တက္ကသိုလ်၏ ဂုဏ်အသရေကို ပြန်လည်မြှင့်တင်

 

ပညာအမွေပေးရာ ရန်ကုန်တက္ကသိုလ်သည် သမိုင်းကြောင်းအစဉ်အလာ ကြီးမားပေသည်။ အမျိုးသားရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသော မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တက္ကသိုလ်မြေတွင် ထူးချွန်ထက်မြက်သည့် မြန်မာလူငယ်လူရွယ်များက အဆင့်မြင့်ပညာသင်ယူရင်း တိုင်းပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြသည့် သမိုင်းကြောင်းအစဉ်အလာများ ထင်ရှားစွာရှိခဲ့ပေသည်။

“မြန်မာနိုင်ငံ ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် နိုင်ငံအတွင်း တက္ကသိုလ်ကျောင်းဟူ၍ မရှိခဲ့ပေ။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က ရန်ကုန်မြို့၌ ရန်ကုန်အစိုးရအထက်တန်းကျောင်း (ယခု အထက-၁ လသာ) အား ရန်ကုန်ကောလိပ်အဖြစ် ထူထောင်ထားပြီး မူလက ကူရှင်အထက်တန်းကျောင်း နောင် ဘက်တစ်ကောလိပ် (ယခု အထက-၄ အလုံ) ကို ဂျပ်ဆင်ကောလိပ်အဖြစ် ထူထောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာသောအခါ အဆိုပါကောလိပ်နှစ်ကျောင်းသည် ရန်ကုန်တက္ကသိုလ်နှင့် ဆက်သွယ်ပေါင်းစည်းထားသည့် ကောလိပ်များဖြစ်ခဲ့သည်။

၁၉၂၄ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ချက်အရ နယ်မြို့များတွင် ကောလိပ်များ ဖွင့်ခွင့်ရလာသောအခါ ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည့်အချိန်အထိ ရန်ကုန်ကောလိပ်၊ ဂျပ်ဆင်ကောလိပ်၊ မန္တလေးဥပစာကောလိပ်၊ ဆရာဖြစ်သင်ကောလိပ်၊ ဆေးကောလိပ်နှင့် စိုက်ပျိုးရေးကောလိပ်တို့ ပေါ်ပေါက်လာသည်။ ထိုရန်ကုန်တက္ကသိုလ်သည် ပထမအစဘဝမှဖြတ်သန်းခဲ့သော တက္ကသိုလ်သမိုင်းကြောင်းတစ်လျှောက် သမိုင်းတွင် ဂန္တဝင်မှတ်ကျောက်တင်ခဲ့မှုများနှင့်အတူ နိုးကြားထကြွလာသော နိုင်ငံရေးဂယက်လှိုင်းများ စနစ်အပြောင်းအလဲများနှင့် ခက်ခဲကြမ်းတမ်းသည့် ခယောင်းလမ်း များကို ဖြတ်ကျော်ခဲ့ရပါသည်။

ရန်ကုန်တက္ကသိုလ်ကြီးသည် ယနေ့အခါ နှစ်ပေါင်း ၁၀၀ သက်တမ်းကာလသို့ ချင်းနင်းဝင်ရောက်လာခဲ့ပါပြီး နှစ်ပေါင်းရှည်ကြာ ပညာရေးခရီးလမ်း သက်တမ်းကြာမြင့်လာပြီဖြစ်သော်လည်း နိုင်ငံရေးကိုအန်တု၊ လောကဓံကိုမမှုဘဲ ပညာအမွေများ ဆက်လက်ဝေနိုင်ရန်၊ အနာဂတ်သားကောင်းရတနာများ ဖြစ်ပေါ်လာစေရန် မွေးထုတ်ပေးနိုင်ရန် အသင့်ရှိနေဆဲဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကြီးသည် မြန်မာနိုင်ငံသမိုင်းဖြစ်စဉ်တွင် တာဝန်ကျေပွန်ခဲ့ပါသည်။ ဆက်လက်၍ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ရန်လည်း အသင့်ရှိနေသည်ကို တွေ့ရသည်။

