တန်ဖိုးမဲ့မှတန်ဖိုးရှိအောင် လက်တွေ့အသုံးချ

လောကတွင် တန်ဖိုးမရှိသောအရာတို့ကို အလေးမထားပစ်ပယ်လေ့ရှိရာမှ ထိုတန်ဖိုးမရှိသောအရာကို အလေးထားအသုံးချသောအခါ တန်ဖိုးရှိသောအရာဖြစ်လာသည်ကို လက်တွေ့သိရှိလာကြပေသည်။ ကမ္ဘာပေါ်၌ တန်ဖိုးမရှိဆုံးအရာမှာ အမှိုက်ဟုဆိုကြပြီး လူတို့မလိုအပ်သော စွန့်ပစ်အမှိုက်သရိုက်ပစ္စည်း အားလုံးပါဝင်သည်။ အထူးသဖြင့် မီးဖိုချောင်သုံးအမှိုက်သရိုက်ပစ္စည်းများကို လူတို့နေ့စဉ်စွန့်ပစ်ကြပြီး နေ့စဉ်ထွက်ရှိသော အမှိုက်များဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်ပေါ်လျက်ရှိသည်။

 

တန်ဖိုးမရှိသော အမှိုက်သရိုက်များကို သုတေသနပြု၍ တီထွင်ဆန်းသစ်မှုပြုသောအခါ လူသားတို့ အတွက် တန်ဖိုးရှိသောအရာများ ပြန်လည်ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိရောက်စွာ တားဆီးဆောင်ရွက်လာနိုင်သည်။ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများ၌ စွန့်ပစ်အမှိုက်များမှ လောင်စာစွမ်းအင်နှင့် လူသုံးကုန်များ ပြန်လည်ထုတ်လုပ်လာကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ အနေဖြင့် စွန့်ပစ်အမှိုက်များကို ဖြေရှင်းဆောင်ရွက်ရာ၌ အလေ့အကျင့်ကောင်းများမရှိခြင်း၊ သယ်ယူပို့ဆောင်မှုနှင့် ကုန်ကျစရိတ်များပြားခြင်း၊ တီထွင်ဆန်းသစ်မှုမရှိခြင်း စသည်တို့ကြောင့် တန်ဖိုးမဲ့သောအရာများ တန်ဖိုးရှိအောင် အသုံးချနိုင်မှုအားနည်းနေသည်ကိုတွေ့ရသည်။

 

မြို့ပြဒေသများမှ လူတို့နေ့စဉ်စွန့်ပစ်သောအမှိုက်သရိုက်များအနက် ဥပမာအားဖြင့် စက္ကူ၊ပလတ်စတစ် ပစ္စည်း၊ ဖန်၊ သတ္တုစသည့်ပစ္စည်းများကိုသာ အမှိုက်ကောက်သူတို့နှင့် စွန့်ပစ်အဟောင်း ပြန်လည် ဝယ်သူတို့မှတစ်ဆင့် အမှိုက်အားလုံး၏ ၁၀ ရာခိုင်နှုန်းကိုသာ ပြန်လည်အသုံးချမှုများရှိပြီး ကျန်အမှိုက် ၉၀ ရာခိုင်နှုန်းကို စည်ပင်သာယာအဖွဲ့များက နေ့စဉ်သိမ်းဆည်းပြီး မြို့ပြင်အမှိုက်ပုံကြီးများတွင် စုပုံထားရသည်။ ယခုအခါ စည်ပင်သာယာအဖွဲ့နှင့် လုပ်ငန်းကုမ္ပဏီများပူးပေါင်း၍ စွန့်ပစ်အမှိုက်များကို အသုံးပြုပြီး လောင်စာစွမ်းအင်ထုတ်လုပ်သော လုပ်ငန်းများ ဆောင်ရွက်နေပြီဟုသိရသည်။

 

မြို့ပြများတွင် လူဦးရေတစ်နေ့တခြား တိုးပွားလာသည်နှင့်အတူ စွန့်ပစ်အမှိုက်ပြဿနာများမှာလည်း ကြီးမားလာသည်။ အကျိုးဆက်မှာ ပြည်သူများကျန်းမာရေးနှင့် မြေထု၊ ရေထုညစ်ညမ်းမှု အန္တရာယ်များ နှင့်ကြုံတွေ့လာသည်။ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် နှစ်စဉ်အမှိုက်တန်ချိန်ပေါင်း ၁၀ ဒသမ ၅ သန်းထွက်ရှိပြီး အမှိုက်အများစုမှာ ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများမှ ထွက်ရှိသော အမှိုက်များဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ထိန်ပင်၊ ထားဝယ်ချောင်၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဒလနှင့် ဆိပ်ကြီးခနောင်တိုဟူ၍ အဓိကအမှိုက်စွန့်ပစ် ရာနေရာခြောက်ခုရှိခဲ့ပြီး အဆိုပါအမှိုက်စုပုံရာ နေရာများသည်ပင် အမှိုက်များ တစ်နေ့တခြားများပြားလာသည့်အတွက် စိန်ခေါ်မှုများရှိနေသည်။

