တူညီသောရည်မှန်းချက်ဖြင့် သဘာဝပတ်ဝန်းကျင်

၆  ဇွန်

ဤကမ္ဘာမြေ

သာယာလှသော၊ လောကနိဗ္ဗာန်ဘုံဟုဆိုနိုင်သော မိမိနေထိုင်ရာ ကမ္ဘာမြေကြီးသည် နှစ်ပေါင်း ၄ ဒသမ ၅ ဘီလီယံခန့်ရှိကြောင်း ပညာရှင်များက ဆိုကြသည်။ မိမိတို့ မွေးဖွားကြီးပြင်းရပ်တည်ရာ ဤကမ္ဘာလောကကြီးသည် နှစ်သန်းပေါင်းများစွာကပင် လူသားတို့အတွက် နှိုင်းဖွယ်ရာမရှိ ဖြည့်ဆည်းပေးထားခဲ့ပြီ ဖြစ်သကဲ့သို့ ဖြည့်ဆည်း ပေးနေဆဲလည်းဖြစ်သည်။ သို့သော် - - - ။

ပြည့်စုံကုံလုံလှသည့် ကမ္ဘာမြေကြီးပေါ်တွင် မှီတင်းနေထိုင်ကြသည့် လူဦးရေသည် လတ်တလောအားဖြင့် (၇ ဒသမ ၈) ဘီလီယံကျော်ရှိနေပြီဖြစ်သည်။ လူဦးရေ တိုးတက်နှုန်းအနေဖြင့် ယခုအခါ တစ်နှစ်လျှင် ၁ ရာခိုင် နှုန်းကျော် ရှိနေပါသည်။ ကမ္ဘာပေါ်တွင် သက်ရှိမျိုးစိတ် ၁ ဒသမ ၇၄ သန်းခန့်ကို လက်ရှိအထိ စာရင်းသွင်းထားပြီး ဖြစ်သည်။ လူသားနှင့် ဇီဝမျိုးစုံမျိုးကွဲများဆိုသည်မှာ ကမ္ဘာပေါ်တွင် မျှချေအနေဖြင့် ယှဉ်တွဲနေထိုင်ကြသည့် သဘောအဖြစ် ရှုမြင်ရပါသည်။ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် လိုအပ်နေကြသကဲ့သို့ အပြန်အလှန် စောင့်ရှောက်ရန်လည်း လိုအပ်ပါလိမ့်မည်။ ဤသည်မှာ သဘာဝတရားကြီး၏ ပေးထားချက် သဘောတရားပင် မဟုတ်ပါလား။ သို့သော်လည်း လူသားနှင့် သဘာဝတရား အကြား ဟန်ချက်ပျက်စေသည့် အကြောင်းတရားများ သည် ယနေ့အခါ လူသားတို့အတွက် ကြီးမားသော စိန်ခေါ်မှုများအဖြစ် ရင်ဆိုင်လာနေရလေပြီ။

အမိနိုင်ငံ

မြန်မာနိုင်ငံသည် သဘာဝသယံဇာတရင်းမြစ်များပေါကြွယ်ဝ၍ ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများစွာ စုံလင်စွာ တွေ့ရှိနိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝသယံဇာတများကို ရှေးနှစ်ပေါင်းများစွာကပင် စီးပွားဖြစ်ထုတ်ယူသုံးစွဲလာခဲ့ကြသည်။ မြန်မာ့သစ်တော များသည် ကမ္ဘာ့အရေးကြီးဆုံး ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ပေါက်ပွားရာ တစ်ခုလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်ရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဇီဝမျိုးကွဲ များ အစုံလင်ဆုံးဖြစ်သကဲ့သို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်ခံရမှု အများဆုံးဧရိယာတွင် တည်ရှိနေသည် မှာ အထူးဝမ်းနည်းဖွယ်ရာပင်။ အလားတူ အရှေ့တောင် အာရှဒေသရှိ ငှက်မျိုး အစုံလင်ဆုံး တွေ့ရှိရသည့် နိုင်ငံဖြစ်နေသည်မှာလည်း ဂုဏ်ယူမိသကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်ရမည့် တာဝန်သည်လည်း ကြီးမားလွန်းလှ သည်။

