တန်ဖိုးကြီးမား ထိုလူသားများ

ကိုရိုနာဗိုင်းရပ်စ်လို့ခေါ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုးကြီး ကမ္ဘာ့နေရာအနှံ့ကို ပြန့်နေပါတယ်။ ဒီပိုးဟာ ဆင်းရဲ၊ ချမ်းသာ၊ ဘာသာ၊ လူမျိုး၊ နိုင်ငံမရွေး ဖျက်ဆီးနေ တာ ဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး နံပါတ်(၁)ဆိုတဲ့ အမေရိကန်နိုင်ငံဟာ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရဲ့ တိုက်ခိုက်မှုကို ထိပ်ဆုံးကနေခံစားနေရတဲ့နိုင်ငံ ဖြစ်ပါ တယ်။ ချမ်းသာတဲ့နိုင်ငံကြီးများ များစွာခါးစည်းခံနေကြ ရပါတယ်။ သိပ္ပံပညာတွေဘယ်လောက်ပဲ တိုးတက်နေပြီ ဆိုပေမယ့် အခုလို ကမ္ဘာနဲ့ချီဖြစ်တဲ့ ကပ်ရောဂါပိုးကိုတော့ ရင်မဆိုင်နိုင်သေးပါဘူး။ ကုသဖို့ဆေးနဲ့နည်းလမ်းတွေ၊ ကာကွယ်ဆေးဆိုတာတွေကို အသည်းအသန်၊ အလျင် အမြန် ရှာဖွေနေကြရတာတွေ တွေ့နေရပါတယ်။ မျက်စိ ရှေ့မှာတင် လူတွေတဖွဲဖွဲ သေဆုံးနေကြရတာတွေကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်နေရပါတယ်။ ကျွန်တော်တို့ တစ်တွေ ကပ်ရောဂါဆိုတာ ဒီလိုပါလားလို့ လက်တွေ့ တွေ့မြင်ရင်ဆိုင်နေကြရပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်ခေါ် အစာရေစာငတ်မွတ်ခေါင်းပါးခြင်းကပ်၊ သတ္ထန္တရ ကပ်ခေါ် စစ်မက်ဖြစ်ပွားဒုက္ခကျရောက်ရသောကပ်၊ ရောဂါဘယများ ကျရောက်ဆင်းရဲ သေကျေကြရတဲ့ ရောဂန္တရကပ်စသည်တို့ရှိရာမှာ အခုတွေ့ကြုံနေရတဲ့ ရောဂန္တရကပ်ရောဂါကြီးဟာ အင်မတန်ကြောက် မက်ဖွယ်ဖြစ်တာကိုလည်း လက်တွေ့ကြုံကြရပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ကပ်ရောဂါ
၁၁.၃.၂၀၂၀ ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)ကို ကမ္ဘာ့ကပ်ရောဂါ (Pandemic disease)အဖြစ် ကြေညာလိုက်ပါတယ်။ ကူးစက်ရောဂါများမှာ Epidemic ဆိုရင် တစ်နေရာတည်း မှာပဲ သီးသန့်ဖြစ်နေတာ၊ Endemic ဆိုရင် အဲဒီနေရာကနေ တခြားနေရာကိုပြန့်လာတာ၊ Pandemic ဆိုရင်တော့ ကမ္ဘာအနှံ့ပြန့်နေတဲ့သဘောကို ဆိုလိုပါတယ်။
ကမ္ဘာမှာ အဆိုးရွားဆုံး Pandemic Diseases ၁၀ ကြိမ်ရှိခဲ့ကြောင်း သိရပါတယ်။
၁။ HIV/AIDS- ၂၀၀၅-၂၀၁၂ ခုနှစ်- သေဆုံးသူ ၃၆သန်း။
၂။ Flu Pandemic ၁၉၆၈ ခုနှစ်-သေဆုံးသူ တစ်သန်း(တုပ်ကွေးရောဂါ)။
၃။ Asian Flu အာရှတုပ်ကွေးရောဂါ ၁၉၅၆-၅၈ ခုနှစ်-သေဆုံးသူ နှစ်သန်း။
၄။ Flu Pandemic ၁၉၁၈ ခုနှစ်-သေဆုံးသူ သန်း၂ဝမှ သန်း၅၀။
၅။ Sixth Cholera Pandemic ၁၉၁၀-၁၉၁၁ ခုနှစ်-သေဆုံးသူ ရှစ်သိန်း(ကာလဝမ်းရောဂါ)။
၆။ Flu Pandemic ၁၈၈၉-၁၈၉ဝ ခုနှစ်-သေဆုံးသူတစ်သန်း(တုပ်ကွေးရောဂါ)။
