တက္ကသီလာ မြကျွန်းသာမှာ ပညာရည်နို့သောက်စို့ခဲ့ပါသည် အပိုင်း(၄)

စန်းနီလာဝင်း

ပညာပြည့်ဝနှလုံးလှစေ၊ ပညာလည်းတတ်၊ ကိုယ်ကျင့်မြတ်အောင် သတိလက်ယာ၊ ပညာလက်ဝဲ၊ မှတ်ယူစွဲလော့

 

အပြင်အရပ်၌ မြတ်နိုးသူမရှိ၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းမရှိ၊ မိတ်သင်္ဂဟ မရှိ၊ ပညာရခြင်းမရှိသောအရပ်ကို စွန့်ပစ် အပ်၏ ဟု နီတိဆရာများက ဩဝါဒပြုထား ကြပါသည်။ အမိရန်ကုန်တက္ကသိုလ် ရှင်သန်ရာ တက္ကသီလာ မြကျွန်းသာသည် အမိမြန်မာပြည်အတွက် ဝိဇ္ဇာ၊ သိပ္ပံပညာရပ် များ၏ အဆင့်မြင့်ဆုံး သင်ကြားပေးရာ ဘူမိနက်သန်အောင်မြေမှန်ရာ နေရာဖြစ် သောကြောင့် အဆင့်မြင့်ဝိဇ္ဇာ၊ သိပ္ပံပညာသင် လူငယ်မောင်မယ်များ၏ ကွန်းခိုအားထားရာ ပညာ့ဗိမာန်ကြီး ဖြစ်ပါသည်။

 

အဆင့်မြင့်ပညာရပ်များသည် “လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်း (HDI=Human Development Index) ကိုအခြေခံကျကျပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိသည်။ လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ဆနှုန်းကိန်းသည် ‘ဝ (သုည) မှ ‘၁ (တစ်) အတွင်းရှိနေရာ ‘ဝ ဒသမ ၁ သည် အနိမ့်ဆုံး ဖြစ်ပြီး ‘၁ (တစ်) မှာ အမြင့်ဆုံးဖြစ်၍ ‘ဝ ဒသမ ၁ ဘက်သို့ နီးလေလေလူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ဆနှုန်းကိန်း နိမ့်လေလေ ဖြစ်သည်။

 

ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်အဖွဲ့ (UNDP) ၏ လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက် မှုဆနှုန်းကိန်းဆိုင်ရာ အစီရင်ခံစာကို လေ့လာကြည့်ပါက ကမ္ဘာ့နိုင်ငံပေါင်း ၁၈၉ နိုင်ငံတွင် နော်ဝေနိုင်ငံက လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ဆနှုန်းကိန်း ဝ ဒသမ ၉၅၃ ဖြင့် အဆင့်(၁) နေရာ၌ရှိနေပြီး မြန်မာနိုင်ငံ က ဝ ဒသမ ၅၇၈ ဖြင့် အဆင့် (၁၄၈) နေရာ ၌ ရှိနေသည်ကို လေ့လာတွေ့ရှိရသည်။ အာရှနိုင်ငံများထဲတွင် လူ့အရင်းအမြစ် ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံများ၌ မြန်မာနိုင်ငံသည် ဝ ဒသမ ၅၇၈ ဖြင့်ပင် အဆင့်(၆)နေရာ၌ ရှိနေသည်ကို လေ့လာတွေ့ရှိရသည်။

 

အမိရန်ကုန်တက္ကသိုလ်ကြီးရှိ ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်ဆိုင်ရာဌာနများအဖြစ် (၁) မနုဿဗေဒဌာန (Anthrogology)၊ (၂) ရှေးဟောင်းသုတေသနပညာဌာန (Ar- cheology)၊ (၃) ရုက္ခဗေဒဌာန (Botany)၊ (၄) ဓာတုဗေဒဌာန (Chemistry)၊ (၅) ကွန်ပျူတာပညာဌာန (Computer Studies)၊ (၆) အင်္ဂလိပ်စာဌာန (English)၊ (၇) ပထဝီဝင်ဌာန (Geography)၊ (၈) ဘူမိဗေဒ ဌာန (Geology)၊ (၉) သမိုင်းဌာန (History)၊ (၁၀) ကုန်ထုတ်ဓာတုဗေဒဌာန (Industrial Chemistry)၊(၁၁) နိုင်ငံတကာဆက်ဆံရေး ပညာဌာန (International Relation)၊ (၁၂) ဥပဒေပညာဌာန (Law)၊ (၁၃) စာကြည့်တိုက် ပညာနှင့် သတင်းအချက်အလက်ပညာဌာန (Library and Infomation studies)၊ (၁၄) သင်္ချာဌာန (Mathematics)၊ (၁၅) မြန်မာစာ ဌာန (Myanmar)၊ (၁၆) အရှေ့တိုင်းပညာဌာန ( Oriental studies)၊ (၁၇) ဒဿနိကဗေဒဌာန (Philosophy)၊ (၁၈) ရူပဗေဒဌာန (Physics)၊ (၁၉) စိတ်ပညာဌာန (Psychology)၊ (၂၀) သတ္တဗေဒဌာန (Zoology) ဟူသော ပညာဌာန ကြီးများက ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့ရပညာရှင်အသီးသီးကို မွေးထုတ်ပေးလျက်ရှိသည်။

