တိုင်းရင်းသားတွေဆီက အစားအသောက်တွေဟာ ထူးခြားတဲ့ အစားအသောက်တွေရှိတယ်၊ အဝတ်အထည်တွေရှိတယ်၊ လက်မှုပညာတွေရှိတယ်၊ ဒါတွေအားလုံးကို ကမ္ဘာ့စျေးကွက်ထဲ ထိုးဖောက်ဖို့ဆို ဒီပွဲနဲ့ စရမှာဖြစ်ပါတယ်

တွေ့ဆုံမေးမြန်း - သီသီမင်း၊ ဓာတ်ပုံ  - ခင်မောင်ဝင်း (ကြေးမုံ)

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားသွေးချင်းညီအစ်ကို မောင်နှမများ၏ ရိုးရာယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသနိုင်ရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပ သည့် "သွေးချင်းတို့ရဲ့ ပွဲတော်ဆီ" တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်းတွင် ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက်အထိ ခြောက်ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

ပြခန်းများပြသထားမည်  

အဆိုပါပွဲတော်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသားလူမျိုးကြီး ရှစ်မျိုး ၏ အကအလှများ၊ တိုင်းရင်းသားလူမျိုးစု တစ်စုချင်းစီ ၏ ရိုးရာယဉ်ကျေးမှုဓလေ့၊ နေထိုင်မှုပုံစံများနှင့် ရိုးရာအသုံး အဆောင်ပစ္စည်းများ၊ ရိုးရာအစားအစာများကို တစ်စု တစ်စည်းတည်းဖော်ပြထားသည့် ပြခန်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များအတွက် မိမိတို့ကုန်ပစ္စည်းများကို တစ်စု တစ်ဝေးတည်း၊ တစ်နေရာတည်းတွင် ပြသရောင်းချနိုင်သည့် ပြခန်းများကို ပြသထားမည်ဖြစ်ပြီး ပွဲတော်သို့ လာရောက်လေ့လာသူများ အနေဖြင့်လည်း တစ်နေရာတည်းတွင် တွေ့မြင်ခံစားနိုင်မည်ဖြစ်သည်။

သို့ပါ၍ အဆိုပါပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားပြခန်းများမှ တာဝန် ရှိသူများနှင့် တွေ့ဆုံမေးမြန်းတင်ပြလိုက်ရပါသည်

 

mdn

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် (နာယက၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း)

ဒီအသင်းဖွဲ့ရတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ နိုင်ငံမှာ အစိုးရသစ် ဦးစားပေးတာက ငြိမ်းချမ်းရေးကို ဦးစားပေးတာ၊ ငြိမ်းချမ်းရေးကိုဦးစားပေးတဲ့အခါမှာ ငြိမ်းချမ်းရေးရဲ့ အခြေခံကစီးပွားရေးပဲ၊ နိုင်ငံမှာစီးပွားရေးနဲ့ ငြိမ်းချမ်းရေးက ဆက်စပ်နေတာ၊ နိုင်ငံမှာ ဘောဂဗေဒရှုထောင့်အရ မငြိမ်းချမ်းလို့ မတိုးတက်၊ မတိုးတက်လို့ မငြိမ်းချမ်း၊ အဲဒီ သံသရာကြီးကလည်နေတယ်၊ အဲဒါနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ခွင့်တောင်းတာပေါ့၊ ခွင့်တောင်းတာ ကဘာလဲဆိုရင် Business for Peace ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ခွင့်ပေးပါ။ ငြိမ်းချမ်းရေးရဖို့ ပင်လုံ(၂၁)ရာစု ဒါတွေဆွေးနွေးတာကတစ်ပိုင်း၊ တစ်ဖက်ကလည်း စီးပွားရေးတွေ တိုးတက်အောင် ဘယ်လိုလုပ်မလဲ၊ လာမယ့် ၂၅ ရက်ကနေ ခြောက်ရက်တိတိလုပ်မယ့်ပွဲဟာ တိုင်းရင်းသားလုပ်ငန်းရှင်တွေ စုစည်းတဲ့ပွဲ၊ ကျွန်တော်တို့ နိုင်ငံမှာတိုင်းရင်းသားတွေ တိုင်းရင်းသားလို့ပြောရင် ၁၃၅ မျိုးရှိတယ်။ ကျွန်တော်တို့အနေနဲ့ ဖြစ်စေချင်တာက တိုင်းရင်းသားလုပ်ငန်းရှင်တွေကို တစ်စုတစ်စည်းတည်း တကယ့်ကို စီးပွားရေးကို ထဲထဲဝင်ဝင်လုပ်စေချင်တယ်။

