို့ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 

mdn

ဦးလဖိုင်ခွန်ဆာ (ဒုတိယဥက္ကဌ - ၁ ၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်အသင်း)

ဒီပွဲကို မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်အသင်းက ဦးဆောင်ပြီးတော့ လုပ်တဲ့ပွဲ ဖြစ်ပါတယ်။ ပွဲလုပ်ရခြင်း ရည်ရွယ်ချက်ကတော့ တိုင်းရင်းသားတွေ တစ်နေရာတည်းမှာစုံစည်းပြီး စီးပွားရေး၊ ယဉ်ကျေးမှု၊ ချစ်ခင်ရင်းနှီးမှုတွေ ဖော်ဆောင်ဖို့အတွက် လုပ်တဲ့ပွဲဖြစ်ပါတယ်။ ဒီနိုင်ငံမှာ တိုင်းရင်းသားလုပ်ငန်းရှင်တွေအနေနဲ့ ပထမဆုံးလုပ်တဲ့ပွဲဖြစ်ပါတယ်။ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဖွဲ့ဖြစ်တာက တိုင်းရင်းသားတွေရဲ့ စီးပွားရေးအခွင့်အလမ်း တိုင်းရင်းသားလုပ်ငန်းရှင်များ များများပေါ်ပေါက်ရေးအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့အသင်းဖြစ်ပါတယ်။

တိုင်းရင်းသားလုပ်ငန်းရှင် များများပေါ်ထွန်းရေးဆိုတဲ့ ရည်ရွယ်ချက်ကတော့ စီးပွားရေးနဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေးကို အရင်လုပ်မလား ငြိမ်းချမ်းရေးကို အရင်လုပ် မလားဆိုတဲ့အပေါ် စီပွားရေးနဲ့ ငြိမ်းချမ်းရေး ဒွန်တွဲလုပ်ရမယ်ဆိုတာလည်း ရည်ရွယ် ချက်ထဲမှာ ပါပါတယ်။ စီးပွားရေးနဲ့ ပညာရေးဆိုတာကလည်း ဒွန်တွဲပြီးတော့ စီးပွားရေး ကောင်းမှ ပညာရေးလည်း ကောင်းလာမယ်။ ပညာရေးကောင်းလာမှ နိုင်ငံရဲ့ လူ့စွမ်း အား အရင်းအမြစ်ကလည်း  မြင့်မားလာမယ်။ နိုင်ငံရဲ့ အရင်းအမြစ် အသိဉာဏ်တွေ ဖွံ့ဖြိုးလာလေလေ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့်အားဖြင့် ပိုပြီးမြင့်တင် လာမယ်။ ဖွံ့ဖြိုးလာမယ်။ ပွဲတော်မှာ တစ်ယောက်နဲ့တစ်ယောက် ဆုံစည်းကြမယ်။ မိတ် ဆက်ကြမယ်၊ ကူးလူးဆက်ဆံကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲလုပ်ရခြင်းဖြစ်ပါတယ်။

ဒီနှစ်ကတော့ တိုင်းရင်းသားတွေ အက္ခရာစဉ်အလိုက် ကချင်ကစပြီး လုပ်တဲ့ပွဲ။ နောင်နှစ်တွေမှာလည်း အက္ခရာစဉ်အလိုက် တခြားတိုင်းရင်းသားတွေဦးစီးပြီးတော့ ဒီလိုပွဲမျိုးတွေကျင်းပဖို့ ရည်ရွယ်ထားတယ်။ နှစ်စဉ်နှစ်တိုင်း ဘယ်လမှာရယ်လို့တော့ သတ်မှတ်ထားတာမရှိဘူး။ အဆင်ပြေတဲ့ ရာသီမှာ အဆင်ပြေတဲ့အချိန်မှာ ကျင်းပဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ များများ ပေါင်းသင်းကူးလူးဆက်ဆံမယ်ဆိုရင် ပိုပြီးတော့ တစ်ဦးနဲ့တစ်ဦး ရင်းနှီး ချစ်ခင်ကြမယ်။ စီးပွားရေးအခွင့်အလမ်း ပိုပြီးမြင် လာကြမယ်။ စီးပွားရေးသတင်းအချက်အလက်တွေ များများဖလှယ်နိုင်မယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ဒီပွဲလုပ်ရတာဖြစ်ပါတယ်။

 

mdn

ဒေါ်စောခင်တင့် (ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ)

