တူရကီရဲ့ စီးပွားရေးကို ဖျက်ဆီးပစ်မယ်လို့ အမေရိကန်သမ္မတထရမ့် ခြိမ်းခြောက်

 

ခြူးစန္ဒီနွေး

 

ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်တွေကို ရုပ်သိမ်းတော့မယ်ဆိုပြီး အမေရိကန်သမ္မတထရမ့် ကြေညာခဲ့တာလည်း ကြာပါပြီ။ အခုအခါမှာတော့ ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ အမေရိကန်တပ်တွေကို ရုပ်သိမ်းဖို့ကိစ္စဟာ အတည်ဖြစ်လာ ခဲ့ပါတယ်။


ထရမ့်၏ခြိမ်းခြောက်မှု
အမေရိကန် တပ်ဖွဲ့ဝင်တွေမရှိတော့ရင် အဲဒီဒေသမှာရှိတဲ့ ကာ့ဒ် တပ်ဖွဲ့ဝင်တွေကို တူရကီကစစ်ဆင်ရေးဆင်နွှဲဖို့ လွယ်ကူသွားပါပြီ။ ဒါကြောင့်လည်း အမေရိကန်သမ္မတ ထရမ့်က တကယ်လို့များ တူရကီကသာ ဆီးရီးယားနိုင်ငံ အရှေ့ မြောက်ပိုင်းက အမေရိကန်တပ် တွေ ဆုတ်ခွာသွားပြီးတဲ့နောက် သတ်မှတ်ချက်ထက်ကျော်လွန်ပြီး ပြုမူဆောင်ရွက်ခဲ့မယ်ဆိုရင် တူရကီ ရဲ့စီးပွားရေးကို ဖျက်ဆီးပစ်မယ် ဆိုပြီး သမ္မတထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။


ဒေါသတကြီးတုံ့ပြန်
ကာ့ဒ်တပ်ဖွဲ့တွေဟာ ဆီးရီးယားက အိုင်အက်စ်တွေကို တိုက်ထုတ်ရာမှာ အမေရိကန်ရဲ့ အဓိက မဟာမိတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တူရကီကတော့ ကာ့ဒ်တွေကို အကြမ်းဖက်အဖွဲ့အစည်း အဖြစ်သာ သတ်မှတ်ထားခဲ့ပါတယ်။ ကာ့ဒ်တွေကတော့ အမေရိကန်ဟာ သူတို့ကို အခု အချိန်မှာ ထားခဲ့ပြီဆိုပြီး ဒေါသ တကြီး တုံ့ပြန်ကြပါတယ်။ ဒီလိုမျိုး ဝေဖန်မှုတွေများလာတဲ့အခါ သမ္မတ ထရမ့်က သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကာကွယ်ပြောကြား လာတာပါ။ အရှေ့မြောက်ပိုင်းက အမေရိကန် တပ်တွေကို ဆုတ်ခွာလိုက်မယ်ဆိုရင် နယ်စပ်တစ်‌လျှောက်မှာရှိတဲ့ ကာ့ဒ်တွေကို တူရကီကတိုက်ခိုက်ဖို့ လမ်းဖွင့် ပေးလိုက်တာနဲ့ အတူတူပါပဲ။


နောက်ကျောက ဓားနဲ့ထိုး

တပ်တွေ ဆုတ်ခွာတော့မယ် ဆိုတဲ့ အမေရိကန်သမ္မတထရမ့်ရဲ့ဆုံးဖြတ်ချက်ကို ထရမ့်ရဲ့ မဟာ မိတ်တွေဖြစ်ကြတဲ့ ရီပတ်ဘလစ် ကန်တွေကိုယ်တိုင်တောင် ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။ ဆီးရီးယားနယ်စပ်မှာ အမေရိကန် တပ်ဖွဲ့ဝင် ၁၀၀၀ ခန့် တပ်ဖြန့်ချ ထားပါတယ်။ ဒါပေမယ့် အဲဒီထဲက တပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့်ကိုတော့ ပြန်လည်ခေါ်ယူခဲ့ပြီးပြီလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်မြင့်အရာရှိ ကြီးတစ်ဦးက ပြောပါတယ်။ အမေရိကန်ဘက်က တပ်တွေ ဆုတ်ခွာတာဟာဆိုရင် ကာ့ဒ် ဦးဆောင်တဲ့တပ်ဖွဲ့ကို နောက်ကျောကနေ ဓားနဲ့ထိုးတာပဲဖြစ် တယ်လို့ ကာ့ဒ်တွေဘက်က ဒေါသတကြီး တုံ့ပြန်ပါတယ်။ အောက်တိုဘာ ၇ ရက်မှာတော့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာန က စစ်ဆင်ရေးလုပ်ဆောင်ဖို့အတွက် ပြင်ဆင်မှုတွေအားလုံး ပြီးသွားပြီလို့ ပြောခဲ့ပါတယ်။ ဆီးရီးယားနယ်စပ်မှာ လုံခြုံစိတ်ချရတဲ့ ဇုန်တစ်ခု ဖန်တီးပေးတာဟာ ဆီးရီးယား ပြည်သူတို့အတွက် အရေးကြီးတဲ့အရာလို့လည်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ထရမ့်ကတော့ သူ့ရဲ့ဆုံးဖြတ်ချက်ကို အခွင့်ကောင်းမယူဖို့ တူရကီကို သတိပေးခဲ့ပါတယ်။


