တက္ကသီလာ မြကျွန်းသာမှာပညာရည်နို့သောက်စို့ခဲ့ပါသည် - အပိုင်း(၃)

 

စန်းနီလာဝင်း

 

အမိရန်ကုန်တက္ကသိုလ်မှ ခေတ်အဆက်ဆက် ကျေးဇူးရှင်ဆရာ ဆရာမများနှင့် ကျောင်းတော်သူ ကျောင်းတော်သားကြီးတို့၏ ကောင်းမြတ်သောအမွေ အစဉ်အားကျမြတ်နိုးနေ

သုံးလောကထွတ်ထား မြတ်ဗုဒ္ဓဘုရားက “ပညာ” ၏ အနှစ်သာရနှင့် စပ်လျဉ်း၍ “ပညာနရာနံ ရတနံ” - ပညာသည်ကား လူသားအားလုံး၏ ရတနာစစ် ရတနာမှန်ဖြစ်သည်ဟု လည်းကောင်း၊ ပညာသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အလင်းရောင်ပေးသဖြင့်“ပညာသမာ အာဘာနတ္ထိ” - ပညာနှင့်တူသော အလင်းရောင်ဟူသည် မရှိနိုင် ဟူ၍လည်းကောင်း ဟောပြောညွှန်ပြ တော်မူခဲ့ပါသည်။

မည်သည့် ပညာရေးစနစ်ကို ကျင့်သုံး သည်ဖြစ်စေ ပညာရေးနယ်ပယ်၌“ပညာရှင်” ရော“ပညာသင်”တို့ပါ အစဉ်သဖြင့် “ပညာ ပြည့်ဝနှလုံးလှ”အောင်၊ “ပညာလည်းတတ် ကိုယ်ကျင့်မြတ်” အောင် အားထုတ်ကျင့်ကြံ ကြရပါမည်။ “သဒ္ဓါလွန်လျှင် ကွန့်သည်၊ ပညာလွန်လျှင် ဆွံ့သည်၊ ဝီရိယလွန်လျှင် ပျံ့သည်၊ သမာဓိလွန်လျှင် တွန့်သည်၊ သတိမူ ကား လွန်သည်မရှိပါ၊ ပညာဟူသည် သိရုံသက် သက်သာမဟုတ်။ ကိုယ်ကျင့်တရားကောင်း မွန်အောင်အားထုတ်ရပါသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ မင်္ဂလသုတ်တွင် “ဗာဟု သစ္စဉ္စ၊ ဝိနယောစ သုသိက္ခိတော” - အကြားအမြင် အသိပညာ အတတ်ပညာတတ်မြောက်ခြင်း နှင့် ကိုယ်ကျင့်သိက္ခာရှိခြင်း” တို့ကို တစ်ဆက် တစ်စပ်တည်း ဟောကြားတော်မူခဲ့ပါသည်။

လွန်ခဲ့သည့် ၁၉၉၅ ခုနှစ်က ကျင်းပခဲ့သော ရန်ကုန်တက္ကသိုလ်စိန်ရတုသဘင် အခမ်း အနားကြီးတွင် အမိရန်ကုန်တက္ကသိုလ်မှ ခေတ်အဆက်ဆက်ကျေးဇူးရှင် ဆရာ ဆရာမ များနှင့် မိဘအရွယ်၊ နောင်တော်ကြီး၊ အစ်မ ကြီးအရွယ် ကျောင်းတော်သူ ကျောင်းတော် သားအချို့နှင့် ဖက်လဲတကင်း ရင်းနှီး နွေးထွေးစွာ တွေ့ကြုံခဲ့ရသဖြင့် အလွန် ကုသိုလ်ထူးလှသည်ဟု ဆိုချင်ပါသည်။