 

စာရေးသူမှာ အဆောင်နေကျောင်းသား အဖြစ် ဒဂုံဆောင်တွင် နေထိုင်ခဲ့သည်။ ယခု တော့ ဒဂုံဆောင်မှာ အမျိုးသမီးဆောင်ဖြစ်နေ လေပြီ။ ဒဂုံဆောင်နှင့် ညီအစ်ကို မောင်နှမ ဆောင်များဖြစ်ကြသည့် ရွှေဘိုဆောင်၊ သီရိ ဆောင်၊ မာလာဆောင်နှင့် စီးပွားရေးတက္ကသိုလ် အဆောက်အအုံတို့က အဓိပတိလမ်းမကြီး၏ အနောက်ဘက်ခြမ်းတွင် နေရာယူထားကြသလို အင်းလျားဆောင်၊ ရတနာဆောင်ဟူသော လှကေသီကျောင်းသူများနေထိုင်ရာ အမျိုး သမီးဆောင်များက အင်းလျားလမ်းမပေါ်တွင် နေရာယူထားကြပြီး အင်းလျားကန်ရေပြင်ကို မျက်နှာချင်းဆိုင် ရပ်တည်နေကြသည်။ အင်းဝ ဆောင်၊ ပင်းယဆောင်၊ စစ်ကိုင်းဆောင်၊ ပဲခူး ဆောင်၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ကြီး၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်၊ တက္ကသိုလ် အားကစားရုံတို့က အဓိပတိလမ်းမကြီး၏ အရှေ့ဘက်ခြမ်းတွင် ပနံရစွာတည်ရှိနေကြ သည်။ အဓိပတိလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းတို့ဆုံစည်းရာ တောင်ဘက်ခြမ်းတွင် တက္ကသိုလ်များ ဆေးရုံ၊ တက္ကသိုလ်စာတိုက်နှင့် တက္ကသိုလ်ဓမ္မာရုံ၊ ထိုမှတက္ကသိုလ်စိန်ရတု သဘင်ခန်းမအဆောက်အအုံတို့က အသွင်မြင့် အဆင်တင့်တယ်စွာ တည်ရှိနေကြသည်။

 

လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်က စာရေးသူ၏ ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝပုံရိပ်သည် ရန်ကုန်တက္ကသိုလ်ကြီး၏ နှစ် (၁၀ဝ) ပြည့်ချိန်တွင် အမှတ်တရ ထင်ဟပ်လာ တော့သည်။ စာရေးသူနေထိုင်ရာ ဒဂုံဆောင် နှင့် ရွှေဘိုဆောင်တို့မှာ ကျောချင်းကပ်လျက် ရှိသော အမျိုးသားဆောင်များ ဖြစ်ကြ၍ အဆောင်နှစ်ဆောင်စလုံးမှ ကျောင်းသားများ သည် ထမင်းစားဆောင်၌ နံနက်ထမင်းစားချိန်၊ နေ့လယ်ကော်ဖီသောက်ချိန်၊ ညနေ ညစာ ထမင်းစားချိန် သုံးကြိမ်စလုံး ဆုံကြရသည်။

 