စီးပွားရေးပိတ်ဆို့မှုတွေ လုပ်နိုင်

နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ပင်တဂွန်ဌာနက အကြီးအကဲတွေရဲ့ အကြံပြုချက်တွေကို သွေဖည်ခဲ့မယ်ဆိုရင် စီးပွားရေးအရ ပိတ်ဆို့မှုတွေနဲ့ကြုံတွေ့ရပြီး တူရကီရဲ့ စီးပွားရေးကို ပြိုလဲသွားအောင် လုပ်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်တုန်းကလည်း တူရကီ ကုန်ပစ္စည်းတချို့ကို အမေရိကန်က အခွန်စည်းကြပ်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ နောက်ပြီးထိပ်ပိုင်း အရာရှိတချို့ကို ပိတ်ဆို့မှုတွေပြုလုပ် ခဲ့တယ်။ ဒါကြောင့်လည်း နေတိုး အဖွဲ့ဝင်နိုင်ငံနှစ်ခုကြား ဆက်ဆံရေးဟာ ဆိုးရွားလာခဲ့ရပါတယ်။


လုံခြုံရေးဇုန် တည်ထောင်ပေးလို

တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်ကတော့ သူဘာကြောင့် နယ်စပ်က ကာ့ဒ်တပ်ဖွဲ့တွေကို ရှင်းပစ်ချင်ရတာလဲဆိုတာ ပြောပြခဲ့ပါတယ်။ လက်ရှိတူရကီမှာ နေထိုင်နေတဲ့ ဆီးရီးယားဒုက္ခသည် ၃ ဒသမ ၆ သန်းကို နယ်စပ်မှာ လုံခြုံစိတ်ချရတဲ့ ဇုန်တည်ထောင်ပေးချင်လို့ ဆိုပြီး အကြောင်းပြခဲ့ပါတယ်။ ဆီးရီးယားမြောက်ပိုင်းမှာ တူရကီက စစ်ဆင်ရေး ဆင်နွှဲမှာကို အမေရိကန် ကာကွယ်ရေးဌာနက ထောက်ခံချက်ပေးမှာ မဟုတ်ဘူးဆိုပြီး ပင်တဂွန် စစ်ဌာနချုပ်ကပြောရေးဆိုခွင့်ရှိသူ ဂျွန်နသန် ဟော့ဖ်မန်းက ပြောပါတယ်။ အစောပိုင်းကာလတုန်းကလည်း သမ္မတထရမ့်က ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ အဆုံးမရှိ စစ်ပွဲ ကနေ ထွက်ခွာသင့်ပြီလို့ ပြောခဲ့ပါ တယ်။ ထရမ့်ရဲ့ဆုံးဖြတ်ချက်ဟာ ပင်တဂွန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနတို့ရဲ့ သဘောထားနဲ့ ကွဲလွဲနေပါတယ်။

 

မီးစိမ်းပြလိုက်တာလား
ဆီးရီးယားက အမေရိကန် တပ်တွေကို ဆုတ်ခွာလိုက်တာဟာ ဆိုရင် တူရကီကျူးကျော်မှုတွေ ပြုလုပ်နိုင်ဖို့ အမေရိကန် မီးစိမ်းပြ လိုက်တာပဲဆိုပြီး ဝေဖန်ကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်တို့ကတော့ အမေရိကန် တပ်တွေ ဆုတ်ခွာတာဟာ အမေရိကန်ရဲ့ မူဝါဒမှာအပြောင်း အလဲလုပ်တာ မဟုတ်ဘူး။ အမေရိကန်တပ်ဖွဲ့တွေရဲ့ လုံခြုံရေး အတွက်သာ ပြုမူရတာဖြစ်တယ်လို့ ပြောပါတယ်။ နောက်ပြီးနယ်စပ် တစ်လျှောက်တူရကီရဲ့ လှုပ်ရှားမှု တွေကိုလည်း အမေရိကန်က ဆန့်ကျင်တယ်လို့ ပြောခဲ့ပါတယ်။ ရီပတ်ဘလစ်ကန် အမတ်တစ်ဦး ဖြစ်တဲ့ မစ်ချ်မက်ကော်နယ် ကတော့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန် ပြစ်တင်ခဲ့သူတစ်ဦးပါ။ ဆီးရီးယားမှ အမေရိကန်တပ်တွေကို ပြန်ခေါ် တာဟာဆိုရင် ရုရှား၊ အီရန်နဲ့ ဆီးရီးယားသမ္မတအာဆတ်ရဲ့ တပ်တွေအတွက် အကျိုးဖြစ်ထွန်းမှုတွေ ရှိလာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။


