တရုတ်နိုင်ငံ ကိုဗစ်-၁၉၊ အရေးပါသောအစည်းအဝေးနှင့် အနာဂတ်အလားအလာ

နေစိုးဦး

တရုတ်နိုင်ငံက ကျင်းပနေကျအရေးပါသော နှစ်ပတ်လည် အစည်းအဝေးနှစ်ခုကို မကြာသေးမီက ကျင်းပပြီးစီး သွားခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေးပါသော နှစ်ပတ်လည် အစည်းအဝေးနှစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ဆိုင်းငံ့ထားခဲ့ရခြင်းဖြစ်ပြီး ယခုအခါ တရုတ်နိုင်ငံအနေဖြင့် ကပ်ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီဟူသော သဘောဖြင့် ဆိုင်းငံ့ထားသော အစည်းအဝေးနှစ်ခုကို ပြန်လည်ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ အရေးပါသော အစည်းအဝေး နှစ်ခု ဖြစ်သည့် အကြံပေးအဖွဲ့ဝင် ၂၀၀၀ ကျော်ပါဝင်သော တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) နှင့် တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော်ဖြစ်သော တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက် (NPC)တည်းဟူသော အစည်းအဝေးများပင် ဖြစ်ပါသည်။ အဆိုပါ အစည်းအဝေးတွင် ဝန်ကြီးချုပ် လီခချန်းက လာမည့်နှစ်အတွင်း အစိုးရကဆောင်ရွက်မည့် အစီအစဉ် နှင့် ဦးစားပေး မူဝါဒများပါဝင်သော အစီရင်ခံစာကို တင်သွင်းသွားခဲ့ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်လင့် ကစား ကျန်းမာရေးအသိ၊ သတိရှိရှိဖြင့် နှာခေါင်းစည်း များ ဝတ်ဆင်ထားကာ တက်ရောက်လာသည့် ကိုယ်စား လှယ်များကို အစည်းအဝေးတွင် တွေ့မြင်ခဲ့ကြရပါသည်။ တရုတ်နိုင်ငံ၏ အရေးပါသောနှစ်ပတ်လည် အစည်း အဝေးတွင် အစိုးရက စုစုပေါင်း အမျိုးသားထုတ်ကုန် ရည်မှန်းချက်ကဲ့သို့သော အဓိကစီးပွားရေးမူဝါဒများကို ကြေညာလေ့ရှိသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တို့ကို များစွာအလေးထားစိတ်ဝင်စားစေခဲ့သည့် အစည်း အဝေးလည်း ဖြစ်သည်ဟု ဆိုရပါမည်။

စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရ

ယခုနှစ်တွင် ကျင်းပသော နှစ်ပတ်လည်အစည်း အဝေး၏ ပိုမိုအရေးပါမှုအဖြစ် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါကြောင့် စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ ရသော တရုတ်နိုင်ငံအနေဖြင့် နိုင်ငံ၏ စီးပွားရေး ပုံမှန် အနေအထားသို့ ပြန်လည်ရောက်ရှိရေးအတွက် မည်ကဲ့သို့ ပြန်လည်အသက်သွင်း ပုံဖော်သွားမည်ဆိုသည်မှာ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူတို့ကို စိတ်ဝင်တစားရှိစေမည်မှာ လည်း အမှန်ပင်ဖြစ်သည်။

မည်သို့ဆိုစေ အစည်းအဝေးတွင် တင်သွင်းသော မစ္စတာလီခချန်း၏ အစီရင်ခံစာတွင် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းရည်မှန်းချက်နှင့်ပတ်သက်၍ ချန်လှပ် ထားသည်ကို တွေ့ကြရပါသည်။ ယင်းသည် အစိုးရအနေ ဖြင့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ပထမဦးဆုံးအဖြစ် စီးပွားရေးတိုးတက်မှုနှုန်း ရည်မှန်းချက်ကို သတ်မှတ်မှုပြု ရန် ပျက်ကွက်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ ဆိုရလျှင် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနေသည့် မရေရာမသေချာမှုများနှင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုအနေအထားများ ကြောင့်လည်း စီးပွားရေးတိုးတက်မှုနှုန်း ရည်မှန်းချက်ကို သတ်မှတ်ခြင်းမပြုခဲ့ခြင်းဖြစ်ကြောင်း မစ္စတာလီက ထည့်သွင်းပြောကြားသွားခဲ့ပါသည်။