ထိုစဉ်က တက္ကသိုလ်ကျောင်းသား တစ်ဦး ၏ ပညာသင်ကုန်ကျစရိတ်ကို ကြည့်ပါဦး။ လစဉ်ကျောင်းလခ ၁၅ ကျပ်၊ အ‌ဆောင်နေခ ၄၂ ကျပ် စုစုပေါင်း ၅၇ ကျပ်သာကုန်သည်။ ထိုစဉ်က လက်ဖက်ရည်တစ်ခွက်လျှင် ၂၅ ပြား၊ ဖီးကြမ်းငှက်ပျောသီး တစ်လုံးလျှင် ၅ ပြား၊ ၁၀ပြား၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲသုပ်၊ အုန်းနို့ ခေါက်ဆွဲတစ်ပွဲလျှင် ၂၅ ပြား၊ အကြော်တစ်ခု လျှင် ၅ ပြား၊ ဆံပင်ညှပ်လျှင် ပြား ၅၀ ပေးရ သည်။ ထိုစဉ်က ကမာရွတ်ရဲစခန်း (ယခု လှည်းတန်းခုံးကျော်တံတား) အနီး အင်းစိန် လမ်းမကြီးနှင့် ပြည်လမ်းမကြီးရှိ ဘတ်စ်ကား မှတ်တိုင်မှ မြေနီကုန်းသို့ ကားစီးလျှင် ၅ ပြား၊ ရန်ကုန်မြို့ထဲသို့ ကားစီးလျှင် ၁၀ ပြားပေးရသည်။ ထိုဈေးနှုန်းများကို ယခုခေတ် တက္ကသိုလ်ကျောင်းသား ကျောင်းသူများက ပုံပြင်ဟု မှတ်ထင်စရာ ရှိလောက်သည်။

 

လကုန်ခါနီး အဆောင်နေ ကျောင်းသား များ သုံးစွဲရန် လက်ကျန်ပိုက်ဆံပြတ်သွားပြီဆိုလျှင် ဦးချစ်လက်ဖက်ရည်ဆိုင်သို့ သွား၍ အကြွေးစာရင်းမှတ်ပြီး စားကြရသည်မှာလည်း အခါခါ။ ထိုစဉ်က ဒဂုံဆောင်၏ အဆောင်မှူး မှာ ဆရာဦးလှကြည် (စိတ်ပညာဌာန)၊ အဆောင်နည်းပြများမှာ ဆရာဦးလှမြင့် (ကဗျာဆရာ မောင်ပန်းမွှေး မြန်မာစာဌာန)နှင့် ဆရာ ဦးခင်မောင်သန်း (စိတ်ပညာဌာန)တို့ဖြစ်ကြပြီး သူတို့၏ တာဝန်ပေးချက်အရ အဆောင်စားရိပ်သာကြီးကြပ်ရေးအဖွဲ့တွင် ပါဝင်ကာ စားဖိုမှူးနှင့် ဟင်းချက်စရာများကို လှည်းတန်းဈေး၊ ကမာရွတ်ဈေး၊ မြေနီကုန်း ဈေး၊ စမ်းချောင်းဈေး၊ ကြည့်မြင်တိုင်ဈေး၊ တစ်ခါတစ်ရံ ကီလီဈေးသို့ သွားဝယ်ရခြမ်းရ စီမံရသည်များကိုလည်း ယနေ့တိုင် မမေ့နိုင် အောင်ရှိတော့သည်။

 

အဆောင်တွင် ထမင်းစားမကောင်း၍ ဝယ်စားရန် ပိုက်ဆံမရှိသောအခါ ရန်ကုန်မြို့ ပေါ်ရှိ ဆွေမျိုးသားချင်းများ ရှိရာသို့ အိမ်လည်သွားပြီး ထမင်းစားရသည်မှာ လည်း မနည်းလှပါ။ နယ်က မိဘများထံက “ငွေပို့လွှာ Money Order ရောက်လာလျှင် ကာယကံရှင် ကျောင်းသားမသိအောင် တက္ကသိုလ်စာတိုက်က စာပို့လုလင်ထံက လက်မှတ်ထိုးယူထားပြီး ငွေပို့လွှာဖြတ်ပိုင်းကို ခေတ္တစကားဝှက်ထားကာ နောက်ပြောင် တတ်ကြသည့် သူငယ်ချင်းများလည်း ဒုနှင့် ဒေးပင်။

 

အဆောင်တွင် နံနက်စာထမင်းကျွေး ချိန်၌ ထမင်းမစားဘဲ အအိပ်ကြီးနေသော သူငယ်ချင်း အချို့၏ အခန်းဝင်ပေါက်တံခါး ရွက်ပေါ်တွင် “ မောင်... အသက်... အား ကြံတောသုသာန်သို့ ယနေ့ နေ့လယ် ၂ နာရီ ၌ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ပါ၍ အဆောင် သားအားလုံး လိုက်ပါပို့ဆောင်ကြပါရန် ဟု နာရေးကြော်ငြာကပ်ပြီး နောက်ပြောင် တတ်သည့် သူငယ်ချင်းများကလည်း မရှား၊ အလွန်ပျော်စရာ ကောင်းလှပါဘိ။