ဆုံးဖြတ်ချက်ပြင်ရန်လို
နောက်ထပ်ရီပတ်ဘလစ်ကန် အမတ်တစ်ဦးဖြစ်တဲ့ လင်ဆေး ဂရာဟမ်ကတော့ သမ္မတထရမ့်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးလည်း ဖြစ်ပါတယ်။ သူကတော့ သမ္မတ ထရမ့်ရဲ့ အခုဆုံးဖြတ်ချက်ဟာ ကပ်ဘေးကျရောက်မယ့်လှုပ်ရှားမှုလို့ပြောခဲ့ပါတယ်။ လွှတ်တော်မှာ သမ္မတရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်ဖို့နဲ့ ပြန်လည်ပြင်ဆင်ဖို့ တိုက်တွန်း သွားမယ်လို့ ပြောပါတယ်။ အရင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းဖြစ်တဲ့ နီကီဟာ လေကတော့ ကာ့ဒ်တွေဟာ အိုင်အက်စ်တွေကို တိုက်ထုတ်တဲ့ နေရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်။ အခုအချိန် မှာတော့ သူတို့ကို ဖြစ်ချင်ရာဖြစ် ဆိုပြီး ပစ်ထားခဲ့တာဟာ အမှားလုပ်လိုက်တာပဲလို့ ပြောပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက လည်း သမ္မတရဲ့ အန္တရာယ်များ လှတဲ့ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ရမယ်လို့ ပြောခဲ့ပါတယ်။


ဝေဖန်အပြစ်တင်သူများပြား

ကာ့ဒ်တွေ ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ကီနိုဂါဘရီ ရယ်ကတော့ သမ္မတထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ကြားကြားချင်း အံ့အားသင့်သွားတယ်။ ဒါဟာ နောက်ကျောကနေ ဓားနဲ့ထိုးတဲ့ လုပ်ရပ်ပါလို့ အာရပ် ရုပ်သံဖြစ်တဲ့ အယ်ဟာဒတ်မှာ ဖြေကြားသွားခဲ့ပါတယ်။ သမ္မတထရမ့်ရဲ့ ဆုံးဖြတ်ချက်ကတော့ အောက်တိုဘာ ၆ ရက် နှောင်းပိုင်းမှာ တူရကီသမ္မတ အာဒိုဂန်နဲ့ ဖုန်းပြောပြီးနောက် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်တယ်။ လွန်ခဲ့တဲ့ဒီဇင်ဘာလက လည်း အမေရိကန်တပ်တွေ ဆီးရီးယားကနေ လျင်လျင်မြန်မြန် နဲ့ ထွက်ခွာသွားတော့မယ်လို့ ထရမ့် ကြေညာခဲ့တုန်းကလည်း ဝေဖန်ပြစ်တင်မှုတွေ တသီတတန်းကြီး ထွက်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ် နုတ်ထွက်သွားတာနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

 

အခုတစ်ခါမှာလည်း သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ပြစ်တင်သူတွေ များပါတယ်။ သူ့ရဲ့ အရင်းနှီးဆုံး ရီပတ်ဘလစ်ကန် တွေတောင် ထရမ့်ကို ဝေဖန်ကြပါတယ်။ ဒါကြောင့်လည်း ထရမ့်က သူ့အပေါ် ဝေဖန်မှုတွေကို လျော့ပါးသွားစေဖို့ တူရကီဘက်က လွန်လွန်ကဲကဲတွေ လုပ်လာရင် စီးပွားရေးအရ ပြိုလဲသွားအောင်လုပ်မယ်လို့ ပြန်လည်ခြိမ်းခြောက် လိုက်တာလို့ ယူဆလို့ ရပါတယ်။

ကိုးကား -ဘီဘီစီ