 

စွန့်ပစ်အမှိုက်များအား ပြန်လည်အသုံးချရေးဆောင်ရွက်ရာ၌ အဓိကစိန်ခေါ်မှုမှာ ပြည်သူများအနေဖြင့် အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြားစွန့်ပစ်ရေးအလေ့အထ အားနည်းနေခြင်းဖြစ်သည်။ ရောသမမွှေသည့် အမှိုက်များကို ပြန်လည်အသုံးချရာ၌ အခက်အခဲများစွာရှိသည်။ လျင်မြန်စွာကြီးထွားနေသည့် အမှိုက်ပြဿနာကို ဖြေရှင်းရာ၌ ကုန်ကျစရိတ်များပြားမှု၊ အများပြည်သူ အသိစိတ်ဓာတ်နှင့် ပါဝင်ဆောင်ရွက်မှု၊ အနည်းဆုံးလျှော့ချနိုင်မည့် နည်းပညာနှင့် စွန့်ပစ်နည်းစနစ်အားနည်းချက်များကို ဖြေရှင်းဆောင်ရွက်ပြီး အမှိုက်မှ လောင်စာစွမ်းအင်ထုတ်လုပ်မှုကို ထိရောက်စွာဆောင်ရွက်နိုင်မည် ဆိုပါက ပြည်သူများအတွက် များစွာအကျိုးရှိမည်ဖြစ်သည်။

 

မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အစိုးရက စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများကို ကြိုးပမ်းအကောင်အထည်ဖော်နေသည်။ လှိုင်သာယာမြို့နယ်တွင် ထိန်ပင်အမှိုက်ပုံရှိ အမှိုက်များမှ အပူနှင့်လျှပ်စစ်စွမ်းအင်ထုတ်လုပ်ခြင်း၊ CNG ထုတ်လုပ်ခြင်းနှင့် စွမ်းအားဖြည့်လောင်စာတောင့် ထုတ်လုပ်ခြင်းတို့ကို အကောင်အထည်ဖော်လျက်ရှိသည်။ ထိန်ပင်အမှိုက်ပုံကို ၂၀၀၀-၂၀၀၁ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး ဧက ၂၄၀ ခန့်အကျယ်ရှိသည်။ ဧက ၁၄၀ ကျော်တွင် အမှိုက်များစုပုံခဲ့ပြီး ဧက ၁၀၀ နီးပါး၌ အမှိုက်များနေ့စဉ်စုပုံလျက်ရှိရာ နောင်ကာလများတွင် အမှိုက်စုပုံပြည့်လာမည်ဖြစ်ရာ စွန့်ပစ်အမှိုက်များမှ လောင်စာစွမ်းအင်ထုတ်လုပ်မှု စီမံကိန်းအမြန်ဆုံးအကောင်အထည်ပေါ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

 

၂၀၁၂ ခုနှစ်အကုန်က နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကြီးနှစ်ခုဖြစ်သော ထိန်ပင်နှင့် ထားဝယ်ချောင် စွန့်ပစ်အမှိုက်ပုံမှ စွန့်ပစ်အမှိုက်မှ စွမ်းအင်ထုတ်လုပ်ခြင်းနည်းစဉ်ဖြစ်သည့် အမှိုက်မီးရှို့ခြင်းနှင့် အမှိုက်တစ်လွှာ၊ မြေကြီးတစ်လွှာဖုံအုပ်သည့်စနစ် အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူခဲ့ရာ အောင်မြင်ခြင်းမရှိခဲ့ပေ။ ၂၀၁၆ ခုနှစ်တွင် ဂျပန်နိုင်ငံအစိုးရနှင့်ပူးပေါင်းကာ အမှိုက်မှစွမ်းအင် ထုတ်လုပ်သည့် စက်ရုံတစ်ရုံကို လှော်ကားတွင် တည်ဆောက်ခဲ့သည်။ ရန်ကုန်မြို့မှထွက်ရှိသည့် အမှိုက်တန်ချိန် ၆၀ ကို စက်ရုံတွင်မီးရှို့၍ လျှပ်စစ်ဓာတ်အားကီလိုဝပ် ၇၀၀ ထုတ်လုပ်နိုင်ပြီး ၃၀၀ ကီလိုဝပ်ကို စက်ရုံအတွက်၊ ၄၀၀ ကီလိုဝပ်ကို ရောင်းချရန်ဆောင်ရွက်ခဲ့သည်။

 

သို့ဖြစ်ရာ နေ့စဉ်မြင့်မားနေသည့်အမှိုက်ပြဿနာကို ဖြေရှင်းနိုင်ရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုဘဝအထောက်အကူပြုရေးအတွက် အသုံးမဝင်သည့် စွန့်ပစ်အမှိုက်များကို အသုံးဝင်အကျိုးရှိလာ အောင် ဝိုင်းဝန်းပူးပေါင်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