 

ထိုစဉ်က စာရေးသူမှာ တက္ကသိုလ်များ သမိုင်းမဂ္ဂဇင်းကော်မတီတွင် အတွင်းရေးမှူး တာဝန်ပေးအပ်ခြင်းခံရသဖြင့် စာမူ လက်ရာကောင်းများ ရရှိရန် ထိုစဉ်က တက္ကသိုလ်များ ပိဋကတ်တိုက်မှူး ဦးသိန်း ဟန်(ဆရာဇော်ဂျီ)၊ တက္ကသိုလ်ဘာသာပြန် ဌာနမှ အငြိမ်းစား စာတည်းမှူးချုပ် ဦးဝန် (ဆရာမင်းသုဝဏ်)၊ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ ဆရာဦးမောင်မောင် ကြီး (တက္ကသိုလ်မောင်မောင်ကြီး)၊ ကထိက ဖြစ်သူ ဆရာဦးဖိုးကျော်မြင့် (မြန်မာစာဂုဏ် ကျော်မြင့်)၊ မန္တလေး တက္ကသိုလ်မှ မြန်မာစာ ပါမောက္ခဦးချမ်းမြ(ဆရာမြကေတု)၊ ရန်ကုန် တက္ကသိုလ်သမိုင်း ပါမောက္ခအငြိမ်းစား ဆရာကြီး ဦးဘညွန့်(တေးသံရှင် ချစ်ဒုက္ခ ဦးဘညွန့်)၊ ပညာရေးတက္ကသိုလ်ပါမောက္ခ ချုပ် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး စံမြင့် (စံမြင့်-မဟာဂီတ)၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်ခ၊ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဝင်း (နောင်-ပညာရေး ဝန်ကြီးဌာနဝန်ကြီး)၊ ပညာရေးတက္ကသိုလ်မှ ကထိကဌာနမှူး ဒေါက်တာ ခင်မောင်ညွန့် (နောင်-ပါမောက္ခနှင့် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်)၊ ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ပါမောက္ခဦးတင်အုန်း (နောင်- နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး)၊ ဥပဒေပညာပါမောက္ခ ဦးတင်အုံး၊ စိတ်ပညာ ကထိက ဒေါက်တာကျော်စိန်(နောင်-ပညာ ရေးဝန်ကြီးဌာနဝန်ကြီး)၊ လုပ်သားများ ကောလိပ်မှ ကျောင်းအုပ်ကြီး ဦးကျော်၊ တက္ကသိုလ်ဘာသာပြန်ဌာနမှ ဆရာ ဦးကျော်အောင်၊ ဆရာ ဦးကျော်ဆွေ (မင်းကျော်)၊ ဆရာ ဦးဘဂျမ်း(တင်မိုး)၊ ဆရာမင်းလှညွန့်ကြူး၊ ပညာရေးသုတေသန ဌာနမှ ဆရာ ဦးသန်းဦး၊ ပျဉ်းမနားမောင်နီ သင်းတို့ထံမှ စာမူများတောင်းခံရင်း သူတို့၏ စာရေးနည်း နိဿယများနှင့် စာပေအတွေ့ အကြုံများရရှိခဲ့သည့် ကျေးဇူးများမှာလည်း အနမတဂ္ဂပင်။

 

