တပ်ကုန်းမြို့နယ်၌ ကျေးလက်လူငယ်များ အလုပ်အကိုင်ရရှိရေး အခြေခံစာရင်းရေး၊ စာရင်းကိုင် သင်တန်းဖွင့်လှစ်

တပ်ကုန်း  ဒီဇင်ဘာ  ၂၀

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်စံပြကျေးရွာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနက ဦးဆောင်ဖွင့်လှစ်သည့် အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီက ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီး(တ)ကျောင်းတွင်  ကျင်းပသည်။

 

အဆိုပါသင်တန်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်က အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသားများ၏ကိုယ်စား ကျေးရွာသမဝါယမ အသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးတို့က  ဂွေးပင်စံပြကျေးရွာ ဘုန်းတော်ကြီး(တ)ကျောင်းဆရာတော် ဦးဉာဏိကအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

 

ဆက်လက်၍ သင်တန်းတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လွင်နှင့် သင်တန်းနည်းပြများက စာရင်းရေး၊ စာရင်းကိုင်ပညာ ရည်ရွယ်ချက် အဓိပ္ပာယ်နှင့်မူဝါဒများ၊ နှစ်ဖက်သွင်း စာရင်းရေးသွင်းနည်းစနစ်နှင့် အခြေခံမူများ၊ ငွေစာရင်းစာအုပ် အမျိုးအစားများနှင့် စာရင်းရေးသွင်းခြင်း ကနဦးမှတ်တမ်းများ၊ အစမ်းရှင်းတမ်းရေးဆွဲခြင်း၊ စာရင်းညှိနှိုင်းချက်များနှင့် နှစ်ချုပ်စာရင်း ရေးဆွဲခြင်းတို့ကို သင်တန်းသား၊ သင်တန်းသူပေါင်း(၃၁)ဦးအား နှစ်ရက်ကြာ သင်ကြားပို့ချပေးခြင်းဖြစ်ပြီး စံပြကျေးရွာ ဖြစ်ပေါ်ရေးနှင့်အညီ ကျေးလက်နေအမျိုးသမီး၊ အမျိုးသားလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ကာ ကျေးရွာအရောက် သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်းဖြစ်ကြောင်း သိရသည်။

 

တင်စိုးလွင်(ပြန်/ဆက်)