၁၉၂၈ ခုနှစ် ကိုလိုနီခေတ် ရန်ကုန် တက္ကသိုလ် ငွေရတုခေတ်ဦးမှ အသက် ၈၉ နှစ်ရှိ အဘိုးအရွယ်ကျောင်းတော်သားကြီး ဦးဘိုကြီးက “ကျွန်တော်က ၁၉၂၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို စရောက်တဲ့နှစ်မှာပဲ ပဲခူးဆောင်စဖွင့်လို့ အဆောင်မှာနေခဲ့ပါ တယ်။ သည်တုန်းက ဆရာ ဦးဖေမောင်တင် (မြန်မာစာ/ ပါဠိ) က အဆောင်မှူးပေါ့။ အဆောင်ခက ၂၅ ကျပ်၊ ကျောင်းလခက “အိုင်အေ”(IA=Intermediate of Arts) “ဥပစာတန်း” အပိုင်း(က)ရော (ခ) ပါ ၁၂ ကျပ်။ အဆောင်မှာနံနက်အစောပိုင်းကော်ဖီတစ်ကြိမ် တိုက်တယ်။ နံနက် ၈ နာရီခွဲမှာ နံနက်စာ ထမင်း၊ နေ့လယ်မှာ ကော်ဖီနဲ့ မုန့် တစ်ခုခုကျွေးတယ်။ ညနေကျောင်းပြန်ချိန်မှာ ကော်ဖီနဲ့မုန့်ထပ် ကျွေးတယ်။ ညပိုင်းမှာတော့ ညစာကျွေးတယ်။

ထမင်းစားကြရာမှာလည်း လေးဦးစီ ထိုင်ရတယ်။ ဒါပေမယ့် တစ်ဆောင်တည်းက လေးဦးမထိုင်ရဘူး။ ဥပမာ ပဲခူးဆောင်က နှစ်ဦး၊ သထုံဆောင်က နှစ်ဦး။ တစ်ဦးနဲ့ တစ်ဦး ခင်မင် စေရအောင် မျှတထိုင်ရတယ်။ ပဲခူး၊ စစ်ကိုင်းနဲ့ သထုံဆောင်တို့က ကျောင်းသားတွေ ထမင်းစား ခန်းမှာ အတူတကွ စားကြတယ်။ ထမင်းဟင်းကို တစ်ဆောင်စီက ကျောင်းသားကိုယ်စားလှယ် နှစ်ဦးစီ အလှည့်ကျပါဝင်ပြီး ကိုယ်စားလှယ် ခြောက်ဦးတို့က ညွှန်ကြားတဲ့အတိုင်း အဆောင် ထမင်းဟင်းကို စားဖိုမှူးက ချက်ပေးရတယ်။

အဲဒီတုန်းက ကျောင်းအုပ်တွေက “မစ္စတာ စလော့” နဲ့ “ဒေါက်တာပီးကော့” တို့ ဖြစ်တယ်။ ကျွန်တော်တို့ ကျောင်းတက်ခါစက ဝိဇ္ဇာဘာသာ ရပ်များကိုသာ သင်ပေးတယ်။ ၁၉၃၃ ခုနှစ် လောက်ရောက်မှ သိပ္ပံပညာရပ် အချို့ကို စတင်သင်ကြားပေးတယ်။ အရင်တုန်းက အခုလိုစာသင်ခန်းတွေ မရှိသေးဘူးဗျ။ ကျောင်းဝင်း ထဲမှာပဲ အဆောင်နဲ့ ခပ်ဝေးဝေးမှာ သွားတက်ရတယ်။

၁၉၂၈ ခုနှစ် ပထမနှစ်မှာ ဝိဇ္ဇာဘာသာရပ် ကိုယူတယ်။ သင်္ချာလည်းယူတယ်။ ၁၉၂၉-၃၀ ခုနှစ် ဒုတိယနှစ်မှာတော့ Public Health ဆိုတဲ့ ဘာသာရပ်အသစ်ကို ပြောင်းယူလိုက်တယ်။ သင်္ချာကိုလည်း မယူတော့ဘူး။ ကျွန်တော် တစ်ယောက်တည်း ခုံနံပါတ်ထုတ်ပေးဖို့ ကိုးလိုး ကန့်လန့်ဖြစ်နေတယ်။ “မနှစ်ကတစ်မျိုး၊ ဒီနှစ် တစ်မျိုးပြောင်းတယ်။ သင်္ချာယူချင် ယူ၊ မယူရင် မဖြေရဘူး”လို့ ကျောင်းအုပ် “မစ္စတာစလော့” က ပြောတယ်။ “အီကို” (Eco) ပရော်ဖက်ဆာ ကြီးက ကျွန်တော့်ဘက်က လိုက်ပြောပေးတယ်။ မရဘူး။ ဒါနဲ့ ၁၉၃၀ ပြည့်နှစ် ဖေဖော်ဝါရီလ လောက်မှာ ကျွန်တော် ကျောင်းထွက်လိုက် တယ်။