သစ်တောများ ပြုန်းတီးခြင်းများ၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ တိုးတက်လာခြင်း၊ မြို့ပြများ ချဲ့ထွင်လာခြင်း၊ သဘာဝအရင်းအမြစ်များကို အထိန်းအချုပ် အကန့်အသတ်မဲ့ ထုတ်ယူသုံးစွဲခဲ့ခြင်းများကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့ကိုအကြီးအကျယ် ထိခိုက် စေလျက်ရှိနေပြီဖြစ်သည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သစ်တော ဖုံးလွှမ်းမှုသည် တစ်နှစ်လျှင် ပျမ်းမျှ ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းလျက်ရှိရာ စုစုပေါင်း သစ်တောဟက်တာ ၁၀ သန်း ဆုံးရှုံးခဲ့ကြောင်း FAO ၏ အစီရင်ခံစာအရ သိရသည်။ ထို့အပြင် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာ နိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောဆုံးရှုံးမှု တတိယ အများဆုံးနိုင်ငံ ဖြစ်ခဲ့ပါ သည်။ လျော့နည်းကျဆင်းလာသည့် မြန်မာ့သစ်တောပြုန်းတီးမှုနှင့် အရည်အသွေးကျဆင်းမှု များအတွက် ထိရောက်သော အစားထိုးမှု၊ ထိန်းသိမ်းမှုနှင့် ကာကွယ် စောင့်ရှောက်နိုင်မှုများ အလေးထားဆောင်ရွက် ကြရန် လိုအပ်မည်ဖြစ်သည်။ သဘာဝသယံဇာတမှ ရရှိသော ဝင်ငွေများသည် နိုင်ငံ၏ စုစုပေါင်းပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုးတွင် များစွာအရေးပါနေဆဲ ဖြစ်သည်။ သစ်တောထွက်ထုတ်ကုန်များ၊ ငါးနှင့် ရေထွက် ပစ္စည်း ထုတ်ကုန်များ၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုများ သည် နိုင်ငံ့ဝင်ငွေအတွက် အရေးပါလျက် ရှိဆဲဖြစ်သည်။ သို့ဖြစ် ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့် သဘာဝသယံဇာတ များ ရေရှည်တည်တံ့ရေး ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် ဆိုပါက ဟန်ချက်ညီသော စီမံခန့်ခွဲမှုများသည် အထိရောက်ဆုံး နည်းလမ်းများအဖြစ် အများက လက်ခံ ထားရှိကြသည်။

လူသားလိုအပ်ချက်

ကမ္ဘာပေါ်တွင် တိုးပွားလာသည့် လူဦးရေနှင့် လူသား လိုအပ်ချက်များ မြင့်တက်လာမှုသည် သဘာဝရင်းမြစ်များ ပိုမိုထုတ်ယူသုံးစွဲမှုကို ဖြစ်ပေါ်စေလျက်ရှိနေသည်။ လူသား တစ်ယောက်၏ အခြေခံလိုအပ်ချက်များဖြစ်သော စား၊ ဝတ်၊ နေရေးတို့အပြင် တိုးတက်လာသော လူနေမှုစနစ်များ ကြောင့် စွမ်းအင်လိုအပ်ချက်၊ အစားအသောက် လိုအပ်ချက်၊ သန့်ရှင်းသော ရေလိုအပ်ချက်၊ နေထိုင်ရန် နေရာ လိုအပ်ချက်များသည်လည်း တစ်နေ့တခြား တိုးမြင့်လာ နေပါ၏။ ထိုလိုအပ်ချက်များအတွက် သဘာဝရင်းမြစ်များ ထုတ်ယူသုံးစွဲနေကြသကဲ့သို့ တိုးချဲ့လာသော မြို့ပြအိမ်ရာများနှင့် စွမ်းအင်အတွက် အစားထိုးမရသည့် သဘာဝရင်းမြစ်များအပေါ် မှီခိုနေရမှုများသည် သဘာဝ ပတ်ဝန်းကျင်ကို နေ့စဉ်နှင့်အမျှ ထိခိုက်ပျက်စီးစေလျက် ရှိပါသည်။ ထိုအချိန်တွင် နှစ်စဉ် လူဦးရေ ၂ ဘီလီယံနီးပါး သည် ငတ်မွတ်ခြင်းနှင့် အာဟာရမပြည့်မီခြင်းများ ကြုံတွေ့ နေရချိန်တွင် အစားအသောက်တန်ပေါင်း ၁ ဒသမ ၃ ဘီလီယံခန့်သည် နှစ်စဉ် လေလွင့်ပျက်စီးလျက် ရှိနေကြောင်း UNDP က ဆိုပါသည်။

