တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် ထားဝယ်ခရိုင်အတွင်း သဘာဝဘေးဖြစ်ပေါ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ထားဝယ် ၁၀ ဩဂုတ် 


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း မိုးများအဆက်မပြတ် ရွာသွန်းမှုများကြောင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၇ နာရီက ထားဝယ်-မေတ္တာကားလမ်း ချောင်းရေကျော်လျက်ရှိသည့် လမ်းပိုင်းနေရာများအား ကြည့်ရှုစစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးရာ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်-မေတ္တာကားလမ်းရှိ လမ်းမများပေါ်တွင် ရေကြီးရေလျှံဖြစ်၍ သွားလာရေးခက်ခဲသော နေရာများတွင် ဒေသခံပြည်သူများ လွယ်ကူစွာသွားလာနိုင်ရေးအတွက် သယ်ယူပို့ဆောင်မှုများ ပြုလုပ်နိုင်ရန် လိုအပ်သော လှေ၊ စက်လှေများ ထားရှိဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာ၊ အဏ္ဏဝါအလင်းတန်းစာကြည့်တိုက်၌ လေဘေးသင့် ဒေသခံပြည်သူများ တွေ့ဆုံပြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ လေဘေးသင့် ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေပေါ်မူတည်၍ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်သူများ၏ လိုအပ်ချက်များကို ဝိုင်းဝန်းဖေးမကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက လေဘေးသင့် အိမ်ထောင်စု(၇)စုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ပေးအပ်ပြီး တာဝန်ရှိသူများက စမ်းလှမ်းအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းသူ/ကျောင်းသားများ ပညာသင်ယူနေမှုအခြေအနေနှင့် ကျောင်းဆောင်များအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောင်းလုံး-ရှင်မော်ဘုရား လမ်းဘေးဝဲ/ယာရှိ ကျေးရွာများအခြေအနေနှင့် တောင်ကျရေစီးဆင်းမှု၊ တောင်ပြိုကျမှု၊ လမ်းမပေါ်ရေကျော်နေမှု အခြေအနေများနှင့် ကျောက်ဝပ်ပြင်ကျေးရွာတွင် တောင်ပြိုကျမှုနှင့် တောင်ကျရေစီးဆင်းမှုတို့ကို ကြည့်ရှုခဲ့ပြီး အန္တရာယ်ရှိနိုင်သော နေအိမ်များတွင် လူနေထိုင်မှုမရှိစေရေး၊ သတိပေးဆိုင်းဘုတ်များ ထားရှိရေး၊ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ချက်ချင်းကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စုဖွဲ့ထားရှိရန်နှင့် လမ်းမပေါ်တွင် တောင်ပြိုကျမှုများအား ရှင်းလင်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည့် ကျောက်ဝပ်ပြင် လူမှုကူညီရေးအသင်းသို့ သွားရောက်ပြီး ဒေသခံပြည်သူများအား အားပေးစကားပြောကြားကာ အိမ်ထောင်စု (၄၀)စု၊ လူဦးရေ (၁၈၈)ဦးအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်သွားရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ဦးကျော်ကျော်လတ်(IPRD)