ပဲခူးဆောင်မှာ နေခဲ့ရတာ သိပ်ပျော်ဖို့ ကောင်းပါတယ်။ ဒီနေရာမှတိုက်ဆိုင်တာနဲ့ ပျော်စေ၊ ပျက်စေ ကလက်စေ သဘောပဲထား ပါတော့။ သူငယ်ချင်း “သခင်ဗစိန်” (နောင်-ဂျပန် ခေတ်၌ ဆည်မြောင်းနှင့် အလုပ်သမားဝန်ကြီး ဌာနဝန်ကြီး ဖြစ်ခဲ့သူ)နဲ့ကျွန်တော်က ဘာသာ ရပ်အတွဲတူတော့ အတူတူထိုင်ကြတယ်။ စာမေးပွဲနီးလို့ ပဲခူးဆောင် တတိယအဆောင် မှူး(Sub. Assistant Warden) ဦးသောင်းစိန် (နောင်-အိုင်စီအက်စ်) ရဲ့အခန်းမှာ စာကျက် နေတုန်း သထုံဆောင် ဒုတိယအဆောင်မှူး ဦးလူဖေဝင်း (နောင်- ကျောက်စာဝန်) က လှမ်းခေါ်တယ်။ “ဟေ့တပည့်တို့ရေ လာကြစမ်း ပါဦး” ဆိုတော့ ဘာတွေများ ဖြစ်နေသလဲဆိုပြီး ကျွန်တော်တို့က အပြင်ထွက်လာကြတယ်။ “ကြည့်စမ်းပါဦးကွာ”တဲ့၊ “ငါ့တူမကို ကြိုက်တာ နဲ့ ဦးလေးဖြစ်တဲ့ ငါ့ကို စာပေးခိုင်းတယ်” ဆိုပြီး ဦးလူဖေဝင်းက ပြောလိုက်တယ်။ ဗစိန်က သထုံဆောင်လှေကားအနီး အခန်းမှာနေတယ်။ ဆရာဦးလူဖေဝင်းရဲ့တူမ သူငယ်မလေးက အပေါ်ထပ်ကို တက်သွားတော့ ဗစိန်က မြန်မြန် နောက်က လိုက်သွားတယ်။ သူငယ်မလေးက ဦးလူဖေဝင်း အခန်းထဲဝင်အသွား၊ ဆရာ ဦးလူဖေဝင်းက ထွက်အလာ “ဟေ့ ဗစိန် ဘာလုပ်သလဲ” မေးလိုက်တော့ ဗစိန်က ကယောင်ကတမ်းနဲ့ ရော့ရော့ ဆရာ၊ ဟိုသူငယ်မလေးကို ပေးပေးစမ်းပါ” ဆိုပြီး ဆရာ့လက်ထဲကို စာထည့်လိုက်မိတယ်။ အခုတော့ ပြီးတာတွေ ပြီးပါပြီ။ သခင်ဗစိန် လည်း ကွယ်လွန်ပါပြီ၊ ဦးလူဖေဝင်းလည်း ကွယ်လွန်ပါပြီ၊ သူငယ်မလေးလည်းမရှိ တော့ပါဘူး ဒါပါပဲ” ဟု ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ရာ အားလုံးမပြုံးဘဲ ဝါးလုံးကွဲ ရယ်မောခဲ့ကြရပါသည်။

ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင် ပွဲကြီး ကျင်းပခဲ့စဉ် ထိုစဉ်က ရဟန်းဘဝသို့ ရောက်ရှိ နေတော်မူသည့် ဦးပဉ္စင်း “ဦးပညာ သာမိ” (လူပုဂ္ဂိုလ်အမည် ဦးဘမျိုး) သည် လည်း ကိုလိုနီခေတ် ၁၉၃၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်နေ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျောင်းနေဖက် ဖြစ်ခဲ့ရာ ဦးပဉ္စင်းက “၁၉၃၂ ခုနှစ်မှာ ပဲခူးဆောင်ကို ရောက်လာပါတယ်။ အဲဒီ တုန်းက ပဲခူးဆောင်အဆောင်မှူးက ဦးဘ ဖြစ်ပါတယ်။ လက်ထောက်အဆောင်မှူးက ဦးဖိုးသာ ဖြစ်ပါတယ်။ ပဲခူးဆောင်မှာ သုံးနှစ် နေခဲ့ပါတယ်။ ပဲခူးဆောင်က စည်းကမ်းကြီး တယ်။ ထမင်းစားခန်းကို အပေါ်အင်္ကျီမပါဘဲ မသွားရဘူး။ လေးယောက် တစ်စားပွဲ ထိုင်စားကြရတယ်။ ကျောင်းသားတွေ ကိုယ်တိုင်က တစ်နေ့တာအတွက် ဘာတွေ စားကြမယ်ဆိုတာကို ဆန္ဒပြုရတယ်။ သက်သတ်လွတ်စားမယ်ဆိုရင် အနည်းဆုံး တစ်စားပွဲစာ (လေးယောက်) စုစည်း စားသောက်ရတယ်။ သက်သတ်လွတ် ဆိုပေမယ့် အချက်အပြုတ်ကလည်းကောင်း အဆီအနှစ်ကလည်း ရှိတယ်ဆိုတော့ အလွန် စားလို့ကောင်းတယ်။

ပဲခူးဆောင်မှာ လှုပ်ရှားမှုတွေလည်း များတယ်။ သဟာယနဲ့ စာဖတ်အသင်းမှာ ဆိုရင် ကျောင်းသားတွေ ဗဟုသုတရရှိစေဖို့ ဆွေးနွေးပွဲတွေ လုပ်ကြတယ်။ ကျောင်းသား တွေကပဲ ဦးဆောင်လုပ်တယ်။ ဆရာတွေက ကြီးကြပ်ပေးတယ်။

ကမ္ဘာ့စီးပွားရေး ကျဆင်းနေတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာလည်း စီးပွားရေး အကျပ်အတည်းတွေ ဖြစ်လာတယ်။ မြန်မာ နိုင်ငံရဲ့ စပါးကို “ဘူလင်ဂျာပူး” အဖွဲ့က ထိန်းချုပ်ထားတာကြောင့် စပါးဈေးသိပ်ကျ သွားတယ်။ စပါး ၁၀၀ ကိုမှ ကျပ် ၅၀ ပဲရ တယ်။ စပါးဈေးကျလာတော့ တိုင်းပြည်ရဲ့ စီးပွားရေးပါ ကျဆင်းလာတယ်။ အဲဒီအချိန် မှာ ပဲခူးဆောင် သဟာယနဲ့ စာဖတ်အသင်းရဲ့ အစီအစဉ်တစ်ခု အနေနဲ့ စကားရည်လုပွဲ ပြုလုပ်တယ်။ “University education is not necessary at this juncture” ဆိုတဲ့အကြောင်းအရာ အပေါ်မှာ ဦးပဉ္စင်း၊ ဦးဘသွင်(မြတ်)၊ မစ္စတာ မိုဝပ် (Mouct) ဆို တဲ့ ကပြားတစ်ယောက်ပါဝင်ပြီး အဆိုတင် သွင်းရတယ်။ အချေဘက်က ကိုအောင်ဆန်း နဲ့ သုံးဦးဖြစ်တယ်။ အင်္ဂလိပ်လို အဆိုအချေ လုပ်ရတယ်။ ကိုအောင်ဆန်းက စားပွဲတွေ ထုထုပြီး မာန်နဲ့ပြောတယ်။

အနိုင်အရှုံးကို ဒိုင်လူကြီးနဲ့ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ အောက်က နားထောင်တဲ့ သူတွေက လက်ထောင်ပြပြီး ဆန္ဒပေး ဆုံး ဖြတ်ရတယ်။ ကိုအောင်ဆန်းတို့ အချေဘက် က နိုင်သွားပါတယ်” ဟု မိန့်ကြားတော်မူ သွားခဲ့သည်မှာလည်း ကျွန်တော်တို့ ရွှေရတု သဘင်ခေတ် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝတွင် မတွေ့ ကြုံခဲ့ဖူးသည့် အတွေ့အကြုံ ဆန်းများ ဖြစ်နေသောကြောင့် ဂုဏ်ယူ လေးစားခဲ့ရပါသည်။