၇။ Third Cholera pandemic ၁၈၅၂-၁၈၆ဝ ခုနှစ်-သေဆုံးသူ-တစ်သန်း (ကာလ ဝမ်းရောဂါ)။
၈။ The Black Death ၁၃၄၆-၁၃၅၃ ခုနှစ်-သေဆုံးသူ ၇၅ သန်းမှသန်း၂၀၀(ပလိပ်ရောဂါ)။
၉။ Plague of Justinian ၅၄၁-၅၄၂ ခုနှစ်-သေဆုံးသူ ၂၅သန်း(ပလိပ်ရောဂါ)။
၁၀။ Antonine Plague အေဒီ ၁၆၅-သေဆုံးသူ
ငါးသန်း (ပလိပ်ရောဂါဖြစ်နိုင်သည်)။
ဒီကိုဗစ်-၁၉ ရောဂါဟာလည်း ကပ်ရောဂါတစ်ခုအဖြစ် သမိုင်းတွင်ရစ်တော့မှာ ဖြစ်ပါတယ်။ လူပေါင်းသန်းချီ ကူးစက်ခံနေရလျက်ရှိပြီး လူပေါင်းများစွာသေဆုံးလျက် လည်း ရှိပါတယ်။ ၂၆-၄-၂၀၂၀ ရက်နေ့အထိ နိုင်ငံနှင့် နယ်မြေဒေသစုစုပေါင်း ၂၁ဝ မှာ ဖြစ်ပွားသူ ၂၉၂၄၂၆၅ ဦး၊ သေဆုံးသူ ၂၀၃၃၂၄ ဦး၊ ပျောက်ကင်းသူ ၈၃၇၇၂၁ ဦး၊ လက်ရှိလူနာ (active case) ၁၈၈၃၂၂၀ ဦး၊ မြန်မာနိုင်ငံအနေနဲ့ ပိုးတွေ့ဖြစ်ပွားသူ ၁၄၆ ဦး၊ သေဆုံးသူ ငါးဦးရှိနေပြီလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အစစအရာရာ မပြည့်စုံဘူးလို့ ဆိုနိုင်တဲ့ ကျွန်တော်တို့ နိုင်ငံဟာလည်း ဒီကပ်ရောဂါကြီး ကို အများနည်းတူ တွေ့ကြုံရင်ဆိုင်နေပါတယ်။ ရုပ်ပိုင်း ဆိုင်ရာတွေ၊ နည်းပညာတွေ၊ ဥစ္စာပစ္စည်းတွေ မချမ်းသာ ပေမယ့် နိုင်ငံသားတွေရဲ့ မွန်မြတ်တဲ့စိတ်ဓာတ်တွေနဲ့ မကြောက်မရွံ့ ရင်ဆိုင်နေကြတာတွေ့ရလို့ အလွန်ပီတိ ဖြစ်ရပါတယ်။ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းနိုင်ငံသားတွေရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကို အံ့ဩချီးကျူးဖွယ် တွေ့ရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဖြစ်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ ဟာ ဝေဒနာခံစားနေရတဲ့ လူနာတွေကို အနီးကပ်စောင့် ကြည့်ကုသပေးနေကြရပါတယ်။ သူတို့ဟာ အလွန်အန္တရာယ် များလှပါတယ်။ သူတို့တာဝန်ယူနေရတဲ့ လူနာခန်းတွေဟာ ဗိုင်းရပ်စ်ပိုးတွေများစွာရှိနေတာ ဖြစ်ပါတယ်။ Viraemia ခေါ်တဲ့ ဗိုင်းရပ်စ်ပိုး အရေအတွက်များစွာ စုဝေးနေတဲ့နေရာ ဖြစ်လို့ အလွန်ကူးစက်လွယ်ပါတယ်။ ဒါကိုသိလျက်နဲ့ တာဝန်သိသိဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ တစ်နည်း ဆိုရရင် သူတို့ဟာ သေမင်းနှုတ်ခမ်းဝကို ရောက်နေတဲ့ လူနာတွေကို အသက်စွန့်ပြီးကူညီစောင့်ရှောက်ကယ်ပေး နေသူတွေ (သို့မဟုတ်) သေမင်းနဲ့အနီးကပ်နေရသူတွေ ဖြစ်ကြပါတယ်။ အချိန်မရွေး ကူးစက်ခံရနိုင်သူတွေ ဖြစ်ကြပါ တယ်။ ဒေါက်တာ ဒေါ်မြင့်မြင့်စိန်လို မိမိအတွက် အရေးမထားဘဲ လူနာကို ဦးစားပေးကုသပေးတဲ့ ဆရာဝန်ဆိုရင် သိပ်ချီးကျူးဖို့ကောင်းပါတယ်။ ဗိုင်းရပ်စ် ပိုးတွေရဲ့အပိုင်သိမ်းပိုက်မှုကိုခံနေရတဲ့လူနာကို မိမိအတွက် အန္တရာယ်ရှိနိုင်မှန်းသိလျက်နဲ့ စွန့်လွှတ်စွန့်စားဆောင်ရွက် ရဲတဲ့ သတ္တိနဲ့စိတ်ဓာတ်ကို လေးစားစွာဂုဏ်ပြုမိပါတယ်။ သူတစ်ပါးအကျိုးအတွက် အများမလုပ်နိုင်တဲ့၊ မလုပ်ရဲတဲ့၊ ခက်ခဲတဲ့အလုပ်ကို ရဲရဲဝံ့ဝံ့ဆောင်ရွက်နိုင်တဲ့ အာဇာနည် စိတ်ဓာတ်မျိုး ဖြစ်ပါတယ်။
သူတော်ကောင်းစိတ်ထားရှိသူတွေ
မည်သည့်အကျိုးကိုမျှ မျှော်ကိုးခြင်းမရှိဘဲ မိမိတတ် ထားတဲ့ပညာ၊ အတွေ့အကြုံတွေနဲ့ အများအကျိုးကို ဆောင် ရွက်နေကြတဲ့ သူတော်ကောင်းစိတ်ထားရှိသူတွေ ဖြစ်ကြ ပါတယ်။
မျိုးဆက်သစ်ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးရုံ ဝန်ထမ်းတွေဟာ ကိုဗစ်- ၁၉ ကပ်ရောဂါ ကာလကြီးမှာ အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားတာဝန်ထမ်း ကြတဲ့ ရဲရဲတောက်နိုင်ငံ့သားကောင်းတွေလည်း ဖြစ်ကြပါတယ်။ အလားတူပါပဲ ရောဂါဗေဒပညာရှင်တွေ၊ ဓာတ်ခွဲခန်း ဝန်ထမ်းတွေ၊ ဓာတ်မှန်ပညာရှင်တွေနဲ့အတူ အခြားကျန်းမာ ရေးဝန်ထမ်း အသီးသီးတို့သာမက စေတနာ့ဝန်ထမ်း ပရဟိတသမားတွေအားလုံးဟာလည်း ကပ်ရောဂါဆိုးကြီး ကို အောင်မြင်စွာရင်ဆိုင်နိုင်ဖို့ လက်ချင်းတွဲ၊ စိတ်ချင်းတွဲ ဆောင်ရွက်နေကြတဲ့ တာဝန်သိနိုင်ငံ့သားကောင်းတွေဖြစ် ကြပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ တပ်သားသစ်တွေ လေ့ကျင့်ရေးစခန်းတစ်ခုမှာ ဖြစ်ပါတယ်။ သင်တန်းဆရာ က သင်တန်းခဏနားနေချိန်မှာ ရဲဘော်လေးတွေ အုပ်စုထဲကို လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းလိုက်ပါတယ်။ လက်ပစ်ဗုံးရဲ့စနက်တံကိုဖြုတ်ပြီး ပစ်သွင်းလိုက်တာ ဖြစ်ပါတယ်။ လက်ပစ်ဗုံးကိုလည်းတွေ့ရော ရဲဘော်လေး တွေဟာ ကြောက်လန့်တကြား တိုးဝှေ့ ပြေးလွှားထွက်ပြေး ကြပါတော့တယ်။ လက်ပစ်ဗုံးဆိုတာ တော်တော်ကြောက် စရာကောင်းတာကိုး။ ပေါက်ကွဲလိုက်ရင် ရဲဘော်လေးတွေ အတွက် မတွေးဝံ့စရာပါ။ ဒါပေမယ့် လက်ပစ်ဗုံးက ယမ်းမပါတဲ့ ဗုံးအတုပါ။ ဆရာကြီးက သူ့ရဲဘော်လေး တွေရဲ့စိတ်ကို စမ်းလိုက်တာပါ။ သူတို့ဘယ်လိုတုံ့ပြန် မလဲလို့ပေါ့။ မကွဲတဲ့ဗုံးမှန်းသိတော့မှ သူတို့လေးတွေ ရယ်နိုင်ကြတယ်။ ငိုအားထက် ရယ်အားသန်ကြတာပေါ့။
မြင့်မြတ်လှတဲ့ စိတ်ဓာတ်
