တရားမဝင် သစ်မျိုးစုံနှင့် စားသောက်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၁၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၀ ရက်တွင် ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် သံလွင်တံတား(ဘားအံ)တာဝန်ကျ အကောက်ခွန်အဖွဲ့မှ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် အေးခဲဘဲသား (၂၀၈၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၀၀,၀၀၀)၊ အေးခဲကြက်နက်သား (၉၇၅)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၉၅၀,၀၀၀) နှင့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅,၈၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဇန်နဝါရီ ၁၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များမှ သတင်းအရ ကြံခင်းမြို့နယ်အတွင်း သွားရောက်စစ်ဆေးခဲ့ရာ ပျဉ်းကတိုး၊ ကျွန်းသစ်ခွဲသား (၁ဒသမ၆၀၆၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၈၅,၁၂၀) ကို ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ကြိုးဝိုင်းသစ်တောများအတွင်း တရားမဝင်သစ်များ ထုတ်လုပ်လျက်ရှိကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင်သစ်မျိုးစုံ (၁၂ဒသမ၉) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၆၈,၀၀၀) ဖမ်းဆီးရမိခဲ့သည်။

အလားတူ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်း အဖွဲ့များဖြင့် ပဲခူး၊ တောင်ငူနှင့် ပြည်ခရိုင် အတွင်းရှိ ကြိုးဝိုင်းသစ်တောများအတွင်း တရားမဝင် သစ်များ ထုတ်လုပ်လျက်ရှိကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် သစ်မျိုးစုံ (၈ဒသမ၁၃၂)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၈၇,၀၀၀ ) ဖမ်းဆီးရမိသည်။

သို့ပါ၍ ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်များတွင် ဖမ်းဆီးရမိသည့် သစ်မျိုးစုံ(၂၂ဒသမ၆၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၁၄၀,၁၂၀)အားသိမ်းဆည်းခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ ဇန်နဝါရီ ၁၀ ရက်တွင် ဖမ်းဆီးရမိသည့် စားသောက်ကုန်ပစ္စည်း (၃၀၅၅)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၈၅၀,၀၀၀)နှင့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)ကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။ 

သတင်းစဉ်