တူရကီသမ္မတ၏ လုံခြုံစိတ်ချရသော ကြားခံနယ်မြေတည်ဆောက်ရေး အောင်မြင်ပါ့မလား

ခြူးစန္ဒီနွေး

 

တူရကီဟာ ရှစ်နှစ်နီးပါးကြာ ဆီးရီးယားက ဒုက္ခသည်တွေကို ကြည်ကြည်ဖြူဖြူ လက်ခံခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သူ့ရဲ့ အပြုအမူတွေဟာ ပြောင်းပြန်ဖြစ်နေပါပြီ။ မကြာသေးခင် သီတင်းပတ်များအတွင်း တူရကီမြို့ ကြီးတွေမှာနေထိုင်ကြတဲ့ ဆီးရီးယားဒုက္ခသည် ထောင်ပေါင်းများစွာကို ဆီးရီးယားကို ပြန်ကြဖို့ ဖိအားပေး လုပ်ဆောင်လာပါတယ်။ သူတို့ကို ဘတ်စ်ကားတွေ၊ ရဲကားတွေခြံရံပြီး ဆီးရီးယားနယ်စပ်ကို ပို့ဆောင်နေပါတယ်။

ဖိအားပေးလုပ်ဆောင်
အမေရိကန်ပြည်ထောင်စုနှင့် ကာ့ဒ်တွေ ထိန်းချုပ်ထားတဲ့ ဆီးရီးယားနယ်မြေတွေမှာ ဆီးရီးယားဒုက္ခသည်တွေ အခြေချ နေထိုင်ဖို့ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်က ဖိအားပေး လုပ်ဆောင်နေတာပါ။ ဒီလိုလုပ်ဆောင်ခွင့် မပြုဘူးဆိုရင် ဆီးရီးယားဒုက္ခသည် ထောင်ပေါင်းများစွာကို ဥရောပကိုသွားနိုင်ဖို့ လမ်းဖွင့်ပေးလိုက်မယ်ဆိုပြီး အာဒိုဂန်က ခြိမ်းခြောက်ခဲ့ ပါတယ်။ မစ္စတာ အာဒိုဂန်ဟာ ကာ့ဒ်တပ်ဖွဲ့ဝင်တွေကို ထိန်းချုပ်ဖို့အတွက် တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ လုံခြုံစိတ်ချရတဲ့ ကြားခံနယ်မြေတစ်ခု တည်ထောင်ပေးဖို့ ကာလရှည်ကြာ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း စစ်ဘေးကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အဲဒီကြာခံနယ်မြေမှာထားဖို့ အာဒိုဂန်ရဲ့ အစီအစဉ်ဟာ အကောင်အထည်ပေါ် မလာပါဘူး။ ဒါ့အပြင် ဆီးရီးယားက တိုက်ပွဲတွေကြောင့် တူရကီကိုထွက်ပြေးလာတဲ့ ဆီးရီးယား ဒုက္ခသည် အရေအတွက် ဟာလည်း များသထက် များလာပါတယ်။

မြို့သစ်တည်ဆောက်မယ်
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ လုံခြုံစိတ်ချရတဲ့ ကြားခံနယ်မြေမှာ ဆီးရီးယားညီအစ်ကို မောင်နှမတွေကို ထားဖို့ပါပဲ” လို့ မစ္စတာ အာဒိုဂန်က ပြောပါတယ်။ မိတ်ဆွေတွေရဲ့ အကူအညီကိုရယူပြီး ဒီနေရာမှာ လုံခြုံစိတ်ချရတဲ့ ကြားခံနယ်မြေမှာ ဆီးရီးယားက ညီအစ်ကိုမောင်နှမတွေ နေထိုင်နိုင်မယ့် မြို့သစ်တွေ တည်ဆောက်ပေးဖို့ အသင့်ပါပဲလို့ အာဒိုဂန်က ပြောကြားခဲ့ပါတယ်။ ဆီးရီးယားစစ်ပွဲမှာ ပါဝင်ကြတဲ့ အင်အားကြီးနိုင်ငံတွေကတော့ အာဒိုဂန်ရဲ့ အစီအစဉ်ကို သဘောမတွေ့ ကြပါဘူး။ ဒါကြောင့်လည်း အာဒိုဂန်က ခြိမ်းခြောက်စကား ဆိုခဲ့တာပါ။ တကယ်တမ်းကျတော့ တူရကီဟာ ဒုက္ခသည်တွေ ဥရောပကို မသွားနိုင်အောင် ကြားထဲက ထိန်းသိမ်းပေးထားတဲ့သဘောမှာ ရှိပါတယ်။

ခြိမ်းခြောက်စကားဆို
တကယ်လို့များ သူ့ရဲ့အစီအစဉ်ကို သဘောမတူဘူးဆိုရင် ဆီးရီးယားဒုက္ခသည်တွေ ဥရောပကို ဦးတည်သွားကြဖို့ လမ်းဖွင့် ပေးလိုက်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာပါ။