ကိုဗစ်-၁၉ မတိုင်မီက သုတေသီတို့၏ ခန့်မှန်းချက်အရ တရုတ်နိုင်ငံ၏ စီးပွားရေး ၆ ရာခိုင်နှုန်းခန့် တိုးတက်မည်ဟု ဆိုသည်။ လွန်ခဲ့သည့် နှစ်က နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းမှ ၆ ဒသမ ၅ ရာခိုင်နှုန်းခန့် ရည်မှန်းထားပြီး ၆ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးတက်အောင် အကောင် အထည်ဖော်နိုင်ခဲ့ပါသည်။ သို့ရာတွင် ယခုနှစ် ပထမဆုံး သုံးလပတ်အတွက် တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ သေးကျုံ့သွားခဲ့ပြီး ထိုသို့သော အနေအထား မှာ ဒုတိယသုံးလပတ်အထိ ဆက်လက်စခန်းသွားဖွယ်ရှိနေ သည်ဟု အချို့သော သုတေသီတို့က တွက်ဆခန့်မှန်းလျက် ရှိပါသည်။

အကြံပြု ပြောကြား

အမှန်စင်စစ် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း ရည်မှန်းချက်ကို နိုင်ငံ၏အရေးပါသော အစည်းအဝေး နှစ်ခုတွင် ကြေညာနေကျဖြစ်သော်လည်း စီးပွားရေးပညာ ရှင်အများစုက ၎င်း၏စီးပွားရေးတိုးတက်မှုနှုန်း ရည်မှန်း ချက်ကို သတ်မှတ်မှုပြုသည့် အစဉ်အလာအား စွန့်လွှတ်ရန် အကြံပြု ပြောကြားနေကြသည်မှာလည်း အတန်ကြာပြီဖြစ် ပါသည်။

မည်သို့ဆိုစေ တရုတ်နိုင်ငံ၏ စုစုပေါင်းအမျိုးသား ထုတ်ကုန်ပမာဏတိုးတက်မှု ရည်မှန်းချက်မှာ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း အလားအလာခန့်မှန်းချက်သည် စီးပွားရေး ခန့်မှန်းချက်ဖြစ်သည်သာမက ရှေ့လာမည့် အစိုးရချေးငွေ နှင့်အသုံးစရိတ် စသည်တို့နှင့်ပတ်သက်၍ အချက်ပြနေသည့် အကြောင်းခြင်းရာလည်း ဖြစ်ပါသည်။
နှစ်ပတ်လည်အစည်းအဝေးတွင် တင်သွင်းသည့် ဝန်ကြီးချုပ် လီခချန်း၏ အစီရင်ခံစာတွင် အလုပ်အကိုင် နေရာဖန်တီးရေးကို အထောက်အကူပြုစေမည့် အစီအမံ များကို ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသော်လည်း အဆိုပါ အစီအမံများက စီးပွားရေးတိုးတက်မှုကို မည်မျှ အထိ အထောက်အကူပြုစေမည်ဟူ၍ ရှင်းလင်းစွာ ဖော်ပြ ထားခြင်းမရှိမှုကမူ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် အတွက် နိမ့်ကျသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို လက်ခံထားသည့် သဘောဆောင်နေသည်မှာလည်း အမှန် ပင်ဖြစ်သည်။

ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာမှုများဖြစ်ပေါ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံ၏စီးပွားရေး ပြန်လည်နာလန်ထူရေး အတွက် အမေရိကန်ဒေါ်လာ ၅၀၆ ဘီလီယံ ပမာဏရှိ ဘဏ္ဍာရေးအကူအညီ ဖော်ဆောင်မည့် အစီအစဉ်ကို မစ္စတာလီက အစည်းအဝေးတွင် ထုတ်ဖော်ကြေညာခဲ့ ပါသည်။ ဆိုရလျှင် အစိုးရ၏ ဘဏ္ဍာရေးအကူအညီ ဖော်ဆောင်ခြင်းက အလုပ်အကိုင်နေရာ ဖန်တီးခြင်းကို အထောက်အကူပြုစေမည်ဖြစ်သကဲ့သို့ လူမှုဘဝ တည်ငြိမ် ရေးကိုပါ အထောက်အကူပြုစေမည်ဟု မျှော်လင့်ထားပုံရ သည်။ အစိုးရအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်အတွက် မြို့ပြအလုပ် အကိုင်နေရာ ကိုးသန်းခန့် ဖန်တီးပေးရန် ရည်မှန်းထားသည် ဟုလည်း ဆိုသည်။