အလားတူ ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန် တက္ကသိုလ် ကျောင်းသားဘဝတွင် ပဲခူး ဆောင်၌ပင် အတူနေထိုင်ခဲ့သူ ဦးကိုကိုက လည်း “ကျွန်တော်က ၁၉၃၄-၃၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ရောက်ပြီး ပဲခူးဆောင် မှာနေခဲ့ပါတယ်။ တစ်ညနေမှာ ကိုအောင် ဆန်းက ကျွန်တော့်ရဲ့ အခန်းထဲရောက် လာပြီး ဘာတွေသင်သလဲဆိုပြီး Lecture Notes လာကြည့်တယ်။ “ခင်ဗျားကလည်း ခင်ဗျားအိပ်ရာပေါ် ထိုင်လည်း ကြိုက်တဲ့ လူမဟုတ်ဘူး။ ပက်လက် ကုလားထိုင်လည်း မထားဘူး။ ဒီတော့ဗျာ ကျွန်တော် ကုလားထိုင် မှာပဲ ထိုင်မယ်” တဲ့။ အဲဒီနောက် Lecture Notes ကို ယူသွားဦး မယ်တဲ့။ ကျွန်တော်က “ညမှာ ပြန်ရေးဦးမှာ၊ ပြန်ပေးဦးနော်၊ ပျောက်တော့မပျောက်စေပါနဲ့” လို့ ပြော တော့ ကိုအောင်ဆန်းက ရပါတယ်တဲ့။ ကိုအောင်ဆန်းဟာ မှတ်ဉာဏ်တကယ် ကောင်းတယ်ဗျာ။ တစ်ခေါက်ဖတ်ရင် အကုန် မှတ်မိတယ်။ စာမေးပွဲနားနီးလို့ ဆွေးနွေးကြ တဲ့အခါ ကျွန်တော်တို့ တစ်ခါတလေ မမှတ်မိ တာရှိရင် သူက ထောက်ပြတယ်။ ပြီးတော့ ပွင့်ပွင့်လင်းလင်းလည်း ပြောတတ်တဲ့လူပါ။

၁၉၃၄- ၃၅ ခုနှစ်မှာ ကျွန်တော်တို့ ပဲခူးဆောင်မှာ “ဟံသာကြေးမုံ” (Pegu Mirror)ဆိုတဲ့ လက်ရေးမဂ္ဂဇင်းထုတ်ခဲ့တယ်။ ၁၉၃၅-၃၆ ခုနှစ်မှာလည်း မောင်ဘို (နောင်-ဗိုလ်မှူးကြီး မောင်ဘို) တို့ ဆက်ပြီး ထုတ် တယ်။ လက်ရေးစာမူစာအုပ် ထုတ်ပြီး အဆောင်မှာ လှည့်ဖတ်ကြတယ်။ ကျွန်တော် က အင်္ဂလိပ်စာ အယ်ဒီတာလုပ်တယ်။ မဂ္ဂဇင်း မှာ ကိုအောင်ဆန်း၊ ကိုနု၊ ဦးကေလင်း (နောင်-စာပေဗိမာန် ကျော်လင်း)၊ ကိုဖေခင် (နောင်-သံအမတ်ကြီး)၊ ကိုစိန်လင်း(နောင်-တရားသူကြီးချုပ်)၊ ကိုသက်တင်(နောင်-ကထိက)၊ ကိုလှရွှေ (နောင်-ပါမောက္ခ) စတဲ့ ကျောင်းသားကြီးတွေ ပါဝင်လုပ်ဆောင် ကြတော့ မဂ္ဂဇင်းဖြစ်လာတယ်။

ကျွန်တော်တို့ ပဲခူးဆောင်သဟာယနှင့် စာဖတ်အသင်း ဥက္ကဋ္ဌ ကိုဝင်း(ဘောလုံး လက် ရွေးစင်) က ခင်ဗျား ကိုအောင်ဆန်းကို ရေးခိုင်းဗျာ၊ တခြားလူပြောရင် ဘုပြော နေဦးမယ်။ ခင်ဗျား ကိုအောင်ဆန်းနဲ့ အလွမ်းသင့်တယ်တဲ့။ ပြောတာဆိုတာမှာ ကိုအောင်ဆန်းက တစ်ခါတလေ သိပ်ဘုနှိပ် တယ်။ ကျွန်တော့်ကိုလည်း ဘုနှိပ်တာရှိတာပဲ။ ဒါပေမယ့် သူငယ်ချင်း ငါနောက်တာပါကွာ၊ ကျီစားတာ မခံနိုင်ဘူးလားဆိုပြီး ပြန်ချော့လေ့ ရှိတယ်။