ထိုသို့ဆိုပါလျှင် တိုးတက်များပြားလာသည့် လူသားတို့အတွက် လူသားဘဝလုံခြုံရေးသည်သဘာဝနှင့် လိုက်လျောညီထွေရှိသည့် အစိမ်းရောင်စိုက်ပျိုးထုတ်လုပ် မှု၊ အစိမ်းရောင်စီးပွားရေး၊ အစိမ်းရောင်စွမ်းအင်နှင့် အစိမ်းရောင်နေထိုင်မှုပုံစံတို့ဖြင့် လူသားတို့၏ နေထိုင်မှု ပုံစံသစ်များသို့ ပြောင်းလဲကြရန် လိုအပ်မည်ဖြစ်သည်။ သဘာဝတရားအပေါ် အလွန်အမင်းမှီခိုခြင်း၊ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းများကြောင့် သဘာဝအခြေအနေ များ ပျက်စီးဆုံးရှုံးလာမှုများနှင့်အတူ စိန်ခေါ်မှုအကျပ် အတည်းများနှင့် မလွဲမသွေ ရင်ဆိုင်ကြရမည့်သူများမှာ မိမိတို့ လူသားပင် မဟုတ်ပါလား။ အများနှင့်ဆိုင်သော ဤကမ္ဘာမြေကြီး ရေရှည်တည်တံ့ရေးနှင့် လူသားဘဝများ ရပ်တည်ရေးဆိုသည်ကို သတိချပ်ကြရပေလိမ့်မည်။

ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ လူသားတို့၏ လတ်တလောလိုအပ်ချက်တို့ကို လုပ်ဆောင်ရာတွင် အနာဂတ်မျိုးဆက်တို့အတွက် ထိခိုက်မှုမရှိစေဘဲ ဖြည့်ဆည်းသည့်ဖွံ့ဖြိုးရေးဟု ကုလသမဂ္ဂက အနက်ဖွင့်ဆိုပါသည်။ ဆိုလိုသည်မှာ ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်မှုနှင့် ရပ်တည်ရေး၊ ဖွံ့ဖြိုးရေးတို့ကို ဒွန်တွဲလုပ်ဆောင်ခြင်းပင် ဖြစ်ပါ၏။ ကမ္ဘာပေါ်ရှိ လူသားတိုင်းအတွက် စားဝတ်နေရေးလိုအပ်ချက်များ လုံလောက်စွာ ရရှိရေး သည် ပင်မလိုအပ်ချက်ဖြစ်ပါသည်။ သို့သော်လည်း လူသားလိုအပ်ချက်များအပေါ်တွင်သာ ဦးစားပေး လုပ်ဆောင်ခဲ့ကြခြင်း၊ လုပ်ဆောင်နေကြခြင်းများကြောင့် လူသားများကို ပံ့ပိုးထောက်ပံ့နေသည့် သဘာဝတရားကြီးသည် ပျက်စီးယိုယွင်းမှုများနှင့် ရင်ဆိုင်နေသည်ကိုလည်း အလေးထား စဉ်းစားကြရမည် ဖြစ်သည်။ ရေရှည်ရပ်တည်နိုင်ရေးဆိုပါက လူသားနှင့်သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီမျှရန် အထူးပင် ထည့်သွင်းစဉ်းစားရမည့် အချက်ဟု ဆိုချင်ပါသည်။