နှစ်ပတ်လည်အစည်းအဝေးတွင် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်နှင့် စီးပွားရေးအကူအညီပေးရေးဆိုင်ရာ ကြေညာချက်များအပြင် အခြားသော မူဝါဒဆိုင်ရာ ကြေညာချက် များကိုပါ ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့မြင်ကြရပါသည်။

ထို့အပြင် ကိုဗစ်-၁၉ ကြောင့် နိုင်ငံ၏ စီးပွားရေးထိခိုက် မှုရှိနေသည့်တိုင်အောင် ၂ဝ၂ဝ ပြည့်နှစ်တွင် နိုင်ငံ၏ ဆင်းရဲ နွမ်းပါးမှုပပျောက်ရေးကို အကောင်အထည်ဖော်ရန် မစ္စတာ လီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်ကိုလည်း တွေ့ကြ ရသည်။ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအစီအစဉ်သည် သမ္မတရှီ၏ ဦးစားပေး အစီအစဉ်လည်းဖြစ်သည်ဟုဆို သည်။ နှစ်ပတ်လည်အစည်းအဝေး နှစ်ခုသို့ တက်ရောက်လာ သော ကိုယ်စားလှယ်တို့က နိုင်ငံ၏ ရောဂါတားဆီး ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စနစ်နှင့်ဆက်စပ်သည့် နိုင်ငံ၏ ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုတိုးတက်ရေးအပေါ် အလေးထားလျက်ရှိသည်ကိုလည်း တွေ့ကြရပါသည်။ လတ်တလောအနေအထားအရ ယခုနှစ်အတွက် တရုတ် နိုင်ငံ၏ ကျန်းမာရေးစနစ်တွင် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည့် အရိပ်အယောင်များကို တွေ့မြင်နေရခြင်း က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ကြီးမားသော မျှော်လင့်ချက် အလားအလာများလည်း ဖြစ်ပါသည်။

ဒီမိုကရေစီက အရေးပါ

နှစ်ပတ်လည်အစည်းအဝေးတွင် နောက်ထပ်ထူးခြားမှု မှာ ကျယ်ပြန့်သော သတင်းအချက်အလက်များအတွက် အင်တာနက်အပါအဝင် ခေတ်မီနည်းပညာများကို ပိုမို အသုံးပြုခြင်းဖြင့် ကျရောက်လာသော တာဝန်များအား ပိုမိုကျေပွန်စွာ ထမ်းဆောင်နိုင်ရေးဟူသောအချက်ကို အစိုးရထိပ်တန်းအကြံပေးပုဂ္ဂိုလ် ဝမ်ယိက ထုတ်ဖော်ပြော ကြားခဲ့ခြင်းဖြစ်သည်။ မစ္စတာဝမ်ယိ၏ အဆိုအရ သက်ဆိုင်ရာအရာရှိများ တာဝန်ထမ်းဆောင်မှုစွမ်းရည် တိုးတက်ရေးနှင့် လုပ်ငန်းများထိရောက်မှုရှိရေးဖြစ်ပြီး ထိုသို့ လုပ်ဆောင်ရာတွင် တရုတ်ပုံစံ ဒီမိုကရေစီက အရေးပါ ကြောင်း ပြောကြားသွားခဲ့ပါသည်။

မည်သို့ဆိုစေ ၇ ရက်ကြာ ကျင်းပခဲ့သည့် (၁၃) ကြိမ် မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် တတိယအကြိမ်အစည်းအဝေးသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါ ဂယက်ရိုက်ခတ်မှုကြောင့် ပုံမှန်ထက် အချိန် တိုတောင်းမှု ရှိခဲ့ပါသည်။ သို့ရာတွင် တရုတ်နိုင်ငံအနေဖြင့် အရေးပါသော နှစ်ပတ်လည်အစည်းအဝေးမှနေ၍ နိုင်ငံ၏ ကျဆင်းနေသော စီးပွားရေး ပြန်လည်နာလန်ထူလာရေး အပြင် အခြားသော အရေးပါလှသည့် နိုင်ငံရေး အခင်း အကျင်းသစ်ကို အဖြေရှာပုံဖော်လာနိုင်မည်ဟု မျှော်လင့်ရပါ ကြောင်း သုံးသပ်လိုက်ရပါသည်။ ။

Ref: China’s Two Sessions 2020: What Have We Learnt So Far (china-briefing.com )