တက္ကသိုလ်များ သမိုင်းမဂ္ဂဇင်း အောင်မြင်စွာ ထုတ်ဝေဖြန့်ချိနိုင်ရေးအတွက် ကော်မတီဝင်များအဖြစ် ဆောင်ရွက်ခဲ့ကြ သော ရန်ကုန်တက္ကသိုလ်သမိုင်းဌာနမှ ဆရာမ ဒေါ်သန်းသန်း၊ ဒေါ်ခင်မာမာ၊ ဒေါ်သိန်းဟန်၊ ဒေါ်နီနီမြင့်၊ ဒေါ်ရှီလာရှပ်၊ ဒေါ်ကောလင်းဒီကပ်စထရို၊ ဦးအောင်ဝင်း၊ ဦးအံ့ကျော်၊ ကျောင်းသူ ကျောင်းသား များဖြစ်ကြသည့် ကိုဖေမြ၊ ကိုဘလွင်၊ ကိုတင် ထွန်း၊ ကိုမူ၊ ကိုမြစိန်၊ ကိုသန်းထွန်း၊ ကိုမောင် ဝင်း၊ ကိုကျော်ကျော်၊ ကိုအောင်ကျော်မိုး၊ ကိုသာမြင့်၊ ကိုအေးချို၊ မမြင့်မြင့်ရီ၊ မစန်းရီ၊ မသွယ်သွယ်မြင့်၊ အယ်သာရီခင်ညွန့်၊ မခင် ထွေး၊ မခင်မေစီ၊ မအေးကြိုင်၊ မတင်တင်အေး၊ မကြည်ကြည်ချို၊ လုပ်သားများကောလိပ်မှ ဆရာ ဦးမောင်မောင်အေးနှင့် ကျောင်းသူ ကျောင်းသားများဖြစ်ကြသည့် ကိုကျော်လှိုင်၊ ကိုစိန်ဝင်းအောင်၊ မနုနု၊ မန္တလေးတက္ကသိုလ် တောင်ကြီးကောလိပ်၊ မြစ်ကြီးနားကောလိပ်၊ မကွေးကောလိပ်၊ မော်လမြိုင်ကောလိပ်၊ ပုသိမ် ကောလိပ်တို့မှ ဆရာ ဆရာမများကို ယခုလို နှစ် (၁၀ဝ) ပြည့် သမယတွင် ပို၍တသ သတိရ နေမိပါသည်။

 

ထိုစဉ်က စာရေးသူသည် ကြေးမုံ၊ ဗိုလ်တထောင်၊ လုပ်သားပြည်သူ့နေ့စဉ်၊ မြန်မာ့ အလင်းတို့တွင် ဆောင်းပါးများကို မောင်မောင် စန်း(ရန်ကုန်တက္ကသိုလ်) ကလောင်အမည်ဖြင့် စတင်ရေးခဲ့ပြီး ငွေတာရီ၊ သွေးသောက်မဂ္ဂဇင်း တို့တွင် ကဗျာများရေးခဲ့ရာ ထိုစဉ်ရရှိခဲ့သည့် ဆောင်းပါးဉာဏ်ပူဇော်ခမှာ ၁၅ ကျပ်၊ ကဗျာ ဉာဏ်ပူဇော်ခ ၅ ကျပ်ဖြစ်ရာ ထိုဉာဏ်ပူဇော်ခ တို့ဖြင့် စာအုပ်စာတမ်းကောင်းများကို များစွာ ဝယ်ယူစုဆောင်းနိုင်ခဲ့သည့်အပြင် ထိုဉာဏ် ပူဇော်ခများဖြင့် အဆောင်နေသူငယ်ချင်းများကို ဦးချစ်လက်ဖက်ရည်ဆိုင်တွင် မကြာခဏ အလှူဒါနပြုခဲ့ရသည်များကို ယနေ့တိုင် မမေ့ နိုင်အောင်သတိရနေဆဲပါ။ မှတ်မှတ်ရရ ထိုစဉ် က စာရေးသူသည် ဗိုလ်တထောင်သတင်းစာ၌ မနုဿဗေဒပညာ (Anthropology) သည် ယဉ်ကျေးမှုနယ်ပယ်တွင် မရှိမဖြစ် အဓိက သင်ကြားသင့်သည့်ဘာသာ (Major Subject) အဖြစ် ပြဋ္ဌာန်းသင်ကြားပေးရန် အကြံပေးဆောင်းပါးတစ်ပုဒ်ရေးသားဖော်ပြခဲ့ရာ ထိုစဉ်က မနုဿဗေဒဌာနမှူးနှင့် ဆရာဦးစိန်ထွန်း၊ ဦးတင်အောင်၊ အချိန်ပိုင်းကထိကရုပ်ရှင်သရုပ် ဆောင်ဗိုလ်ဗကိုတို့က စာရေးသူအား လှိုက်လှဲ ဝမ်းမြောက်စွာ ဂုဏ်ပြုကျေးဇူးစကား ဆိုခဲ့ပါ သည်။ နောင်မကြာခင်မှာပင် မနုဿဗေဒဌာနမှ ဆရာ ဆရာမများ၏ ကြိုးပမ်းအားထုတ်မှုနှင့် အဆင့်မြင့်ပညာရေးနယ်ပယ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ စေတနာကြောင့် မနုဿဗေဒ ပညာကို အဓိကဘာသာရပ်အဖြစ်ပြဋ္ဌာန်း၍ သင်ကြားခွင့် ပြုလိုက်သောအခါ အတိုင်းမသိ ပီတိသောမနဿ ဖြစ်ခဲ့ရပါသည်။

