တရုတ်နိုင်ငံ၌ ရေပြင်နှင့် ဝေဟင်နှစ်သွယ်မောင်းနှင်နိုင်သော လေယာဉ် ရေပြင်ပေါ် စမ်းသပ်မောင်းနှင်

ကွမ်ကျိုး ၃ အောက်တိုဘာ

တရုတ်နိုင်ငံတွင် တည်ဆောက်သည့် ရေပြင်နှင့်ဝေဟင်နှစ်သွယ် မောင်းနှင်နိုင်သည့် လေယာဉ်ကြီး အေဂျီ-၆ဝဝ သည် ပထမဆုံးအကြိမ် ရေပြင်ပေါ် မောင်းနှင်မှုကို အောက်တိုဘာ ၁ ရက်တွင် စမ်းသပ်ပြုလုပ်ခဲ့ကြောင်း တရုတ်မြို့ပြ လေကြောင်းစက်မှုလုပ်ငန်း အထွေထွေလေယာဉ် ထုတ်လုပ်ရေးကုမ္ပဏီ(စီအေအိုင်ဂျီအေ)က ပြောကြားသည်။

ယင်းစမ်းသပ်မှုကို တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေပြည်နယ် ကျင့်မင်းမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စမ်းသပ်မှုပြုလုပ်ရာတွင် အေဂျီ-၆ဝဝ အမျိုးအစား လေယာဉ်ကြီးက ရေပြင်ပေါ်၌ တစ်နာရီလျှင် ၁၄၅ ကီလိုမီတာ အမြန်နှုန်းဖြင့် မောင်းနှင်ခဲ့သည်။

ကွန်လောင်းဟုအမည်ပေးထားသည့် အေဂျီ-၆ဝဝ အမျိုးအစား လေယာဉ်သည် စမ်းသပ်မှုအတွင်း တည်တည်ငြိမ်ငြိမ် ရွေ့လျားနိုင်ပြီး စက်ကိရိယာများ ပုံမှန်လည်ပတ်ကြောင်း တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်ပြည်နယ်ရှိ (စီအေအိုင်ဂျီအေ)ရုံးချုပ်က ပြောကြားသည်။

ကမ္ဘာပေါ်တွင် အရွယ်အစားအကြီးမားဆုံး ရေပြင်နှင့် ဝေဟင်နှစ်သွယ် ပျံသန်းနိုင်သည့် လေယာဉ်တွင် ပြည်တွင်းလုပ် ပန်ကာတပ် တာဗိုဂျက်အင်ဂျင်လေးလုံး တပ်ဆင်ထားသည်။ ယင်းအင်ဂျင်စက်များသည် ၁၂ နာရီခန့် မရပ်မနား ပျံသန်းနိုင်သည်။

အဆိုပါလေယာဉ်ကို ပင်လယ်ရေကြောင်းဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်း၊ တောမီးငြှိမ်းသတ်ရေးနှင့် အဏ္ဏဝါစောင့်ကြည့်ရေးလုပ်ငန်း တို့တွင် အဓိက အသုံးပြုနိုင်မည်ဖြစ်သည်။

ယမန်နှစ် ဒီဇင်ဘာလက ပထမဦးဆုံးအကြိမ် စမ်းသပ်ပျံသန်းခဲ့သည့် ယင်းလေယာဉ်သည် စမ်းသပ်မှုအဆင့်ဆင့်ကို အောင်မြင်ခဲ့ပြီး ဖြစ်သည်။ ရေပြင်ပေါ် စမ်းသပ်မှုပြုလုပ်ရာတွင် တစ်နာရီလျှင် ကီလိုမီတာ ၈ဝ နှုန်းနှင့် ကီလိုမီတာ ၁၂ဝ နှုန်းတို့အပါအဝင် အမြန်နှုန်း ရှစ်ကြိမ် စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ဆင်ဟွာ