ဂေဟစနစ်

ဂေဟစနစ်ဆိုသည်မှာ သက်ရှိများ၏ အသိုင်းအဝိုင်း တစ်ခုဖြစ်ပြီး ၎င်းတို့၏ပတ်၀န်းကျင်မှ သက်ရှိမဟုတ် သော အစိတ်အပိုင်းများနှင့်ချိတ်ဆက်၍ အပြန်အလှန် အကျိုးပြုနေသည့် စနစ်တစ်ခုဟုဆိုရာ လူသားနှင့်ဇီဝမျိုးစုံ မျိုးကွဲတို့၏ ဂေဟစနစ်ကို အထူးသတိပြု ဆင်ခြင်ကြရမည်ကို ယနေ့ရင်ဆိုင်နေရသည့် သဘာဝဘေး အန္တရာယ်များနှင့် ချိန်ထိုးစဉ်းစားရမည်ဖြစ်သည်။ ဇီဝမျိုးကွဲများဆိုသည်မှာ များစွာသော အပင်များ၊ အင်းဆက်များနှင့် တိရစ္ဆာန်မျိုးစိတ်များနှင့် အမျိုးမျိုးသော ဂေဟစနစ် (ယှက်နွှယ်နေသည့် မျိုးစိတ် အမျိုးမျိုးအတွင်း အပြန်အလှန်အကျိုးပြုမှုများ) များကို ဆိုလိုသည်။ ဇီဝမျိုးကွဲ များသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဖွံ့ဖြိုးရေး လုပ်ငန်းများသည် ကာလကြာမြင့်စွာ ကတည်းက ရှင်သန်နေသော ဇီဝမျိုးစိတ်များကို ဖျက်ဆီးခြင်း သို့မဟုတ် ယင်းတို့ နေရာဝင်ယူလိုက်ခြင်း၊ မျိုးစိတ်အရေအတွက် လျော့နည်းမှုတို့ ဖြစ်ပေါ်စေသည့် သို့မဟုတ် လုံးဝပျောက်ကွယ်သွားစေနိုင်သည့် အရင်းခံအကြောင်းတရား တစ်ရပ်လည်း ဖြစ်နေပါသည်။

ရာသီဥတုပြောင်းလဲခြင်း

ယခုအခါ ကမ္ဘာကြီးသည် ဆိုးရွားသော ရာသီဥတုပြောင်းလဲမှု အ‌ခြေအနေများနှင့် ရင်ဆိုင်နေရပါသည်။ ယခုအတိုင်း ဆက်လက်ဖြစ်ပေါ်နေပါက အပူချိန် ၄ ဒီဂရီ စင်တီဂရိတ်နှင့်အထက်သို့ တိုးလာနိုင်ကြောင်း ကျွမ်းကျင် ပညာရှင်များက ခန့်မှန်းထားကြသည်။၁၉၈၀ ပြည့်နှစ် မှစတင်ကာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု နှစ်ဆ မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ပျမ်းမျှအပူချိန် အနည်းဆုံး ၀ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ တိုးမြှင့်စေခဲ့သည်ဟု ဆိုပါသည်။ ယင်းသို့ အပူချိန်ပြောင်းလဲလာမှုကြောင့် များစွာ ဆိုးကျိုးဖြစ်ပေါ်စေနိုင်ပြီး ကမ္ဘာမြေကြီး၏ ဟန်ချက်ညီမျှနေသည့် ဂေဟစနစ်ကို ထိခိုက်စေလျက် ရှိနေပြီဖြစ်၏။