 

တက္ကသိုလ်အနုပညာအသင်းကြီးသည် စာရေးသူ၏ အနုပညာဈာန်ဝင်ရာ၊ စိတ်၏ အပန်းဖြေရာနေရာဖြစ်၍ ထိုစဉ်က တက္ကသိုလ် အပန်းဖြေရိပ်သာထဲရှိ ဂီတအနုပညာခန်းမထဲ တွင် တူရိယာအစုံအလင်ဖြင့် သီဆိုတီးမှုတ်ခဲ့ရ သည့် အနုသုခုမရသများကို ယနေ့တိုင် မမေ့နိုင်အောင် အသည်းထိစွဲငြိနေမိတော့ သည်။ မဟာဂီတနှင့်ပတ်သက်၍ ကြိုး၊ ယိုးဒယား၊ ပတ်ပျိုး၊ ဘောလယ်၊ တေးထပ် တေးသွားများနှင့် သံဆန်းများကို အငြိမ်းစားပါမောက္ခဆရာကြီးဦးဘညွန့်(ချစ်ဒုက္ခ ဦးဘ ညွန့်)၊ အငြိမ်းစား ပါမောက္ခချုပ် ဒုတိယ ဗိုလ်မှူးကြီးစံမြင့် (စံမြင့်-မဟာဂီတ)၊ ပါမောက္ခ ချုပ်ဆရာ ဒေါက်တာမောင်မောင်ခ(တယော ပညာရှင်)၊ ဒဿနိကဗေဒဌာနမှ နည်းပြဆရာ ဦးခင်မောင်တင် (နောင်- အနုပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဆိုင်းပညာရှင် ဆရာစိန်ဗိုလ်တင့်နှင့် ထိုစဉ်က ပန်တျာ ကျောင်းမှ စန္ဒရားနည်းပြ ဆရာဦးသိန်းဟန်တို့ ထံမှ တီးလုံးတီးကွက်များ၊ ဆိုနည်းဆိုဟန် များကို လေ့လာဆည်းပူးခွင့်ရရှိခဲ့ပါသည်။ ကာလပေါ်သီချင်းများနှင့် ဂီတသင်္ကတေ ပညာကို ဆရာဂီတာတင်အုန်း၊ ဆရာရဲသီဟ ကိုတင်အောင်၊ ဆရာ ဦးကြော့မှူးတို့ထံမှ သင်ယူလေ့လာခဲ့ခြင်းကြောင့် စာရေးသူက ဝါသနာအရ “တေးကဗျာနွယ် အပျော်တမ်း တူရိယာအဖွဲ့ ကို ဖွဲ့စည်းတည်ထောင်ကာ စန္ဒရားဆရာ ထိပ်တင်ဝင်း၏ တီးဝိုင်းနှင့်အတူမြန်မာ့အသံမှနေ၍ တေးသီချင်းများ ရေးစပ် သီဆိုထုတ်လုပ်ခွင့်ရရှိခဲ့ပါသည်။ ထို့အပြင် မြန်မာ့အသံမှနေ၍ ဇာတ်လမ်းပမာ နားဆင် စရာများ၊ အသံလွှင့်ဇာတ်လမ်းများ ရေးသား ထုတ်လွှင့်ခွင့် ရရှိခဲ့ပါသည်။

 

ထိုစဉ်က နာမည်ကျော်ကြားခဲ့သော တက္ကသိုလ်ဆိုင်ရာ သီချင်းများကို သီဆိုခဲ့သူ ကိုသန်းလှိုင်၊ ကိုမြသိန်း၊ ကိုခင်မောင်ကြီး၊ ကိုမင်းနောင်တို့၏ တေးစာသားများ၊ တေးသွား သံစဉ်များသည် စာရေးသူ၏ မယ်ဒလင်နှင့် တယောကြိုးများပေါ်တွင် လူးလာခေါက်တုံ့ ခေါက်ပြန် ပြေးလွှားဆော့ကစားနေကြသည်။ စာရေးသူနှင့် ဒဂုံဆောင်တွင်အတူနေ ချစ်သူ ရှိသော သူငယ်ချင်းအချို့က သူတို့၏ချစ်သူ များရှိရာ အင်းလျားဆောင်၊ ရတနာဆောင်၊ သီရိ ဆောင်၊ မာလာဆောင် စသည့်အမျိုးသမီး ဆောင်များရှေ့ဆီသို့ သွားရောက်၍ သမုဒယ၏ အနုအလှ တေးသီချင်းများဖြင့် တင်ဆက်လေ့ ရှိကြရာ အတီးသမားဖြစ်သူ စာရေးသူမှာ ထက်ကြပ်မကွာလိုက်၍ ပါရမီဖြည့်ပေးခဲ့ ရသည်။