ကျွန်တော်တို့ဆီမှာ တိုင်းရင်းသားလုပ်ငန်းရှင်တွေ အနေနဲ့ မွန်ဆိုလည်းမွန်၊ ပအိုဝ်းဆိုလည်း ပအိုဝ်း၊ ‘ဝ’ ဆိုလည်း ‘ဝ’၊ သူတို့ဆီမှာ ထူးခြားတဲ့ဝိသေသရှိတယ်။ ဝန်ဆောင်မှုတွေပေးနိုင်တယ်၊ ဒါတွေကိုထူးထူးခြားခြား ထုတ်နိုင်ရင်၊ ဒါတွေအားလုံးသာ ကမ္ဘာ့ဈေးကွက်ထဲ ထိုးဖောက်နိုင်ရင် စီးပွားရေးဖွံ့ဖြိုးလာမယ်။ ကျေးဇူးတင်ဖို့ ကောင်းတာက အစိုးရသစ်မှာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနရှိတယ်။ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနရဲ့ ဦးစီးမှုအောက်ကနေ ဒီအသင်းကြီးက လှုပ်ရှားနေတာ၊ ဖြစ်စေချင်တာကတော့ ဒီတိုင်းရင်းသား လုပ်ငန်းရှင်များ၊ ဒီနေ့လုပ်ရတဲ့ပွဲမှာ တိုင်းရင်းသား လုပ်ငန်းရှင်တွေအားလုံးစုစည်းတယ်။ သူတို့ကို အားပေး တာပေါ့။ နိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့လည်း လိုတယ်။ ပြီးတော့မှ အခုလုပ်မယ့်ပွဲကလည်း ဟောဒီ ကျိုက္ကဆံကွင်းကြီးဟာ ဟိုးယခင်ကပြည်ထောင်စုနေ့ ပွဲလုပ်ရင် ဒီမှာပဲလုပ်တာ၊ ဒါကြောင့် ဒီလိုပြန်လုပ်တာ ဝမ်းသာတယ်။

ဒီပွဲတော်ကြီးမှာ မနောပွဲလည်းလုပ်မယ်။ မနောအက လည်းပါမယ်။ လက်ဝှေ့ပွဲလည်းရှိမယ်။ မယ်ရွေးပွဲတွေပါမယ်။ နောက်တစ်ခုက အစားအသောက်တွေ၊ အစား အသောက်ကလည်း အလွန်အရေးကြီးတယ်၊ တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့ အစားအသောက်တွေက တစ်ခုနဲ့တစ်ခု မတူဘူး၊ ဖြစ်စေချင်တာက မြန်မာနိုင်ငံက တိုင်းရင်းသားတွေရဲ့ အစားအသောက်တွေ ကမ္ဘာ့ဈေးကွက်ထဲ ရောက်စေ ချင်တာ။ တိုင်းရင်းသားတွေဆီက အစားအသောက်တွေဟာ ထူးခြားတဲ့ အစားအသောက်တွေရှိတယ်၊ အဝတ် အထည်တွေရှိတယ်။ လက်မှုပညာတွေရှိတယ်။ ဒါတွေ အားလုံးကို ကမ္ဘာ့ဈေးကွက်ထဲထိုးဖောက်ဖို့ဆို ဒီပွဲနဲ့စရမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ နိုင်ငံတော်အစိုးရရဲ့ အားပေးမှု၊ လုပ်ငန်းရှင်တွေက တစ်ယောက်အကြောင်းတစ်ယောက်၊ တစ်ဦးချင်းလုပ်ရရင် ပင်ပန်းတယ်၊ အခုလို ဝိုင်းဆွေးနွေးပြီး တိုင်းရင်းသားလုပ်ငန်းရှင်တွေ အားလုံးအတွက် အဖွဲ့အစည်းရှိတာဟာ ကျွန်တော်တို့အတွက် အင်မတန်မှ ဂုဏ်ယူစရာလည်းဖြစ်တယ်။