ဒါနဲ့ပဲ နောက်တစ်နေ့ရောက်တော့ သူတို့တပ်စုထဲ ကို ရဲဘော်အသစ်တစ်ယောက် ရောက်လာတယ်။ ဒီရဲဘော်ကတော့ ဒီအကြောင်းကို လုံးဝမသိပါဘူး။ သူ့ကိုလည်း အသိမပေးဖို့ ကျန်ရဲဘော်တွေကို ဆရာကြီးက သတိပေးထားတယ်။ ဒီရဲဘော်သစ်ရဲ့ စိတ်ကို စမ်းကြည့်ချင်လို့တဲ့။ ဒါနဲ့ တစ်နေ့ကျတော့ တပ်စုနားချိန်မှာ ဆရာကြီးက လက်ပစ်ဗုံးအတုကို လူအုပ်ထဲပစ်သွင်းလိုက်ပြန်ပါတယ်။ ရဲဘော်သစ်က ဗုံးကိုလည်းတွေ့ရော သူများတကာတွေလို ရှောင်မပြေး ဘူး။ တခြားရဲဘော်တွေကို ထိမှာစိုးလို့ ဒိုင်ဗင်ထိုးလိုက်ပြီး ဗုံးပေါ်ကို သူ့ရဲ့ရင်ဘတ်နဲ့ အုပ်ချလိုက်တယ်။ သူ့ဘေးနားက ရဲဘော်တွေကိုလည်း ဘေးလွတ်ရာကို တွန်းဖယ်လိုက်ပါသေးတယ်။ သူဟာ ဗုံးကို သူ့ရင်ဘတ်နဲ့ မိမိရရ ဖိထားလိုက်ပါတယ်။ မျက်စိကိုလည်း မှိတ်လို့ပေါ့။ သူဟာ ဒီဗုံးကို ဗုံးတုမှန်း လုံးဝမသိတာသေချာပါတယ်။ ဗုံးအစစ်လို့ပဲ သိထားပါတယ်။ ဗုံးကျလာတာတွေ့လို့ တခြားသူတွေမထိမိစေဖို့ မိမိရဲ့အသက်ကို ပဓာနမထား ဘဲ အသက်စွန့်လိုက်တာ ဖြစ်ပါတယ်။ ရဲဘော်လေးရဲ့ မြင့်မြတ်လှတဲ့ စိတ်ဓာတ်ကို အားလုံးက တအံ့တဩ တွေ့လိုက်ကြရပါတယ်။ သူ့ကို ဝိုင်းချီးကျူးကြပါတယ်။ ချစ်ခင်လေးစားစရာကောင်းတဲ့ ရဲဘော်အဖြစ် တပ်ရင်းတစ်ခုလုံးက အသိအမှတ်ပြုကြပါတယ်။ ဒီလုပ်ရပ်ကြောင့် စစ်မြေပြင်မှာသာ ပေးအပ်ချီးမြှင့်လေ့ရှိ တဲ့ သူရဲကောင်းတံဆိပ်ကို ပေးအပ်ချီးမြှင့်လိုက်ပါတယ်။
တန်ဖိုးရှိ လူသားတွေ
ကမ္ဘာကျော် Chicken Soup စာထဲက one of the tenam ဆိုတဲ့ အင်မတန်နှစ်သက်ဖွယ်ကောင်းတဲ့ ဖြစ်စဉ် လေးပါ။ ဒီလိုစိတ်ထားမြင့်မြတ်တဲ့ လူသားတွေဟာ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ သိပ်ကိုတန်ဖိုးကြီးသူတွေဖြစ်ပါတယ်။ လောကကြီးကို အကျိုးပြုနိုင်သူ တန်ဖိုးရှိ လူသားတွေ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးခေါ်တဲ့ဗုံးကြီးတစ်လုံး ကမ္ဘာမြေနဲ့ မြန်မာ့မြေပေါ်ကျရောက်လာ ပါတယ်။ ဒီဗုံးကြီးဟာ လူသားတွေရဲ့အသွေးအသားတွေကို ဖျက်ဆီးရုံမက အသက်တွေကိုပါ ခြွေယူနေတာ ဖြစ်ပါ တယ်။ ကမ္ဘာသူကမ္ဘာသား နိုင်ငံသူနိုင်ငံသားတွေ မထိခိုက်စေဖို့ အသက်စွန့်ဆောင်ရွက်နေကြတဲ့ ကျန်းမာ ရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းနိုင်ငံသားတွေဟာ ဗုံးကြီးကို မိမိရင်နဲ့အုပ်ပြီးကာကွယ်ပေးလိုက်တဲ့ ရဲဘော် လို မြင့်မြတ်တဲ့စိတ်ဓာတ်ပိုင်ဆိုင်သူတွေ ဖြစ်ကြ ပါတယ်။ ဒီလိုစိတ်ဓာတ်မျိုးရှိတဲ့ နိုင်ငံသားတွေဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက် တန်ဖိုးကြီးမားလှ ပါတယ်။ တန်ဖိုးကြီးမား ထိုလူသားများအား လေးစားစွာ ဂုဏ်ပြုအပ်ပါကြောင်းနဲ့ ကျန်းမာချမ်းသာ တိုးတက် အောင်မြင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ် ပါတယ်ခင်ဗျား။ ။

ဒေါက်တာမြင့်သန်း(ညောင်လေးပင်)

ကြေးမုံ