 

ညအရေးကောင်းကောင်း၊ လကလေး စောင်းစောင်းမှာ ခခွေးကျောင်းသို့ ရောက်နေ သည့်ပမာ မေတ္တာရည်အပြုံးဖြင့် အချစ်လင်္ကာ သီကုံးခဲ့ကြသည်ကိုလည်း မကြာခဏအမှတ်ရ နေဆဲပါ။ ဖိုးဆိုချင် သူငယ်ချင်းများက များပြားနေသဖြင့် စာရေးသူ၏လက်ချောင်း ကလေးများမှာ မယ်ဒလင်ကြိုး၊ တယောကြိုး များမှ ခွာရသည်မရှိတော့။ မိုးရာသီဆိုလျှင် မြက်ခင်းပြင်မှ ကျွတ်တွယ်ခံရသည်ကိုပင် သတိမထားနိုင်ကြဘဲ ဂီတဈာန်ဝင်၍ သီဆို တီးမှုတ်နေခဲ့ကြရာ ခြေထောက်တွင် ယားကျိ ကျိဝေဒနာနှင့် သွေးထွက်နေသည်ကို မြင်ရ တော့မှ ကျွတ်တွယ်ခံရမှန်းသိကြတော့သည်။ သို့ကလောက် ကံ့ကော်တောက လွမ်းမော တသစရာ အတိပင်။

 

ထိုစဉ်က မြန်မာနိုင်ငံ တစ်ဝန်းရှိ တက္ကသိုလ်ကောလိပ်အသီးသီးမှ ကျောင်းသူ ကျောင်းသားများသည် ယခင် ကိုလိုနီခေတ် ၏ အမွေဆိုးကြီးတစ်ခုဖြစ်ခဲ့သော ကျေးလက် တောရွာများမှ စာပေမတတ် ကြက်ခြေခတ် ဘဝဖြင့် နေထိုင်နေကြရသူများအတွက် စာမတတ်သူ ပပျောက်ရေး စီမံကိန်းကြီးဖြင့် “အသုံးလုံး (အရေး၊ အဖတ်၊ အတွက်) သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ စာရေးသူခေါင်းဆောင်သော သူငယ်ချင်း တစ်စုက နှစ်စဉ်နှစ်တိုင်း နွေရာသီကျောင်း ပိတ်ရက်များတွင် စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်းအတွင်းရှိ ဝေးလံလှသော ကျေးရွာ များအရောက် အ,သုံးလုံး လုပ်အားပေး ဆရာများအဖြစ် သွားရောက်ခဲ့ကြပါ၏၊ နွေခေါင်ခေါင်မြေခြောက်ခြောက်နှင့် အပူ လွန်ကဲသော အညာနွေရာသီတွင် စာမတတ် သူများအား စေတနာအရင်းခံဖြင့် စာသင် ပေးခဲ့ရသည်ကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ်ခံယူကာ ဝမ်းသာပီတိဖြစ်ခဲ့ ရပါသည်။

 

ထိုအချိန်၊ ထိုအခါက ယခုကဲ့သို့ ပညာ ရေးဖောင်ဒေးရှင်းကဲ့သို့သော ပရဟိတလူမှု ရေးအသင်းများမရှိခဲ့၍ စာရေးသူတို့ မြို့မှ ရန်ကုန်ရှိ တက္ကသိုလ်အသီးသီးသို့ လာ ရောက်ပညာသင်ကြားနေကြသည့် ဆင်းရဲ နွမ်းပါးသော ကျောင်းသူကျောင်းသား အချို့ ကို စာရေးသူကဦးဆောင်၍ ငွေကြေး အထိုက်အလျောက် တတ်နိုင်ကြသည့် ကျောင်းသူ ကျောင်းသားသူငယ်များနှင့် ရန်ကုန်ရှိငွေကြေးတတ်နိုင်သည့် စာရေးသူ၏ဇာတိမြို့သူမြို့သားများထံမှ လစဉ်ပုံမှန် ငွေကြေးအလှူခံ၍ ထောက်ပံ့ပေးခဲ့ရသည်။ ပညာဒါနကုသိုလ်ကောင်းမှုများကို ပြန် လည်တွေးမိတိုင်း ပီတိသောမနဿ ဖြစ်ရပါ၏။