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွင်အကြောင်းတရား နှစ်မျိုးဖြစ်သည့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရန်နှင့် သစ်တောပြုန်းတီးမှုကို တားဆီးရန်အတွက် အားလုံးပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ လျော့ပါးစေသည့် သဘာဝအရင်းအမြစ်တစ်ခုမှာ သစ်တောများပင် ဖြစ်ပါသည်။ သစ်ပင်များသည် ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူ၍ သန့်ရှင်းသော အောက်ဆီဂျင်ကို ပြန်ထုတ်ပေးပါသည်။

သို့သော်လည်း သစ်တောပြုန်းတီးမှုနှုန်းသည်လည်း မြင့်မားလျက်ရှိသည်ကို ဝမ်းနည်းဖွယ် မြင်တွေ့နေကြရ သည်။ ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူပေးနေကြသည့် သစ်တောသစ်ပင်များကို အတိုင်းအဆမရှိ ခုတ်ယူခြင်း အပြင် ထိန်းသိမ်းမှုနှင့် အစားထိုးမှုအားနည်းခြင်းများကြောင့် အခုအချိန်တွင် ရာသီဥတုပြောင်းလဲမှုကို ဟန့်တားနိုင်ခြင်းထက် ပိုမိုတိုးမြင့် ခံစားလာနေကြရပြီ ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးအတွက် ခန့်မှန်းထားသည်ထက် ပိုမို များပြားသည့် စိန်ခေါ်မှုများကို လက်တွေ့ကြုံတွေ့ ခံစား နေရသည်မှာ မိမိတို့ကိုယ်တွေ့ပင်။ ကမ္ဘာကြီး၏ အပူချိန် သိသိသာသာမြင့်တက်လာမှုကြောင့် မရေမတွက်နိုင်သော တိရစ္ဆာန်နှင့် အပင်မျိုးစိတ်များကို မျိုးသုဉ်းပျောက်ကွယ်စေပြီး ဟန်ချက်ထိန်းပေးထားသည့် ဂေဟစနစ်ကို ပျက်စီးစေလျက်ရှိပေပြီ။

ထို့အတူ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းဖြစ်စဉ် များကြောင့် ကမ္ဘာ့အပူချိန် နှစ်စဉ်မြင့်တက်ခြင်းနှင့်အတူ မိုးခေါင်ခြင်း၊ မြေအောက်ရေများ ခန်းခြောက်လာခြင်း၊ မြစ်၊ချောင်း၊ အင်းအိုင်များ တိမ်ကောပျောက်ကွယ်လာခြင်း၊ မြေဆီလွှာ ခန်းခြောက်လာခြင်းတို့အပြင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်ခြင်း၊ ရေခဲတောင်များ အရည်ပျော်လာခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ အင်အားပြင်းသော မုန်တိုင်းများ၊ ငလျင်များ ဖြစ်ပေါ်လာခြင်း၊ တောမီးများလောင်ခြင်း စသည့် သဘာဝဘေးအန္တရာယ် ဆိုးကျိုးများစွာသည်လည်း လူသားဘဝ နေ့စဉ်ရပ်တည်ရေးကို ခြိမ်းခြောက်ခံနေကြသည်မှာ မျက်မြင်ပင်။ ထိုဆိုးကျိုးများသည် အချိန်မီမထိန်းသိမ်း၊ မကာကွယ်နိုင် ကြပါက ဖြစ်လာမည့် အကျိုးဆက်သည် ခန့်မှန်းရန်ပင် ပိုမိုခက်ခဲလွန်းလှပါ၏။

