တတိယအကြိမ် အင်းသား အမျိုးသားနေ့ကို ညောင်ရွှေမြို့၌ ကျင်းပမည်

ညောင်ရွှေ ၂၉ အောက်တိုဘာ

 

 

အင်းသားတိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးနှင့် ဒေသတွင်းရှိ ညီနောင်တိုင်းရင်းသားများနှင့် အတူ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးလုပ်ငန်းများတွင် အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေး ရည်ရွယ်ချက်ဖြင့် တတိယအကြိမ် အင်းသား အမျိုးသားနေ့ကို နိုဝင်ဘာ ၇ ရက်မှ ၉ ရက်ထိ ညောင်ရွှေမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

 

တတိယအကြိမ် အင်းသား အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ညောင်ရွှေမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်းတွင် တိုင်းရင်းသားယဉ်ကျေးမှု ပြခန်းများ၊ ဌာနဆိုင်ရာ ပြခန်းများပြသခြင်း၊ ပျော်ပွဲရွှင်ပွဲ၊ ဈေးရောင်းပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပခြင်း၊ ရိုးရာယဉ်ကျေးမှု အကများ၊ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလက်ရွေးစင် ဘော်လီဘောပြိုင်ပွဲများ ကျင်းပခြင်း၊ ဒေသတွင်းလူငယ်များနှင့် အဖွဲ့အစည်းများမှ စကားဝိုင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းတို့အပြင် အင်းသား အမျိုးသားနေ့ဖြစ်သည့် တန်ဆောင်မုန်းလဆန်း ၁ ရက် (နိုဝင်ဘာ ၈ ရက်)တွင် အင်းသားရိုးရာ ရာကျော်လှေများဖြင့် လှော်ခတ်ချီတက်၍ လူထု အခမ်းအနားကျင်းပခြင်း၊ အင်းလေး စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ခြင်းနှင့် မြို့မရန်ကုန် ဘုန်းတော်ကြီးကျောင်းတွင် မဟာဘုံကထိန်ပွဲ ကျင်းပခြင်းတို့ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

 

 

အင်းသားအမျိုးသားနေ့ကို ဒေသတွင်း အင်းသားလူမျိုးများနှင့် အဝေးရောက် အင်းသားလူမျိုးများ ပြန်လည်ဆုံစည်းရာမှ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေး၊ အင်းသားလူမျိုး အချင်းချင်း စည်းလုံးညီညွတ်ရေးနှင့် ဒေသတွင်းရှိ ညီနောင်တိုင်းရင်းသား များနှင့်အတူ စည်းလုံးညီညွတ်စွာဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေး၊ အင်းသားလူငယ် မောင်မယ်များ အနေဖြင့် မိမိတို့ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အနာဂတ် ခေါင်းဆောင်များ ပေါ်ထွန်းလာရေး၊ အင်းလေးကန်ထိန်းသိမ်းရေးနှင့် သာယာလှပရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေး၊ အင်းလေးဒေသ စုပေါင်းဘုံကထိန်အလှူမှသည် အမျိုးဘာသာ သာသနာကို ထောက်ပံ့ခြင်းနှင့် စောင့်ရှောက် ထွန်းကားစေခြင်း စသည့်ဦးတည်ချက်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

နေမျိုးသူရိန်