အဲဒီလို ကိုအောင်ဆန်းက ဟံသာကြေးမုံ မှာ အင်္ဂလိပ်ရေးပေးတော့ အမှန်အတိုင်း ပြောရရင် သူ့ရဲ့ အင်္ဂလိပ်စာအဆင့်အတန်းက သိပ်မြင့်နေတော့ ကျွန်တော်မပြင်တတ်လို့ ဒီအတိုင်းပဲ ထည့်ပေးလိုက်တယ်”ဟုပြောပြရာ ဗိုလ်ချုပ်၏ ရန်ကုန်တက္ကသိုလ်ကျောင်းသား ဘဝတွင် အရည်အချင်းပြည့်ဝမှုကို အားကျ စံထားလေးစားရပါသည်။

ကိုလိုနီခေတ် ရန်ကုန်တက္ကသိုလ်ကျောင်း သားဘဝတွင် အင်္ဂလိပ်ပညာရေး အာဏာပိုင် များက တက္ကသိုလ်ကျောင်းသား အချင်းချင်း၊ သွေးခွဲခဲ့ပုံနှင့် စပ်လျဉ်း၍ တော်လှန်ရေး ကောင်စီအစိုးရ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်ရွှေက-“၁၉၃၇-၃၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် စတင် တက်ရောက်ပြီး ဝိဇ္ဇာဘာသာရပ်ကို ယူပါတယ်။ သည်တုန်းက ကြိုက်တဲ့အဆောင်မှာနေလို့ ရတော့ ပဲခူးဆောင်မှာ နေခဲ့ပါတယ်။

ဟိုတုန်းက “တက္ကသိုလ် အရန်တပ်ရင်း” UTC က အင်္ဂလိပ်စစ်တပ်က ဝင်ရောက် စည်းရုံးဖွဲ့စည်းတဲ့တပ် ဖြစ်တယ်။ လွတ်လပ် ရေးရပြီးနောက်ပိုင်း ယူတီစီနဲ့ သဘာဝချင်း မတူဘူး။ အင်္ဂလိပ်ခေတ်မှာ ယူတီစီထဲကို ကျောင်းသားတိုင်း ဝင်ချင်လို့ မရဘူး။ ကျောင်းသားအများစုကတော့ ရိုင်ဖယ်ပစ် ချင်တယ်။ စစ်ယူနီဖောင်းနဲ့ စမတ်ကျကျ နေချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယူတီစီထဲ ဝင်ချင်ကြတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့လို နေရာ တွေမှာ ရာထူးကြီးကြီး ရစေရအောင်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတယ်။ နာမည်ကလည်း ဘိုနာမည်၊ ကျောင်းကလည်း ဘိုကျောင်း။ ယူတီစီကို ဝင်ထားတယ်ဆိုရင် အင်္ဂလိပ် ခေတ်မှာ ထိပ်တန်း အလုပ်အကိုင် ရနိုင် တာပေါ့။

ဒါပေမယ့် အင်္ဂလိပ်ခေတ်က ယူတီစီမှာ လက်ခံဖို့က ဘယ်နယ်၊ ဘယ်အရပ်ကလာတဲ့ ကျောင်းသားလဲ၊ ဘယ်ကျောင်းထွက်လဲ ဆိုတာ စိစစ်ပြီးမှလက်ခံတယ်။ တက္ကသိုလ် ကျောင်းသားချင်းကို ခွဲခြားလက်ခံတာပေါ့။ ဥပမာ “စိုးအောင်” ဆိုရင် လက်မခံဘူး။ “ထွန်းဦး” ဆိုရင် လက်မခံဘူး။ “ပီတာမောင် မောင်” ဆိုရင် နည်းနည်းစဉ်းစားမယ်။ “စတန်လီထွန်းရီ” ဆိုရင် နည်းနည်းစဉ်းစား မယ်။ “အက်ဒ်ဝပ်” တို့၊ “မိုက်ကယ်” တို့ ဆိုရင် စဉ်းစားမယ်။ ရှင်းရှင်းပြောရရင် နေရှင်နယ် (အမျိုးသားကျောင်း) ထွက်ဆိုရင် တောခပ် ကျကျက လာတယ်ဆိုရင် လက်ခံမစဉ်းစား ဘူးပေါ့။ ကျွန်တော်တို့ သူငယ်ချင်း ခပ်များများ ယူတီစီဝင်ဖို့ လျှောက်ကြတယ်။ တစ်ယောက်မျှ မရခဲ့ကြဘူး။

