တူညီသည့်ဆန္ဒကိုအလေးထား နိုင်ငံ့ဂုဏ်သိက္ခာမြှင့်တင်

နေပြည်တော် အောက်တိုဘာ ၂၈

ဒီမိုကရေစီစံနှုန်းများအရ မည်သည့်အခြေအနေ၊ မည်သည့်အဆင့်အတန်းတွင်မဆို လူအချင်းချင်း၊ အသိုက်အဝန်းအချင်းချင်း နှိမ့်ချဆက်ဆံခြင်းကို ခွင့်ပြုလေ့မရှိပေ။ မတူကွဲပြားသော ကမ္ဘာ့လူသားအချင်းချင်း၊ အသိုက်အဝန်းများအချင်းချင်း လေးစားအသိအမှတ်ပြုခြင်းတို့ကို လူ့အခွင့်အရေး လေးစားတန်ဖိုးထားသောနိုင်ငံများနှင့် လူ့အဖွဲ့အစည်းများက အသိအမှတ်ပြု လက်ခံထားကြသည်။ လူအချင်းချင်း ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချဆက်ဆံခြင်းတို့ကို မည်သူမျှလက်ခံကြမည် မဟုတ်ပေ။

ယနေ့အချိန်အခါတွင် ဒီမိုကရေစီစံနှုန်းများကိုလိုလျှင်လိုသလိုသာ အသုံးပြုနေကြသည်။ မလိုလျှင် စံနှုန်းများကို မျက်ကွယ်ပြုနေကြသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက် နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်) တက်ရောက်ပါရန် ၁၉-၁၀-၂၀၂၁ ရက်နေ့၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံ၏ ဖိတ်ကြားချက်ကို မြန်မာဘက်က လက်ခံရရှိခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးသည် အစဉ်အလာအားဖြင့် နိုင်ငံ့ခေါင်းဆောင်များ သို့မဟုတ် နိုင်ငံ့ခေါင်းဆောင်အား ကိုယ်စားပြုသူပုဂ္ဂိုလ်တို့သာ တက်ရောက်လေ့ရှိသော အစည်းအဝေး ဖြစ်သည်။ ယခုထိပ်သီးအစည်းအဝေးများသို့ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့အကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ သို့မဟုတ် နိုင်ငံ့အကြီးအကဲကို ကိုယ်စားပြုမည့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ် ပါဝင်တက်ရောက်နိုင်ရေးကိုသာ လက်ခံမည်ဖြစ်ကြောင်း ၂၅-၁၀-၂၀၂၁ ရက်နေ့တွင် မြန်မာနိုင်ငံမှ အကြောင်းပြန်ကြားခဲ့သည်။ ယခုကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် တက်ရောက်မည့် မြန်မာကိုယ်စားလှယ်၏အဆင့်ကို နှိမ့်ချ၍ ဖိတ်ကြားခြင်းနှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် အကန့်အသတ်ထားခြင်းတို့သည် နိုင်ငံရေးရည်ရွယ်ချက်အကြောင်းတစ်ခုကို အကြောင်းပြု၍ အစဉ်အဆက် အတူတကွ ယှဉ်တွဲရပ်တည်ခဲ့သော နိုင်ငံအချင်းချင်း ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချဆက်ဆံခြင်း သဘော သက်ရောက်နေသည်။

ထို့အပြင် အာဆီယံ၏ပဋိညာဉ်စာတမ်းပါမူ၊ လုပ်ထုံးလုပ်နည်းနှင့် အာဆီယံ၏ ထုံးတမ်းစဉ်လာတို့နှင့် ကွဲလွဲနေပြီး အထူးသဖြင့် အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်-၂ ပါ “အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာရန်” နှင့် အပိုဒ် - ၅ တွင်ပါရှိသည့် “အဖွဲ့ဝင်နိုင်ငံများသည် တူညီသည့်အခွင့်အရေးနှင့် တာဝန်များရှိရမည်” ဆိုသည့် ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရပါသည်။ ထို့အပြင် ၁၅-၁၀-၂၀၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့် အရေးပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ဆုံးဖြတ်ချက်သည် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အဖွဲ့ဝင်အားလုံး၏တူညီဆန္ဒအရ ဆုံးဖြတ်ခဲ့ခြင်းမဟုတ်သည့် အတွက် ယင်းအစည်းအဝေးဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအနေဖြင့် လက်ခံခဲ့ခြင်းမရှိပေ။

မြန်မာနိုင်ငံမှ အာဆီယံထိပ်သီးအစည်းအဝေးများသို့ နိုင်ငံ့အကြီးအကဲအဆင့် သို့မဟုတ် ၎င်း၏ကိုယ်စား ပြည်ထောင်စုဝန်ကြီးအဆင့် တက်ရောက်ခွင့် မရရှိသောကြောင့် မတက်ရောက်နိုင်ခြင်းမှာ အာဆီယံအား မကျေနပ်မှုကို ပြသလိုသော သဘောဆန္ဒဖြင့် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အပြင်၊ အာဆီယံကို သပိတ်မှောက်ခြင်းလည်း မဟုတ်ပေ။ အာဆီယံပဋိညာဉ် စာတမ်းပါမူများ၊ အစဉ်အလာများနှင့်အညီ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ရရှိသင့်သည့်အခွင့်အရေးကို တောင်းဆိုခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံမှ ညှိနှိုင်းဆောင်ရွက်လိုသော သဘောထားကို ထုတ်ဖော်ပြသခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံနှင့်ကုလသမဂ္ဂ၏ အခြေခံမူများ၊ ပဋိညာဉ် စာတမ်းများကို အစဉ်လေးစားလိုက်နာလျက်ရှိပြီး ဒီမိုကရေစီ၏စံနှုန်းများအား အလေးထားသောနိုင်ငံဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့သို့ ဝင်ရောက်ပြီးသည့် အချိန်ကာလမှစ၍ အာဆီယံပဋိညာဉ်စာတမ်းပါမူများနှင့် လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာခဲ့၍ အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံရေးအခြေအနေအရ မည်သို့ပင်ရှိသည်ဖြစ်စေ တူညီသည့်ဆန္ဒ (၅)ချက်ကို အာဆီယံနှင့် အပြုသဘောဆောင် ပူးပေါင်းလက်တွဲ ဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။     ။

ကြေးမုံ