အတိတ်က ရန်ကုန်တက္ကသိုလ်ကဲ့သို့ ထင်ရှားကျော်ကြား အောင်မြင်မှုများရအောင်၊ ဂုဏ်သတင်းဖြိုးမောက် ကျက်သရေမင်္ဂလာရောက်အောင်၊ ပညာအရာ၊ စည်းကမ်းအရာတွင် တက္ကသိုလ်လောက ပတ်ဝန်းကျင်တစ်ခွင်၌ ပြိုင်စံမတူ စံနမူနာဖြစ်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြရပါမည်။

အတိတ်က ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှတွင် အကောင်းဆုံး၊ အာရှတွင် အလှဆုံး ဂုဏ်သတင်းမြောက်ခဲ့သည်။ ယင်းခေတ်များကို မမီလိုက်၊ မသိရှိလိုက်ကြသည့် ပြည်သူတို့အား အဘယ်သို့ ထင်ရှားကျော်ကြား ဂုဏ်သတင်းမြောက်ခဲ့သည်ကို ပြန်လည်ထုတ်ဖော်အသိပေးကြရမည် ဖြစ်သည်။

ဂုဏ်သတင်းထွန်းတောက်ခဲ့သည်များကို သိရှိမှတ်သား၍ သင်ခန်းစာ ထုတ်ဖော်ကြရမည်ဖြစ်သည်။ ယခုလက်ရှိ ရန်ကုန်တက္ကသိုလ်နှင့် လက်အောက်ခံ တက္ကသိုလ်ကောလိပ်များ၏ လိုအပ်ချက်များ ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲမှုများ နိုင်ငံတကာတက္ကသိုလ်ကောလိပ်များ၏ အရည်အသွေး၊ အရည်အချင်း၊ ဂုဏ်အင်္ဂါရပ်များနှင့်အညီ လိုက်မီနိုင်အောင် မည်သို့မည်ပုံ ကြိုးပမ်းဆောင်ရွက်ကြရမည်ကို ဝိုင်းဝန်းကြံဆပြီး တဖြည်းဖြည်းနှင့် အတိတ်က ရန်ကုန်တက္ကသိုလ်ကြီးကဲ့သို့ ပြန်လည်ဖြစ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

ခေတ်ကာလအလိုက် ထိုခေတ်တွင် ထွန်းလင်းတောက်ပြောင်လာအောင် နှောင်းခေတ် မိဘဘိုးဘွားဆရာသမားများက ကြိုးပမ်းအားထုတ်ခဲ့ကြပြီးပါပြီ။ သမိုင်းတွင် သမိုင်းဝင်အောင် ဖော်ဆောင်ခဲ့ကြပြီးပါပြီ။ မျက်မှောက်ခေတ်ကာလကို အတိတ်ကရွှေထီးဆောင်းသကဲ့သို့၊ အတိတ်က ထွန်းလင်းတောက်ပသကဲ့သို့ ထွန်းတောက်လာအောင် လုပ်ဆောင်ရမည့်တာဝန်မှာ ပစ္စုပ္ပန်လူသားများနှင့် မျိုးဆက်သစ် ဆရာ/ဆရာမ၊ ကျောင်းသားကျောင်းသူများ၏ တာဝန်ဖြစ်ပါသည်။ မိမိတို့အပေါ်တွင် ကျရောက်လာပြီဖြစ်သည့် သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မှ သမိုင်းတွင်မည့် တက္ကသိုလ်အဖြစ် ကမ္ပည်းတင်နိုင်မည်ဖြစ်ပါသည်။ ခေတ်သမိုင်းကို မရိုင်းအောင်၊ မပျက်စီးအောင်၊ ထွန်းတောက်အောင် ပြုလုပ်ကြရမည်မှာ ယနေ့ခေတ်အားလုံး၏ တာဝန်သာဖြစ်သည်။

သို့ဖြစ်ရာ ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလတွင် အတိတ်ကထွန်းလင်းတောက်ပခဲ့သည့် နှစ် ၁၀၀ ပြည့် ရန်ကုန်တက္ကသိုလ်ကြီးကို ဂုဏ်ပြုကြရမည်ဖြစ်သလို ရွှေရောင်တောက်ပခဲ့သည့် ရန်ကုန်တက္ကသိုလ်ကြီး ၏ဂုဏ်အသရေ မှေးမှိန်ခြင်းမရှိအောင်၊ ထာဝရအမြဲတောက်ပနေအောင် ပစ္စုပ္ပန်မျိုးဆက်များက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မြင့်တင်ဖော်ဆောင်ပေးကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