တကယ်လို့များ တူရကီကသာ ဒုက္ခသည်တွေကို လမ်းဖွင့်ပေးလိုက်မယ်ဆိုရင် ၂၀၁၅ တုန်း ကလိုမျိုး ဥရောပကို ဒုက္ခသည်တွေ အလုံးလိုက် အရင်းလိုက် ဝင်ရောက်လာမယ့် အန္တရာယ်ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဥရောပကို လှိမ့်ဝင်လာမယ့် ဒုက္ခသည်တွေကို တားဆီးပေးဖို့အတွက် ဥရောပ သမဂ္ဂကနေ တူရကီကို အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ သန်းခန့် အကူအညီ ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း တူရကီကတော့ ဆီးရီးယားဒုက္ခသည် ၃ ဒသမ ၆ သန်းခန့်အတွက်သာ နေရာထိုင်ခင်းပေးခဲ့ပြီး ဒုက္ခသည်တွေကို လက်ခံထားရတဲ့ ပြဿနာဟာ တဖြည်းဖြည်းပြီးတော့ ဆိုးရွားလာတယ်လို့ အကြောင်းပြခဲ့ပါတယ်။ ဒါကြောင့်လည်း နယ်စပ်မှာ လုံခြုံစိတ်ချရတဲ့ နယ်မြေတစ်ခု မတည်ထောင်နိုင်သေးသရွေ့ ဒီဒုက္ခကို ကျော်လွှားနိုင်မှာ မဟုတ်ဘူးလို့ အာဒိုဂန်က ပြောပါတယ်။ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ လှေစီးပြီး ဥရောပကို ဝင်ရောက်ဖို့ကြိုးစားကြတယ်ဆိုပြီး တူရကီနဲ့ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

နှိမ်နင်းမှုတွေပြုလုပ်လာ
ရဲတွေရဲ့ ဖြိုခွင်းနှိမ်နင်းမှုကို ခံရပြီးတဲ့နောက် ဆီးရီးယား ဒုက္ခသည်တွေဟာ အစ္စတန်ဘူလ်မြို့ကနေ ထွက်ခွာလာကြတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကဆိုရင် ဂရိကျွန်းဖြစ်တဲ့ လက်စ်ဘိုကျွန်းကို ဒုက္ခသည် ၅၀ဝ လောက် ရောက်ရှိလာခဲ့ပါတယ်။ တူရကီ အာဏာပိုင်တွေဟာ အထောက်အထားမဲ့ နေထိုင်နေတဲ့ ဆီးရီးယားတွေ၊ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ ဆီးရီးယား တွေကို နှိမ်နင်းမှုတွေ ပြုလုပ်လာတယ်။ ဒဏ်တပ်တာတွေ၊ စက်ရုံ၊ အလုပ်ရုံတွေကို ဖိအားပေးပိတ်ခိုင်းတာမျိုးတွေ လုပ်ဆောင်လာပါတယ်။ အစိုးရကိုထောက်ခံတဲ့ မီဒီယာတွေမှာလည်း ဆီးရီးယားဒုက္ခသည်တွေကို ဝေဖန်တာတွေ ရေးသားလာတယ်။ ဆီးရီးယားတွေ ငှားရမ်းနေထိုင်မှု များလာတဲ့အတွက် အိမ်ငှားခတွေလည်း မြင့်တက်လာတယ်၊ နောက်ပြီး လူမှုကွန်ရက်မီဒီယာ တွေမှာလည်း ဆီးရီးယားဒုက္ခသည်တွေကို ဆန့်ကျင်တဲ့အကြောင်း ရေးသားထားတာတွေ များသထက် များလာပါတယ်။

မူဝါဒအပြောင်းအလဲကြောင့် အထိနာ
မစ္စတာ အာဒိုဂန်ရဲ့ ပါတီဝင်တွေဖြစ်ကြတဲ့ ဒေသခံအရာရှိတွေဟာ အစိုးရက ဒုက္ခသည်တွေကို နယ်နှင်ဒဏ်ပေး နေတယ်ဆိုတာကို ငြင်းဆိုကြ ပါတယ်။ ဒါပေမယ့် ဆီးရီးယားဒုက္ခသည်တွေကို နှိမ်နင်းတာကိုတော့ ထောက်ခံကြပါတယ်။ ဆီးရီး ယားတွေဟာ ဥပဒေဘောင်အတွင်းမှာသာ နေထိုင်သင့်တယ်ဆိုပြီး အကြောင်းပြကြပါတယ်။ တစ်ပတ်မှာ ဆီးရီးယားအယောက် ၁၀ဝ ခန့် နေရပ်ပြန်ဖို့ အတွက် မြူနီစီပယ်က ဘတ်စ်ကားတွေ ထောက်ပံ့ ပေးထားပါတယ်လို့ ခရိုင် ပြောရေးဆိုခွင့်ရှိသူ ဖက်တီ ယူမက်ဇ်က ပြောပါတယ်။ စက်ရုံပိုင်ရှင်တွေက အလုပ်သမားထု အင်အားလျော့ကျတော့မှာပဲလို့ ညည်းညူနေတာတောင် တူရကီနိုင်ငံသားတွေ အတွက်ကတော့ ဒါဟာ ကျေနပ်စရာကောင်းတဲ့ အရာပဲလို့ သူက ဆက်ပြော ပါတယ်။ တူရကီမှာ နေထိုင်ကြတဲ့ ဆီးရီးယားတွေအတွက်ကတော့ သဘောထားတွေ၊ မူဝါဒတွေ ပြောင်းလဲမှုကြောင့် အထိနာရပါတယ်။