အမွေအနှစ်ဖော်ထုတ်

ကိုယ့်နိုင်ငံတိုးတက်စေချင်တယ်၊ အောင်မြင်စေချင်တယ်၊ ငြိမ်းချမ်းစေချင်တယ်၊ ဒီအောင်မြင်မှုတွေကို ဒီပွဲကနေတစ်ဆင့် ငြိမ်းချမ်းရေးပွဲလို့လည်း ပြောလို့ရတယ်၊ ယဉ်ကျေးမှုပွဲလို့လည်း ပြောလို့ရတယ်။ စီးပွားရေးပွဲလို့လည်း ပြောလို့ရတယ်။ လူမှုရေးပွဲလို့လည်း ပြောလို့ရတယ်။ အခု ပြခန်းတွေလိုက်ကြည့်တဲ့အခါမှာ သမိုင်းအမွေအနှစ် တွေကိုဖော်ထုတ်ထားတာရှိတယ်။ သမိုင်းအမွေအနှစ်တွေ များတဲ့ တိုင်းရင်းသားတွေ စုစည်းထားတဲ့ ပြည်ထောင်စုကြီး တိုးတက်အောင် ဒီပွဲကနေတစ်ဆင့်ပေါ့၊ ကျွန်တော် တစ်ခုပဲ သတိပေးချင်တာက ပွဲပြီးမီးသေဆိုတဲ့စကားလို ပွဲလုပ်တုန်းကတော့ အကုန်လုံးအားထည့်တာပဲ၊ ပွဲလည်းပြီးသွားရော၊ ပြီးသွားရော အဲ့လိုမျိုးမဖြစ်အောင် အားထုတ်ကြဖို့လိုတယ်။

ဒီနေ့ဖြစ်စေချင်တာတော့ နိုင်ငံခြားဧည့်သည်တွေလည်း ဖိတ်ဖို့ အစီအစဉ်တွေရှိတယ်။ သံရုံးတွေ သိဖို့လိုတယ်၊ မြန်မာပြည်နဲ့ပတ်သက်လာရင် ပြဿနာဖြစ်တာကိုပဲ သိတယ်။ အေးချမ်းတာကိုမသိဘူး၊ တိုးတက်တာကို မသိဘူး၊ အဲဒီတော့ ဒီပွဲကနေတစ်ဆင့် ကမ္ဘာကိုကြေညာချင်တာ၊ မင်းတို့ပြောသလိုမဟုတ်ဘူး၊ ရခိုင်တစ်ခုတည်းမှာတင် အနောက်ဘက်မှာပဲ ပြဿနာဖြစ်တာ၊ ရခိုင်မှာ အေးချမ်းတဲ့နေရာတွေ အများကြီး။ ကချင်မှာလည်း ပဋိပက္ခ ရှိတယ်ဆိုပေမယ့် အေးချမ်းတဲ့နေရာအများကြီး၊ ရှမ်းလည်း ဒီအတိုင်းပဲ၊ မွန်လည်းဒီအတိုင်းပဲ အေးချမ်းတဲ့နိုင်ငံ၊ တိုးတက်တဲ့နိုင်ငံဖြစ်ဖို့ စီးပွားရေးအခွင့်အရေးတစ်ခုပါ။

ဒီပွဲတွေ လုပ်ထားတာကြည့်ပြီး ကျွန်တော်မျှော်လင့်တာကတော့ ယုံကြည်မှုတည်ဆောက်တာ၊ တိုင်းရင်းသားတွေအားလုံး တစ်ယောက်နဲ့တစ်ယောက်က ဥမကွဲ သိုက်မပျက် အပေးအယူ ရှိဖို့လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ဖို့လိုတယ်။ ဒီပွဲကနေတစ်ဆင့် ကျွန်တော်တို့ရလာ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)