 

ယနေ့မျက်မှောက်ကာလသည် ကမ္ဘာ့နိုင်ငံအများစုက မိမိတို့၏နိုင်ငံအသီးသီး အသကအသကကို “အသိပညာအခြေပြု လူ့အဖွဲ့အစည်း (Knowledge Based Society) ဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြချိန် ဖြစ်ပါသည်။ပညာရေး (Education) ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပာယ်ကို အနှစ်ချုပ်ဖွင့်ဆိုရပါ လျှင် “လူငယ် လူရွယ်တို့အား လူကြီးများ၏ နေရာတွင် ဆက်ခံနိုင်စေရန်အတွက် လူမှု ပတ်ဝန်းကျင်နှင့် လိုအပ်သလို ညှိယူပြီး လူ့ဘောင်အဖွဲ့အစည်းတွင် ထိရောက်စွာ ပါဝင်ဆောင်ရွက်သူများ ဖြစ်လာစေရန် လူကြီး၊ မိဘ ဆရာသမားများက လေ့ကျင့် သင်ကြားပေးခြင်းဖြစ်သည် ဟူ၍ အဓိပ္ပာယ်ရရှိပါသည်။ ပညာရေးဟူသော မူလဝေါဟာရမှာ လက်တင်ဘာသာမှ ဆင်းသက်လာခဲ့ပြီး “ဖော်ထုတ်ယူခြင်း ဟု အဓိပ္ပာယ်ရရှိပါသည်။ ထို့ကြောင့် မည်သည့် ပညာရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ ပညာရေးနယ်ပယ်၌ “ပညာရှင် ရော “ပညာသင် များပါ အစဉ်သဖြင့် “ပညာ ပြည့်ဝနှလုံးလှ အောင် ကြိုးပမ်းနေကြ ရမည်ဖြစ်သလို “ ပညာလည်းတတ် ကိုယ်ကျင့်မြတ်အောင်၊ “သတိကို လက်ယာ၊ ပညာကိုလက်ဝဲ ပမာ လက်ကိုင် ထားကြရပါမည်။

 

အမိရန်ကုန်တက္ကသိုလ်ကြီးက ပညာရည်နို့ သောက်စို့ခဲ့ကြသူများကို နိုင်ငံ့ ခေါင်းဆောင်များ၊ နိုင်ငံ့အကြီးအကဲများ၊ သုတေသီများ၊ ပညာရှင်များ၊ အရာထမ်း အမှုထမ်း အနမတဂ္ဂကို မွေးထုတ်ခဲ့၊ မွေးထုတ်ဆဲ၊ မွေးထုတ်ပေးနေလိမ့်မည် ဖြစ်ပါသည်။ အချုပ်ဆိုရပါလျှင် အမိရန်ကုန် တက္ကသိုလ်ကြီး၏ ‘‘နတ္ထိသမံ ဝိဇ္ဇာမိတ္တံ- ပညာနှင့်တူသောမိတ်ဆွေမရှိနိုင်’’ ဟူသော ဆောင်ပုဒ်နှင့်အညီ အဆင့်မြင့် ဝိဇ္ဇာနှင့် သိပ္ပံပညာသင် ယနေ့လူငယ်မောင်မယ်တို့ သည် ငြိမ်းချမ်းစွာပညာသင်ကြားရေးဘဝဖြင့် မိမိအကျိုး၊ နိုင်ငံတော်နှင့် ပြည်သူတို့ အကျိုးအတွက် အသိပညာရှင်ကောင်း၊ အတတ်ပညာရှင်ကောင်းများဖြစ်အောင် ရိုးသား နိုးကြားစွာ ကြိုးစားရင်း တိုးပွားနိုင် ပါစေကြောင်း နှစ်တစ်ရာပြည့် ဆုတောင်း စကား ဆိုလိုက်ရပါသတည်း။ ။

 

အကိုးအထောက်

၁။ ရန်ကုန်တက္ကသိုလ် (၇၅)နှစ်မြောက် စိန်ရတုသဘင် အထိမ်းအမှတ် ပဲခူးဆောင်မဂ္ဂဇင်း(၁၉၉၅)

၂။ တက္ကသိုလ်များ သမိုင်းမဂ္ဂဇင်း (ရန်ကုန်တက္ကသိုလ် - ၁၉၇၃)

၃။ University of Yangon

(Wikipedia)