မည်သူမပြုမိမိမှု

ကုလသမဂ္ဂအပါအဝင်၊ ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် အဖွဲ့အစည်းအသီးသီးတို့သည် ကမ္ဘာ့ရာသီဥတုထိန်းသိမ်းရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ သဘာဝနှင့် လိုက်လျောညီထွေရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးများ အကောင်အထည်ဖော်လျက်ရှိသော်လည်း လက်တွေ့ အခြေအနေတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးကိစ္စများမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် အားနည်းနေဆဲဖြစ်သည်။ သို့အတွက်လည်း ကမ္ဘာ့ပတ်ဝန်းကျင်ပျက်စီးမှု၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းပျောက်ကွယ်မှုများ တိုးမြင့် နေဆဲဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စ၊ လူသားထု တစ်ရပ်လုံး၏ အသက်ရှင်ရပ်တည်ရေးကိစ္စ ဖြစ်နေသဖြင့် တစ်နိုင်ငံကောင်း၊ တစ်ဖွဲ့ကောင်း၊ တစ်ယောက်ကောင်း ဖြင့် ဆောင်ရွက်ရန်ထက် အားလုံးပါဝင်၍ ဟန်ချက်ညီစွာ အကောင်အထည်ဖော်ကြမှသာ ထိရောက်သော အကျိုးသက်ရောက်မှု ရရှိနိုင်မည်ဖြစ်သည်။

ကိုဗစ် ၁၉ နှင့် ပုံစံသစ်အခြေအနေ

လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ အသက်ရှု လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှု၏ ဇာစ်မြစ် သည် လက်ရှိ စမ်းသပ်တွေ့ရှိမှုများအရ တိရစ္ဆာန်မှ လူသို့ ကူးစက်လာကြောင်း သိရသည်။ လင်းနို့များ၊ သင်းခွေချပ် များဆိုသည်မှာ လူသားတို့၏ ပုံမှန်အစားအစာမဟုတ်။ သို့သော်လည်း လူသားတို့၏ လောဘဟု ဆိုနိုင်သော စိတ်ဆန္ဒဇောများဖြင့် စားသောက်နေထိုင်မှုများကြောင့် ကပ်ရောဂါဆိုးဒဏ်ကို ခံစားနေကြပြီဖြစ်သည်။ ဆင်ခြင် ဖွယ် အတွေ့အကြုံနှင့် သင်ခန်းစာများဟု အခိုင်အမာ ဆိုချင်လှပါ၏။

 

ယခုအခါ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် လူသား တို့၏ နေ့စဉ်ဘဝရုန်းကန်လှုပ်ရှားမှုများတွင် အပြောင်း အလဲများ စတင်ကြုံတွေ့လာရပြီဖြစ်သည်။ New Normal ဆိုသည့် ပုံစံသစ်အခြေအနေတွင် နေထိုင်သွားလာ ဆောင်ရွက်ရမှုများသည် သဘာဝနှင့် ဟန်ချက်ညီစွာ ရှင်သန်ရပ်တည်နိုင်မှု၊ လူသားဆန်သော နေထိုင် စားသောက်မှုပုံစံ၊ အသက်ရှင် ရပ်တည်ရေးအတွက် သဘာဝနှင့်ကိုက်ညီသော လူမှုပုံစံများ လိုအပ်နေပြီဟု ဆိုချင်ပါ၏။ သဘာဝတောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီး ခြင်း၊ သတ်ဖြတ်ခြင်း၊ တရားမဝင် ရောင်းဝယ်ဖောက်ကား ခြင်း၊ စားသုံးခြင်းတို့ကြောင့်လည်း မျိုးသုဉ်းပျောက်ကွယ် တော့မည်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် တောရိုင်း တိရစ္ဆာန်အရေအတွက် များပြားနေပါ၏။ New Normal ဘဝတွင် တောရိုင်းတိရစ္ဆာန်များအပါအဝင် မျိုးသုဉ်း ပျောက်ကွယ်တော့မည့် တောရိုင်းတိရစ္ဆာန်များ စားသုံး ခြင်းကို ရှောင်ရှားကြရန် လိုအပ်နေပြီဖြစ်သည်။ အချို့နိုင်ငံ များတွင် ဥပဒေများပြဋ္ဌာန်း၍ တားမြစ်ကန့်သတ်ရန် ကြိုးပမ်းနေသည်ကို ဝမ်းမြောက်ဖွယ် တွေ့ရပါသည်။ လူသားတို့၏ မဆင်မခြင်သော လုပ်ရပ်အချို့သည် လူသားတို့၏ နေ့စဉ်လူမှုဘဝများကိုသာမက ကမ္ဘာ လောကကြီး၏ ရေရှည်ရပ်တည်ရေးကိုပါ ထိခိုက်လာ သည်ကို အသိရှိရှိ၊ သတိရှိရှိဖြင့်ဆင်ခြင်ကြရန်မှာ အထူး ပြောဖွယ်ရာပင် မလိုတော့ချေ။