တိုင်းတစ်ပါး အင်္ဂလိပ်ကို တိုက်ထုတ် တော့မယ်လို့ ကြိုးပမ်းတဲ့ကာလရောက်လာ တဲ့အခါ ဘီအိုင်အေတပ် ဖွဲ့စည်းကြတယ်။ ကျောင်းပိတ်လိုက်ပြီး လေး၊ ငါး၊ ခြောက်လ လောက်အကြာမှာ ဘီအိုင်အေတပ်တွေဟာ စစ်ကြောင်းကြီး (Colum) တွေနဲ့ ဝင်လာ ကြတယ်။ အဲဒီမှာ ဘာတွေရသလဲဆိုတော့ တက္ကသိုလ်မှာ အနယ်နယ်အရပ်ရပ်က ကျောင်းသားတွေ ဆုံစည်းမိကြ၊ ခင်မင်ကြ ပြီးတဲ့နောက် ကျောင်းပိတ်လို့ နေရပ်ပြန် ရောက်ကြပြီး အင်္ဂလိပ်ကို တိုက်ဖို့ စစ်ကြောင်းတွေ ချီလာတဲ့အခါ တက္ကသိုလ် ကျောင်းသားတွေဟာ တပ်မှူးတွေအနေနဲ့၊ လူကြီးတွေအဖြစ်နဲ့ အများအပြားပါလာကြ တာကို တွေ့ရတယ်။

ဒီလိုပဲ ဂျပန်ကို ပြန်လည်တိုက်ထုတ်တဲ့ အချိန်အခါရောက်လာတဲ့အခါမှာလည်း တိုင်း ၁၀ တိုင်းမှာ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားတွေ အများအပြား ပါလာပါ တယ်။ ဂျပန်ထွက်သွားပြီးတဲ့အခါမှာ ကျောင်း ပြန်တက်သူတွေ ရှိပါတယ်။ ဥပမာ ဌာနချုပ် တိုင်းက ဆိုရင် ဇော်ဝင်း (မန္တလေး)၊ ဒုဗိုလ်မောင်မောင် (နောင်သမ္မတကြီး ဒေါက်တာ မောင်မောင်) တို့ အစရှိသဖြင့် ရှိကြတယ်။

အဲဒီလို နယ်ချဲ့အင်္ဂလိပ်နဲ့ဖက်ဆစ်ဂျပန် တို့ကို တိုက်ထုတ်ရာမှာ ပါဝင်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားများဟာ ဘဝမှာ အတွေ့အကြုံတွေ ရင့်ကျက်ဖွံ့ဖြိုးလာကြ တယ်။ ရည်မှန်းချက်ဆန္ဒ ပိုမိုပြင်းပြ လာကြပြီး ဆက်လက်လျှောက်လှမ်းကြတဲ့ ဘဝမှာ ပိုမိုကြိုးစား အားထုတ်လာကြတာ တွေကို တွေ့ရပါတယ်” ဟု ရင်းနှီးပွင့်လင်း စွာ ပြောပြခဲ့ရာ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံ့ ဂုဏ်မြင့်မားရေးဆိုင်ရာ ကိုယ်တွေ့ဖြစ်ရပ် များမှာ ထူးခြားစွာ ဂုဏ်ယူစံထားဖွယ် ဖြစ်ပါတယ်။

