တရားစစ်ဆေးစီရင်မှုနှေးကွေးခြင်းသည် တရားမျှတမှုကိုငြင်းပယ်ရာရောက်သည် (Justice delayed is justice denied)

၂၃ သြဂုတ်

 

နိုင်ငံတော်တည်ဆောက်ရာတွင်  နိုင်ငံတော်အချုပ်အခြာအာဏာ၏    ခက်မသုံးဖြာဖြစ်သည့်    ဥပဒေပြုရေး၊  အုပ်ချုပ်ရေး၊  တရားစီရင်ရေးဟူသည့်  မဏ္ဍိုင်ကြီးသုံးရပ်ဖြင့်  အချင်းချင်း  အပြန်အလှန် ထိန်းကျောင်း ဆောင်ရွက်သည်ဟုဆိုထားရာ ဥပဒေဆိုင်ရာအကြောင်းအရာများကို ပြည်သူများသိရှိလေ့လာနိုင်ရန် စာရေးသူမောင်စာဂ၏ဥပဒေနှင့်စပ်ဆိုင်သော ဆောင်းပါးများကို ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင်ပါရှိသည့်အကြောင်းအရာများသည် စာရေးသူ၏အာဘော်သာဖြစ်ပါသည်။

 
(စာတည်းအဖွဲ့) 

 

တရားစစ်ဆေးစီရင်မှုပြုရာတွင်  မှန်မှန်နှင့်မြန်မြန်စစ်ဆေးစီရင်မှုပြုရမည်။  တရားစစ်ဆေး       စီရင်မှု နှေးကွေးခြင်းသည် တရားမျှတမှုကို ငြင်းပယ်ရာရောက်သည်။ ဤသည်ကို ဥပဒေပညာသင်ယူစဉ်ကပင်  မှတ်မှတ်သားသားရှိခဲ့သည့် ဆိုရိုးစကားဖြစ်သည်။ အမှန်တော့ Justice delayed is justice deniedဟူသည့် ဆိုရိုးစကားသည် တရားရေးဆိုင်ရာ  နီတိတစ်ခုဖြစ်သည်။  အနှစ်ချုပ်၍   မျှဝေပါရစေ။


နိုင်ငံတကာလက်ခံကျင့်သုံးနေသည့် နီတိဖြစ်သည်


တရားစစ်ဆေးစီရင်မှုနှေးကွေးခြင်းသည် တရားမျှတမှုကို ငြင်းပယ်ရာရောက်သည်ဆိုသည့် တရားစီရင်ရေးဆိုင်ရာ နီတိကို နိုင်ငံတကာကလည်း အလေးထားလိုက်နာလျက်ရှိသည်။ ပြင်သစ်နိုင်ငံတွင် တစ်ချိန်က ပေါ်ပေါက်ခဲ့သည့် Magna Carta of 1215  အပိုဒ် ၄၀ တွင် မည်သူကမျှ တရားမျှတမှုနှင့် အမှန်တရားကိုနှောင့်နှေးကြန့်ကြာခြင်း သို့မဟုတ် ငြင်းပယ်ခြင်းမပြုရဟု ဖော်ပြထားသည်။

 

ပညာရှင် William Penm က တရားမျှတဖို့အတွက်နှေးကွေးခြင်းသည် မတရားမှုပင်ဖြစ်သည် f(to delay Justice is injustice) ဟူ၍ မိန့်ဆိုခဲ့သည်။ Martin Luther King . Jr  က၎င်း၏ Letter From Brimingham Jial တွင် တရားစီရင်မှု လွန်စွာနှေးကွေးခြင်းသည် တရားမမျှတခြင်းပင်ဖြစ်သည် ( Justice too long delayed is justice denied) ဟူ၍ ရေးသားခဲ့သည်။

 

အမေရိကန်နိုင်ငံ  တရားသူကြီးချုပ် Warren E.Burger  ၏  ၁၉၇၀ ပြည့်နှစ်  အမေရိကန်ရှေ့နေများအသင်း၌ ပြောကြားခဲ့သည့်မိန့်ခွန်းမှ မှတ်သားရသည်များမှာ တရားရုံးများအပေါ်  ယုံကြည်ကိုးစားမှုရှိခြင်းသည် စည်းကမ်းဘောင်ရှိသော လွတ်လပ်မှုကိုထိန်းသိမ်းနိုင်ရန်အတွက် အရေးကြီးပြီး အောက်ဖော်ပြပါ အချက်သုံးချက်သည် တရားရုံးများအပေါ်ထားရှိသည့် ယုံကြည်ကိုးစားမှုကို ပျက်စီးနိုင်ပြီး လူ့အသိုင်းအဝိုင်းကို မရေတွက်နိုင်အောင် များစွာထိခိုက်ပျက်စီးစေနိုင်ခြင်းဖြစ်သည်-