ပေးဆောင်ဖို့ မတတ်နိုင်
ဒါဟာ ဆီးရီးယားတွေ အတွက်တော့ ဘေးအန္တရာယ်ဆိုးတစ်ခုပဲလို့ အစိုးရမဟုတ်တဲ့အဖွဲ့ အစည်းက တက်ကြွလှုပ်ရှားသူ မိုဟာနက် ဂါဘတ်ရှ် က ပြောပါတယ်။ ဆီးရီးယား အလုပ်သမားတွေမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းတွေ လိုအပ်သလို လူမှုလုံခြုံရေးအတွက်လည်း ပိုက်ဆံ ပေးဆောင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည် အများစုကတော့ ဒီလိုမျိုး အပိုပေးဆောင်ရတာတွေအတွက် မတတ်နိုင်ဘူးလို့ ပြောပါတယ်။ တကယ်လို့ သူတို့ ပေးဆောင်နိုင်ရင်တောင် နောက်ထပ် ဖိအားပေးပြီး တောင်းခံထားတာမျိုးတွေ ထပ်ဖြစ်လာမှာကို ကြောက်ကြပါတယ်။ ရဲအရာရှိ တွေကလည်း ဆီးရီးယားအများစု ဖွင့်လှစ်ထားတဲ့ စတိုးဆိုင်၊ အိမ်ဆိုင်တွေရှိရာ လမ်းထဲကိုလာပြီး အာရေဗျဘာသာစကားနဲ့ ရေးသား ထားတာတွေကို ဖယ်ခိုင်းပါတယ်။ မဖယ်ဘူးဆိုရင် ဒဏ်တပ်တာ၊ တရားဥပဒေအရ အရေးယူတာတွေ ပြုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဆီးရီးယားတွေဟာ အာရေဗျ ဘာသာစကားနဲ့ ရေးသားထားတာတွေကို ဆေးသုတ်ပြီး ဖျက်ရပါတယ်။ ဒီအတွက်လည်း ပိုက်ဆံကုန်ကျတဲ့အတွက် ဆီးရီးယားတချို့က မကျေနပ်ကြပါဘူး။

အချိုးကျပိုင်ဆိုင်
အခုဆိုရင် ဂါဇီအန်တပ်မြို့မှာ ဆီးရီးယား လူဦးရေဟာ ၂၀ ရာခိုင်နှုန်းအထိရှိလာပါတယ်။ ရင်းနှီးမြှုပ်နှံမှုများလာတယ်။ စီးပွားရေးလုပ်ငန်းတွေ များလာတယ်။ နောက်ပြီး အလုပ်သမားတွေကိုလည်း ဈေးပေါပေါနဲ့ရလာတယ်။ အလုပ်သမား အများစုကတော့ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့က လာရောက်ကြသူတွေပါ။ ဆီးရီးယားနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်ပါတယ်။ အခု ဂါဇီအန်တပ်မြို့မှာ ချည်မျှင်စက်ရုံတည်ပြီး စက်ရုံအဆောက်အအုံနဲ့ အလုပ်သမားတွေကို ဆီးရီးယားနဲ့ တူရကီကုမ္ပဏီတွေက အချိုးကျ ပိုင်ဆိုင်ပါတယ်။ လုံခြုံစိတ်ချရတဲ့ ကြားခံနယ်မြေ တည်ထောင်ဖို့နဲ့ ပတ်သက်ပြီးတော့ ဆီးရီးယားဒုက္ခသည်တွေကြားမှာ သတိထားမှုတွေ ရှိလာပါတယ်။

ဒုက္ခသည်များ၏ သဘောထား
တချို့ကလည်း ဆီးရီးယားနယ်မြေကို တူရကီက ကျူးကျော်တာပဲဆိုပြီး အဲဒီအစီအစဉ်ကို ဆန့်ကျင်ကြပါတယ်။ တချို့က ကျပြန်တော့လည်း တူရကီကို အကောင်းဆုံး မဟာမိတ်အဖြစ်မြင်ပြီး တူရကီထိန်းချုပ်ထားတဲ့ လုံခြုံစိတ်ချရရေးကြားခံ နယ်မြေဟာ ဆီးရီးယားအစိုးရနဲ့ ကာ့ဒ်တပ်ဖွဲ့တွေ ထိန်းချုပ်တာထက်ပိုပြီး ပြည့်စုံလိမ့်မယ်လို့ ယူဆကြသူတွေလည်း ရှိပါတယ်။ တစ်နေရာကနေ တစ်နေရာကို ရွှေ့ပြောင်းနေရတဲ့ ဆီးရီးယားဒုက္ခသည်တွေကတော့ အမိမြေကို တမ်းတမိမှာလည်း အသေအချာပါပဲ။     ။
ကိုးကား- နယူးယောက်တိုင်းမ်