လွန်ခဲ့သည့် ၁၉၉၅ ခုနှစ်က ရန်ကုန် တက္ကသိုလ်စိန်ရတုသဘင် အခမ်းအနား ကျင်းပစဉ် ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်လျက်ရှိသည့် “ဦးအုံး ဂျော်” ကလည်း “ကျွန်တော်က မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်မှာပဲ ရန်ကုန် တက္ကသိုလ် ရောက်ခဲ့ပါတယ်။ ပထမဆုံး တက္ကသိုလ်ကျောင်းသား ဖြစ်လာတာနဲ့ တစ်ပြိုင်နက် မိမိကျင်လည်ကျက်စားခဲ့ရတဲ့ လူငယ်ဘဝရဲ့ အဆင့်အမြင့်ဆုံး အနေ အထားကို စတင်ခံစားလာရတယ်။ ဒီအသက်အရွယ်ဟာ ကျွန်တော်တို့ ဘယ်လူနေမှု အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် ရင့်ကျက်တယ်ဆိုတဲ့ အဖြစ်ကို စပြီး ကိုယ်တွေ့ခံစားရတယ်။ နှီးနွှယ်ပတ်သက်မှု Involvement ဖြစ်လာတဲ့ သဘောရှိတယ်။ ဟိုတုန်းကတော့ မိဘရဲ့ သွန်သင်မှု၊ မိမိရဲ့ အနီးကပ် ဆရာရဲ့ သွန်သင်မှုအောက်က လမ်းပြမှုတွေကို ခံပြီးမှ လက်ဝေခံ သဘောနေလာခဲ့ရတဲ့ဘဝမှ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်တဲ့ အဆင့်ကို ရောက်မှန်း မသိ ရောက်လာရတယ်။

ကျွန်တော်တို့က နယ်ကျောင်းသား ဆိုတော့ ဘယ်သိမလဲ။ ကိုယ့်နယ်မှာရှိတဲ့၊ ကိုယ့်မြို့မှာရှိတဲ့ တက္ကသိုလ်ကျောင်းသား ဟောင်းတွေဆီ မေးရတာပေါ့။ ဘာတွေယူ သွားရမလဲ။ ဘာတွေလုပ်ရမလဲ စသည်မျိုးစုံ ပေါ့။ ဆွေတွေ မျိုးတွေကလည်း လာပြီး တော့ တစ်ခါတည်းအကုန်လုံး သွန်သင် ဆုံးမပေးတာတွေ ရှိပါတယ်။

ထမင်းစားပြီး အင်းလျားကန်ပေါင်ကို အမြဲတမ်း လမ်းလျှောက်တဲ့သူတွေ ရှိတယ်။ တချို့ကျတော့လည်းပဲ ကိုယ့်မြို့ ကိုယ့်နယ် က အမျိုးသမီးတွေကို စောင့်ရှောက်ဖို့အနေနဲ့ အမျိုးသမီးအဆောင်တွေကို ညနေပိုင်းမှာ သွားလည်တဲ့သူတွေ ရှိတယ်။ တချို့ရည်ငံ လာတဲ့သူတွေ အနေနဲ့ကတော့ သူတို့ဘာသာ သူတို့သွားတာတွေ ရှိတယ်။

ရန်ကုန်တက္ကသိုလ် ရောက်တဲ့အခါ အဆောင်မှာ ၁၀ ပေပတ်လည် အခန်းနဲ့ နေကြရတယ်။ အဲဒီအခါကျတော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ကိုယ်လို ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးကြရမယ့် လူတွေနဲ့ ဗြုန်းခနဲ တွေ့တဲ့ သဘောပေါ့။ အဲဒီအခါမှာ တချို့ကျ တော့လည်း ကိုယ့်ရဲ့အနေအထားကို ထင်ပေါ်ကျော်ကြားတဲ့ အနေအထားကြောင့် အဲဒီထင်ပေါ်ကျော်ကြားတဲ့ အရှိန်အဝါကို အသုံးချပြီး အောက်ခြေလွတ်သွားတဲ့ လူတွေ လည်းရှိတယ်။ လူ့ဘဝကို တကယ့်အတိ အကျ အဆုံးအဖြတ်ပေးတဲ့ ကာလဟာ တက္ကသိုလ်ကျောင်းသား ဘဝလို့ပဲ ကျွန်တော် ထင်မြင်ပါတယ်။ ကျွန်တော်တို့ မျက်စိရှေ့မှာ တင် ကသောင်းကနင်းဖြစ်သွားတဲ့ လူတွေ ရှိသလို တိုးတက်ကြီးပွားသွားတဲ့ လူတွေ လည်း ရှိတယ်” ဟူသော ဩဝါဒ ကထာမှာ မျိုးဆက်သစ် တက္ကသိုလ် ကျောင်းသား ကျောင်းသူများအတွက် စံထားမှတ်သား လိုက်နာစရာ ဖြစ်နေပါသည်။ ။

မြန်မာ့အလင်း