ဒီပွဲမှာ  ရခိုင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း အနေနဲ့ပါဝင်တာဖြစ်ပါတယ်။  ဆင်ယင်ထုံးဖွဲ့မှုအပိုင်းမှာ ယဉ်ကျေးမှုအပိုင်းမှာလည်းပါတယ်၊  ခရီးသွားလုပ်ငန်း အပိုင်းမှာလည်း ပါတယ်။ ခရီးသွားအနေနဲ့ ရခိုင်ဆိုရင် SEZ လိုမျိုး၊ နေပူတောင်လို သိပ်ထင်ရှားတဲ့ နိုင်ငံတကာ ခရီးသွားတွေစိတ်ဝင်စားအောင် တင်ပြထားတဲ့ နေရာ တွေပါမယ်။ တကယ်ထင်ရှားတဲ့ ရခိုင်သင်္ကြန်ရဲ့ သရုပ်ဖော်ပုံလေးတွေ ထည့်ထား တယ်။ ဘုရား ရေသပ္ပါယ်ပွဲ၊ အထူးသဖြင့် တခါမှ မပြရသေးတဲ့ ရခိုင်ဆံထုံး ထုံးဖွဲ့မှု၊ ရခိုင်တွေရဲ့ ဆံထုံးထုံးဖွဲ့မှုဟာ ရခိုင်တွေရဲ့ သမိုင်းအစဉ်အဆက် ရေးထားတဲ့ အထဲမှာ ရခိုင်ဆံထုံး ၆၄ မျိုးရှိတဲ့အထဲက ၃၃ မျိုးလောက်ကို ဆရာမကြီး ဒေါ်စောမုံညှင်းတို့ မှတ်တမ်းတင်ထားတယ်။ ရခိုင်မှတ်တမ်းတင်ဆရာတွေလည်း မှတ်တမ်းတင်ထား တယ်။ ဒါကို နှစ်ပေါင်း ၂၀ လောက်ရှာဖွေထားတာကို ဒီနေ့ ၆၄ မျိုးစလုံး အကုန် ထုတ်ပြီး ပြသသွားမှာ။ ဓညဝတီခေတ်ကနေ မြောက်ဦးထိ ဗောင်းတော် ၄၀ ကိုလည်း စုံအောင်ပြထားတယ်။ ရခိုင် ကျင်ကိုင်ပွဲတွေပါမယ်။ ရိုးရာ အဝတ်အစားဒီဇိုင်း၊ ရခိုင်မျိုးနွယ်စုတွေရဲ့ အခန်းကဏ္ဍတွေ ဒါတွေကို ပြမယ်။ နောက်တစ်ခုက ရခိုင် မင်္ဂလာဆောင်ပေါ့ ။  အဲဒါကိုတော့ ရခိုင်အိမ်ထဲမှာပဲ ခင်းကျင်းပြသထားမယ်။ ယနေ့ အထိ သာမန်အရပ်သားပြည်သူတွေ သုံးစွဲတဲ့ အသုံးအဆောင် ခမောက်လေးတွေ တန်ဖိုးလည်း သိပ်မများဘူး။  တစ်ခုကို ၂၀ဝ၀ - ၂၅၀ဝ ပဲပေးရတယ်။ ရခိုင်တိုင်း ရင်းသားတွေ ဒီနေ့အထိ ဒါက်ု သုံးစွဲနေတယ်။ ဒါလေးတွေကို အပေါ်မှာ အလှချိတ်ပြီး သရုပ်ဖော်ပုံလေးနဲ့ သရုပ်ဖော်ထားတာပါ။

 

mdn

ဦးအောင်ကြီး( စစ်ကိုင်းတိုင်းကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း -ဥက္ကဋ္ဌ)

ကျွန်တော် အသက် ၆၀ တန်းမှာ  ပထမဆုံးမြင်ကွင်းပေါ့။  တိုင်းရင်းသားတွေ တစ်နေရာတည်းမှာ စုစည်းပြီးတော့ ရင်းနှီးချစ်ခင်မှုကိုလည်း ပေါ်လွင်စေတယ်။ တစ်ဦးနဲ့တစ်ဦး ကူးသန်းရောင်းဝယ်မှု ဖလှယ်မှုတွေ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင် ရာရော တစ်ဦးနဲ့ တစ်ဦး ဖလှယ်တဲ့ ပွဲလို့မြင်မိပါတယ်။  ဒီပွဲကို လာခြင်းအားဖြင့် တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို သွားတွေ့တယ်၊ တွေ့ခြင်းအားဖြင့် အခု သွားနေတဲ့ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဟာလည်း ဒွန်တွဲနေတယ်၊ စီးပွားရေးကောင်း မှလည်း ငြိမ်းချမ်းရေးကောင်းမယ်။ ငြိမ်းချမ်းရေးကောင်းမှ စီးပွားရေးကောင်းမယ် ဆိုတဲ့အတွက် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မိတ်ဆွေသင်္ဂဟ အားလုံးလာကြဖို့ ဖိတ်ခေါ်ပါတယ်။

 

mdn

ဒေါ်ကေဂျာနူး(ဖျော်ဖြေရေးဆပ်ကော်မတီ)