ကိုဗစ်-၁၉ ဖြစ်ပွားမှုမှ ရရှိလာသော သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ အကျိုးဆက်တစ်ခုမှာ အဆိုးထဲမှ အကောင်း ဟု ဆိုရနိုင်သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကမ္ဘာနှင့် အဝန်းဖြစ်ပွားမှုကြောင့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် သွားလာလှုပ်ရှားမှုကန့်သတ်ချက်၊ စီးပွားရေး ဆိုင်ရာ ကန့်သတ်ချက်ကဲ့သို့သော ကျန်းမာရေးလိုအပ်ချက် ကန့်သတ်ချက်မှုများကြောင့် ကာဗွန်ထုတ်လွှတ်မှု လျော့ကျလာခြင်း၊ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု များ လျော့ကျလာကြောင်း သိရသည်။ ယင်းသို့ ရရှိသော အတွေ့အကြုံသည် မိမိတို့အားလုံးအတွက် ကြုံတောင့် ကြုံခဲသဘာဝမှပေးသော သင်ခန်းစာတစ်ရပ်အဖြစ် သတိပြုလိုက်နာကြရန် လိုအပ်ပေလိမ့်မည်။

ရေရှည်တည်တံ့သည့် ကမ္ဘာဆီသို့

သဘာဝကြီးသည် လူ့သမိုင်း၌ မကြုံစဖူးသော နှုန်းထားများဖြင့် တစ်ကမ္ဘာလုံး ကျဆင်းနေပြီး မျိုးစိတ် များ မျိုးသုဉ်းမှုနှုန်းသည် အရှိန်မြှင့်လာနေပြီဖြစ်ရာ ယခုအခါ ကမ္ဘာတစ်ဝန်းရှိ လူများအပေါ် ဆိုးကျိုး သက်ရောက်နိုင်ဖွယ်ရှိသည်ကြောင်း Intergovernmental Science-Policy Platform on Biodiversity and Ecosystem Services (IPBES) ၏ အစီရင်ခံစာအသစ်တွင် သတိပေးထားပါသည်။ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ စီးပွားရေး ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာများကို ရေရှည်အကျိုးပြုစေ မည့် ဖွံ့ဖြိုးရေးဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုပါသည်။ တစ်နည်းအားဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေး သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရပါမည်၊ စီးပွားရေးတိုးတက်ဖြစ်ထွန်းမှု ရှိရပါမည်၊ ဆင်းရဲမွဲတေမှု နှင့် လူမှုပြဿနာများကို ဖြေရှင်းနိုင်ရမည်ဟု ဖွင့်ဆိုရပါမည်။