(က) တရားရုံးများ၏     အရည်အချင်းညံ့ဖျင်းမှုနှင့်        တရားစီရင်မှုနှေးကွေးခြင်းသည်  သမာသမတ်ကျသည့် တရားစီရင်မှု၏တန်ဖိုးကို     ဆုတ်ယုတ်စေသည်ဟု  ပြည်သူများက  ယုံကြည်လာကြသောအခါတွင်ဖြစ်စေ၊


(ခ) တရားရုံး၏တရားစီရင်ပိုင်ခွင့်သည် မသမာမှုနှင့် မမှန်မကန် စွဲဆိုဆောင်ရွက်မှုများအတွက် မှန်ကန်စွာမဖော်ထုတ် သက်သေမထူနိုင်သည့်အခါတွင်ဖြစ်စေ၊


(ဂ) ပြည်သူများအနေဖြင့် ဥပဒေသည် အလုပ်ခွင်တွင်ဖြစ်စေ၊ နေအိမ်တွင်ဖြစ်စေ၊ အများ ပြည်သူပိုင်လမ်းတွင်ဖြစ်စေ သာမန်ကိစ္စရပ်လေးတစ်ခုအတွက်ပင်လျှင်   ၎င်းနှင့်  ၎င်း၏မိသားစုများအား ပြည့်ပြည့်ဝ၀  အကာအကွယ်မပြုနိုင်ဟု  ယုံကြည်လာကြသည့်အခါတွင်ဖြစ်စေ။

 

အမြန်ဆုံးတရားစီရင်ခြင်း၏ရလဒ် 


အမြန်ဆုံးတရားစီရင်ခြင်းသည် အမှန်ဆုံးတရားစီရင်ရေးကို တိုက်ရိုက်အကျိုးပြုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အမြန်ဆုံးတရားစီရင်ရေးကို ပြုလုပ်နိုင်သည်နှင့်အမျှ ယင်းသို့ပြုလုပ်ခြင်းသည် အမှန်ဆုံးတရားစီရင်ရေးကို အထောက်အကူပြုသောကြောင့်ဖြစ်သည်။ ကြန့်ကြာနေပြီဖြစ်သောအမှုတွင် မျက်မြင်သက်သေများသည် သူတို့မြင်တွေ့ခဲ့ရသည့်အတိုင်း ဖြစ်ရပ်အမှန်ကို တိတိကျကျပြောနိုင်မည်၊ မပြောနိုင်မည်ကို စဉ်းစားချင့်ချိန်ကြည့်နိုင်သည်။  စစ်ဆေးသောတရားသူကြီး၏ ဦးနှောက်တွင်လည်း လောလောလတ်လတ်သိရှိသည် အချက်များကိုမူတည်ပြီး စဉ်းစားဆုံးဖြတ်မှသာ အမှန်ဆုံးနှင့်  နီးစပ်နိုင်မည်ဖြစ်သည်။    ဤသည်တို့ကြောင့်အမြန်ဆုံးတရားစီရင်ရေးသည်     အမှန်ဆုံးတရားစီရင်ရေးကို တိုက်ရိုက်အကျိုးပြုနိုင်သည်ဟု ဆိုခြင်းဖြစ်သည်။« တရားရုံးများ ညွှန်ကြားလွှာ လက်စွဲ (၁၉၄၆ -၁၉၇၀ ) စာမျက်နှာ ၁၇၁ ပါ  အမြန်ဆုံးတရားစီရင်ရေးသို့ဆောင်းပါးမှကောက်နုတ်ချက်

 

တရားစီရင်မှုနှေးကွေးခဲ့သော်


တရားစစ်ဆေးစီရင်မှု မလိုအပ်ဘဲနှေးကွေးနေမည်ဆိုလျှင် အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ပေးနိုင်ရေး  အလှမ်းကွာဝေးနေမည်။   နှေးကွေးလေလေ၊ ဝေးသွားလေလေ ဖြစ်သည်။   နောက်ဆုံးတွင် အမှန်တရားနှင့် တရားမျှတမှု လုံးဝဆိတ်သုဉ်းပျက်ကွယ်သွားသည့် အခြေအနေသို့ပင် ရောက်ရှိသွားတတ်သည်။ အဘယ်ကြောင့်ပါနည်း။

 