တိုင်းရင်းသား ယဉ်ကျေးမှုပွဲတော်လည်းဖြစ်တယ်။  မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးအတွက် လုပ်တဲ့ပွဲကြီးမှာ ကျွန်မတို့က ဖျော်ဖြေရေးအနေနဲ့ ပါတယ်။  အနုပညာ ဖျော်ဖြေမှု စင်တင်တေးဂီတတွေ တိုင်းရင်းသားရိုးရာအကတွေ ရိုးရာအဆိုတွေ အကုန်လုံးပါပါတယ်။ ညစဉ်တင်ဆက်မှာဖြစ်ပါတယ်။ ထူးထူးခြားခြား အနေနဲ့ Miss Ethnic Myanmar 2019 ဆိုပြီးတော့ တိုင်းရင်းသူလေးတွေ၊ မျိုးနွယ်စုတွေအကုန်လုံး ၄၁ ဦးကိုရွေးထားပါတယ်။ မျိုးနွယ်စုတစ်ခုမှာ အနည်းဆုံး သုံးယောက်ကိုရွေးမယ်။ ၂၉ ရက်နေ့မှာ နောက်ဆုံးရွေးချယ်မှာဖြစ်ပါတယ်။ ၂၈ ရက်နေ့မှာတော့ ကရင်ဒုံးယိမ်းကပါမယ်။ မနောအကလည်းရှိပါတယ်။ မနောအက ဘာ့ကြောင့် လုပ်သလဲဆိုတော့ တိုင်းရင်းသားအားလုံး လူအများကြီး တစ်ခါတည်း ဝင်ကလို့ရတယ်။

တိုင်းရင်းသားလူမျိုးတွေအားလုံးရဲ့ ဝတ်စားဆင်ယင်မှုအားလုံးလည်း တစ်နေရာ တည်းမှာ တစ်စုတစည်းတည်း တစ်ဝကြီး အကုန်လုံးကြည့်ရမယ်။ လူအများကြီး တိုင်းရင်းသားတစ်မျိုးကို လူ ၁၀ဝ၊ ၂၀ဝ ကလို့ရတယ်၊ မနောအကဖြစ်တဲ့အတွက် ကချင်မျိုးနွယ်စုတွေက ဦးဆောင်ပါမယ်။ မြစ်ကြီးနားကနေပြီး  မနောတိုင်တွေ သယ်လာရပါတယ်။ မနောတိုင်လည်း ထူထားပြီးပါပြီ။ ၂၃ ရက်နေ့မှာ အစမ်းလေ့ ကျင့်မှာဖြစ်ပါတယ်။ မနောအကမှာ အားလုံးပါဝင်ကပြနိုင်အောင် အစီအစဉ်တွေလည်း ရှိပါတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေက ကွင်းဖွင့်ပွဲကလွဲလို့ ပုံမှန် ညနေ ၆ နာရီက စပါမယ်။ ည ၁၁ နာရီအထိ ကျင်းပဖို့ ကြိုးစားထားပါတယ်။ တိုင်းရင်းသား ပြည်သူတွေ အားလုံးကို လာစေချင်ပါတယ်။ ပိုက်ဆံပွဲလည်းမဟုတ်ပါဘူး၊ လူတိုင်း မိသားစုလိုက် လာလည်စေချင်ပါတယ်။ တိုင်းရင်းသားအားလုံး တစ်စုတစ်စည်းတည်း ကြုံတောင့် ကြုံခဲပွဲ၊ အသံလေးတွေ၊ အကလေးတွေ တကူးတက နယ်တွေထိ သွားစရာမလိုဘဲနဲ့ ဒီကျိုက္ကဆံကွင်းလာလိုက်တာနဲ့ အကအလှပေါင်းစုံ ၊ ဝတ်စားဆင်ယင်မှုပေါင်းစုံကို မြင်ရမှာပါ အားလုံးကို လာဖို့ ဖိတ်ခေါ်ပါတယ်။

 

mdn

မိုင်ထွန်းကျော်( ရန်ကုန်တအာင်းလူငယ်အဖွဲ့) တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယဉ်ကျေးမှု ပြခန်း

ဒီပြခန်းမှာ ကျွန်တော်တို့ ရိုးရာယဉ်ကျေးမှု၊ ပစ္စည်း အသုံးအဆောင်တွေပြမယ်။ နောက်ပြီး ခေတ်သစ်မှာ ကျွန်တော်တို့ ဒေသထွက်ကုန်တွေ ရှိတယ်။  ရိုးရာ အဆင် လေးတွေ ပြသမယ်။ နောက်တစ်ခုက ခရီးသွားလာရေးနဲ့ ပတ်သက်ပြီး သွားလည်လို့ ရတဲ့နေရာတွေကို ပရိုဂျက်တာနဲ့ ပြသထားမယ်။ ဘယ်နေရာတွေကလှပတယ်၊ လည်လို့ရတယ်ဆိုတာတွေကို ရှင်းပြမယ်။ ဒေသထွက်ကုန်တွေကို ပြသထားမယ်။ တကယ်လို့ ဝယ်ချင်တယ်ဆိုလည်း ကျွန်တော်တို့ အရောင်းဆိုင်ဖွင့်ထားတဲ့နေရာမှာ သွားဝယ်လို့ရပါတယ်။ တအာင်းအကနဲ့ အဆိုတွေလည်း ပါပါမယ်၊ ဒီမှာ လာပြတဲ့ အခါကျတော့ တစ်ဦးနဲ့တစ်ဦး စည်းလုံးမှုရှိပါလားဆိုတာ ခံစားမိလာတယ်။ တခြား တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေလည်း လေ့လာခွင့်ရလာတယ်။