သို့သော်လည်း ဤမျှကြီးမားကျယ်ပြန့်သော လုပ်ငန်း များ အောင်မြင်ရန်ဆိုသည်မှာ မူဝါဒချမှတ်ခြင်းများအပြင် နိုင်ငံရေးစိတ်ဆန္ဒ၊ ဘဏ္ဍာငွေလိုအပ်ချက်၊ လူ့စွမ်းအား အရင်းအမြစ်လိုအပ်ချက်၊ ကျွမ်းကျင်မှု၊ နည်းပညာ၊ ပူးပေါင်းဆောင်ရွက်မှုများ မဖြစ်မနေ လိုအပ်ဦးမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းကာကွယ်ရေး နှင့် အစားအစာလုံခြုံရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်ရေးများ အကောင်အထည်ဖော်နေသည့်တိုင် ကမ္ဘာကြီး၏ ဂေဟစနစ်များသည် ပိုမိုပျက်စီးလာနေ သည်မှာ လိုအပ်ချက်များရှိနေသည့် သဘောဟု ဆိုရပါမည်။

လူသားတို့နေထိုင်ရာ ဤကမ္ဘာမြေတွင် သက်ရှိတို့ ရှင်သန်ရပ်တည်နိုင်ရန် သဘာဝပတ်ဝန်းကျင်ဖြစ်သည့် မြေ၊ လေ၊ ရေ၊ သစ်ပင်၊ တောတောင်နှင့် ဇီဝမျိုးစိတ်တို့ လိုအပ်ပါသည်။ ပြုန်းတီးလာသော သစ်တောများ၊ ပျက်စီး လာသည့် သန္တာကျောက်တန်းများ၊ မျိုးသုဉ်းပျောက်ကွယ် လာနေသည့် ဇီဝမျိုးစိတ်များ၊ ညစ်ညမ်းလာသည့် ရေထု၊ လေထုများ စသည်တို့တွင် ပြန်လည်အစားထိုးရသည်များ ရှိသကဲ့သို့ ပြန်လည်အစားထိုးမရသည်များလည်း ရှိနေပါ ၏။ ပြန်လည်အစားထိုးမရပါက ထာဝရဆုံးရှုံးရချေတော့ မည်။ မည်သူမပြု၊ မိမိမှုဟုဆိုချင်ပါ၏။

နှစ်သန်းပေါင်းများစွာ သက်တမ်းရှိပြီဖြစ်သော ကမ္ဘာ မြေကြီးသည် ပစ္စုပ္ပန်တည်ရှိဆဲ မိမိတို့အတွက်သာမက နောင်လာမည့် အနာဂတ်မျိုးဆက်များအတွက်လည်း ဘိုးဘွားပိုင်အမွေဖြစ်ပါသည်။ သို့ဖြစ်ရာ ဘိုးဘွားပိုင် အမွေဖြစ်သည့် ချစ်သောဤကမ္ဘာကြီးကို ထိန်းသိမ်းရန်၊ ကာကွယ်စောင့်ရှောက်ရန် တာဝန်မှာ လက်ရှိလူသား အားလုံး၏ တာဝန်ပင် မဟုတ်ပါလား။ ရေရှည်တည်တံ့ သော တိုးတက်မှု၊ ဖွံ့ဖြိုးမှုနှင့် သောကကင်းဝေးနေထိုင်ရေး ဆိုပါက သဘာဝတရားကြီးနှင့် သဟဇာတအတူယှဉ်တွဲ နေထိုင်နိုင်ရန် ကြိုးစားကြရမည်ဖြစ်သည်။ ပြဋ္ဌာန်းထား သောဥပဒေများ၊ စည်းကမ်းများ၊ အမိန့်များအပြင် တစ်ဦး ချင်း တစ်ဖွဲ့ချင်း၊ တစ်နိုင်ငံချင်းစီက ကိုယ်စီကိုယ်စီ အသိဖြင့် လိုက်နာစောင့်ထိန်း ပူးပေါင်းဆောင်ရွက်ကြမှသာ တူညီသော ဘုံရည်မှန်းချက်ဖြစ်သည့် ရေရှည်တည်တံ့သော ကမ္ဘာမြေကြီးအဖြစ်သို့ မျှော်မှန်းနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းလိုလှပါသည်။ ။

သိန်းထွန်း(IR)