တံတားညီနောင် ကျေးရွာအနီး တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိ

mdn

ကာမိုင်း    ၁၄  ဩဂုတ်

 

ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ တံတားညီနောင် ကျေးရွာအနီးတွင် ဩဂုတ် ၁၃ ရက် ညနေ ၅ နာရီက တရားမဝင် ကျောက်စိမ်းရိုင်းတုံးများ သယ်ဆောင်လာသည့် ယာဉ်တစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဖားကန့်-ကာမိုင်းသွား ကားလမ်း၌ တံတားညီနောင် ကျေးရွာအနီးတွင် ယာဉ်တစ်စီး တိမ်းစောင်းနေကြောင်း သတင်းအရ ကာမိုင်းနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ရာ SKAT အမျိုးအစား၊  အနီရောင် (၆)ဘီးယာဉ်မှာ လမ်း၏ ဘယ်ဘက်သို့ တိမ်းစောင်းလျက်ရှိပြီး ယာဉ်ပေါ်တွင် ကျောက်စိမ်းဟုယူဆရသော ကျောက်အရိုင်းတုံးများ ထည့်ထားသည့် ပီနံအိတ် (၂၇၈)အိတ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ ကားမိုင်းနယ်မြေရဲစခန်းမှ အမှုဖွင့်လှစ်ကာ တိမ်းရှောင်နေသည့် ယာဉ်မောင်းအား ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ဇွဲသူရအောင် (ပြန်/ဆက်)

 

mdn

 

mdn