ရာဇဝတ်မှုခင်းတစ်ခုတွင် သက်သေသည် အလွှာအမျိုးမျိုး၊ အရွယ်အမျိုးမျိုးရှိနိုင်သည်။ မည်သို့သော သက်သေပင်ဖြစ်ပါစေ ကြာလျှင်မေ့တတ်သည်။ ကိုယ်စီကိုယ်စီ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေကြရသည်။ မှုခင်းဖြစ်စဉ်ဖြစ်ရပ် အမြဲတမ်းခေါင်းထဲထည့်မထားနိုင်ကြ။ တရားစစ်ဆေးစီရင်မှု ကြန့်ကြာလာသည်နှင့်အမျှ ပြီးတာတွေ ပြီးပါစေတော့ဟူ၍ အပြောင်းအလဲစိတ်တွေဝင်သွားတတ်ကြသည်။ သွေးအေးသွားတတ်ကြသည်။ မိမိသိသမျှ၊ မြင်သမျှ၊ တွေ့ရှိရသမျှ မထွက်ဆိုချင်ကြတော့။ အမှန်တရား ပျောက်ကွယ်ရတော့သည်။

 

ကလေးသက်သေဖြစ်နေလျှင် ပို၍အရေးကြီးသည်။ မြန်မြန်ဆန်ဆန် စစ်ဆေးစီရင်မှုပြုသင့်သည်။ လူကြ ဆုံးရှုံးသွားရတတ်သည်။ အမှန်တရားရရှိရန် မျှော်လင့်ချက်အခွင့်အလမ်း နည်းပါးသောအမှုများတွင် စစ်ဆေးစီရင်မှု    နှေးကွေးခြင်းကြောင့်   တရားမျှတမှု    လုံးဝပျောက်ကွယ်သွားနိုင်သည်။

 

နှေးကွေးရခြင်းအကြောင်းရင်းများ


တရားစစ်ဆေးစီရင်မှု နှေးကွေးရာရောက်သည့် အကြောင်းအချက်များထဲမှ အခြေခံအချက်အလက်အချို့ကိုဖော်ပြရလျှင် သက်သေများ ရုံးချိန်းရက်ပျက်ကွက်ခြင်း၊  သက်သေများ   လာရောက်သော်လည်း တရားရုံးက စစ်ဆေးစီရင်မှုမပြုနိုင်ခြင်း၊ တရားလိုကိုစစ်ပြီးမှ တရားခံကို အာမခံပေးသင့် မပေးသင့် စဉ်းစားမည်ဆို၍ တရားလိုသည် ရုံးချိန်းရက်များ ဆက်၍ဆက်၍ ပျက်ကွက်ခြင်း၊ ရှေ့နေများ အကြောင်းအမျိုးမျိုးပြ၍ ရုံးချိန်းရက်ယူတတ်ခြင်း၊ အမှုကြာလျှင် သွေးအေးတတ်သည်၊    မြင်တွေ့သိရှိရသည့်    သက်သေခံချက်များ မှေးမှိန်ပျောက်ကွယ်သွားနိုင်သည်၊ သက်သေများကို ဖျက်လိုဖျက်ဆီးပြုနိုင်သည်ဟူသော အတွေးအမြင်၊ အယူအဆများကြောင့် မသမာသောနည်းများကိုအသုံးပြု၍ အမှုကိုဆွဲဆန့်တတ်ကြသောကြောင့်ပင်ဖြစ်သည်။

 

နှေးကွေးခြင်းကို မည်သို့ကုစားမည်နည်း


ကြုံတွေ့ခဲ့ရသည်များကို ဖော်ပြပါမည်။ ဥပဒေပညာသင်ယူချိန်ကစပြီး တရားခွင် တရားစီရင်ရေးလုပ်ငန်းများကို လေ့လာဆည်းပူးခဲ့သည်။ အလုပ်ခွင်ဝင်ရောက်သည့်အချိန်တွင်   ကိုယ်တိုင်ပင်  အစိုးရရှေ့နေအဖြစ်တရားခွင် တရားစီရင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ အချို့သော တရားသူကြီးများ၏ တရားစီရ ရေးလုပ်ငန်း ဆောင်ရွက်ရာ၌ ရှေ့နေများသည် ရုံးချိန်းရက်ပျက်ကွက်သည်မဆိုထားဘိ၊ နောက်ကျသည်ဟူ၍ပင်မရှိ။ ကိုယ်တိုင်မလာနိုင်လျှင် ကိုယ်စားတပည့်ရှေ့နေကို စေလွှတ်သည်။ ရှေ့နေကိုယ်စားလှယ်စာတွင် အနည်းဆုံး ရှေ့နေနှစ်ဦး လက်မှတ်ရေးထိုးတင်သွင်းသည်။

 

သေဒဏ်ပြစ်ဒဏ်စီရင်ထိုက်သောအမှုမဟုတ်လျှင် တရားသူကြီးသည် ရှေ့နေပျက်ကွက်လျှင်လည်း အမှုကိုစစ်သည်။ အစိုးရရှေ့နေ၊ ဥပဒေအရာရှိ ပျက်ကွက်လျှင်လည်း အမှုကိုစစ်သည်။  လာသမျှသက်သေကိုစစ်ဖြစ်အောင် စစ်သည်။   စစ်ဆေးနိုင်အောင်လည်း အမှုကိုချိန်းသည်။ ခိုင်လုံသောအထောက်အထားမရှိဘဲ လာရောက်ရန်ပျက်ကွက်သော သက်သေကို ဖမ်းဝရမ်း သို့မဟုတ်   အာမခံဖမ်းဝရမ်းထုတ်  ဆင့်ခေါ်သည်။ ဆရာဝန်သက်သေကိုပင်  ထိုသို့ဖမ်းဝရမ်းထုတ်ဆင့်ခေါ် ခြင်းများ ကြုံတွေ့ခဲ့ရသည်။  တရားစစ်ဆေးစီရင်မှုနှေးကွေးအောင် တမင်ပြုမူ ဆောင်ရွက်လာသမျှကို ဘယ်လိုနည်းနှင့်မျှ လက်မခံ၊ ဥပဒေနှင့်အညီဆောက်ရွက်သည်။ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေရင်း ရှေ့နေအဖြစ်မှ  တရားခံအဖြစ်  ရောက်သွားခြင်းမျိုးကိုလည်း ကြုံခဲ့ရဖူးသည်။

 

တရားစစ်ဆေးစီရင်ဆုံးဖြတ်သော တရားသူကြီးက တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် မိမိကိုယ်ကိုမိမိ ယုံကြည်မှုအပြည့်ထားကာ    တရားစီရင်ရေးလုပ်ငန်း၏    ပဲ့ကိုင်တစ်ဦးသဖွယ် လမ်းòန်ကြီးကြပ် ဆောင်ရွက်နိုင်ခြင်း၊ သက်ဆိုင်သူဥပဒေအရာရှိ၊ ရှေ့နေ၊ တရားစွဲအဖွဲ့အစည်း၊ သက်သေများကလည်း   တာဝန်သိသိ  စည်းကမ်းတကျ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် တရားမျှတမှုများ စုရုံးခဲ့သည့် တရားရုံးများ၏မြင်ကွင်းကို ယနေ့တိုင်မြင်ယောင်နေမိသည်။

 

မှန်မှန်နှင့် မြန်မြန်တရားစီရင်ကြပါစို့


အမှန်တရားနှင့် တရားမျှတမှုကို တရားစီရင်ဖော်ဆောင်နိုင်ဖို့ဆိုလျှင် တရားစစ်ဆေးစီရင်မှုလုပ်ငန်း မှန်လည်းမှန်ရမည်၊ မြန်လည်းမြန်ရမည်။ မှန်မှန်နှင့်မြန်မြန် တရားစီရင်ဖို့လိုသည်။ ယနေ့အချိန်အခါတွင်အမှုများကို  စစ်ဆေးစီရင်ခြင်းမပြုမီကတည်းကပင် မှုခင်းစီမံခန့်ခွဲသည့်စနစ်တစ်ခု ထူးခြားစွာ ပေါ်ပေါက်လာသည်။ တရားသူကြီးကဦးဆောင်၍ ဥပဒေအရာရှိ၊ သက်ဆိုင်ရာရှေ့နေများပါဝင်ပြီး အမှုကိုစစ်ဆေးစီရင်သွားမည့် နေ့ရက်များသတ်မှတ်ကာ အချိန်ဇယားရေးဆွဲသည်။ ကောင်းမြတ်သောနည်းစနစ်ဖြစ်သည်။

 

ထိုကဲ့သို့ မှုခင်းစီမံခန့်ခွဲမှုစနစ်အရ စစ်ဆေးစီရင်မည့်အချိန်ဇယား ရေးဆွဲသတ်မှတ်ရာ တွင် မှန်မှန်နှင့်မြန်မြန် တရားစီရင်နိုင်ရေးဦးတည်ကာ ဆောင်ရွက်ကြသကဲ့သို့တရားစစ်ဆေးစီရင်မှု နှေးကွေးခြင်းသည် တရားမျှတမှုကို ငြင်းပယ်ရာရောက်သည်ဆိုသည့် တရားစီရင်ရေးဆိုင်ရာ နီတိကိုလည်း အစဉ်သဖြင့် နှလုံးသွင်း၍လိုက်နာဆောင်ရွက်ကြရန် လိုအပ်မည်ဟု ယုံကြည်မိကြောင်းပါဗျာ။


-မှန်မှန်နှင့်မြန်မြန်တရားစီရင်နိုင်ကြပါစေ၊
-တရားစစ်ဆေးစီရင်မှုနှေးကွေးခြင်းမှ ရှောင်ကြဉ်နိုင်ကြပါစေ၊ကြပါစေ၊
- အမှန်တရားနှင့်တရားမျှတမှုကို ဖော်ထုတ်ဆုံးဖြတ်ပေးနိုင်ကြပါစေ။

 

မောင်စာဂ