ဥပ‌ဒေအတွေး ရေးပါရစေ အပိုင်း(၂၁၉)

မေ ၁၃

 

COVID-19 နှင့် ဥပဒေလိုက်နာရေး

========================

 

COVID-19

 

COVID-19 ကူးစက်ရောဂါဖြစ်ပေါ်နေချိန်ကာလအတွင်း မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် ပြဋ္ဌာန်းဥပဒေများ လိုက်နာရေး၊ အမိန့်ညွှန်ကြား ချက်များလိုက်နာရေး၊ စည်းလုံးညီညွတ်ရေး၊ နိုင်ငံတကာအမြင်ကြည်လင်ရေး၊ တိုင်းရင်းသားအချင်းချင်း ကူညီဆောင်ရွက်ရေးများ လက်တွေ့ကျင့်သုံး ဆောင်ရွက်နေကြပါပြီ။ စည်းလုံးညီညွတ်သည်နှင့်အမျှ ရောဂါအန္တရာယ် ဘေးမှ ကင်းဝေးကြမည်လည်း ဖြစ်ပါသည်။

 

ဥပဒေများလိုက်နာရေး

 

ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေကိုအခြေခံပြီး COVID-19 အကြောင်း ဆွေးနွေးခြင်း၊ တွန်းလှန်ခြင်း၊ နည်းမျိုးစုံဖြင့် ကာကွယ်ခြင်းများပြုလုပ်လျက်ရှိပေသည်။ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနအသီးသီးသည် ပြည်သူတို့နှင့် အတူ ဘက်ပေါင်းစုံမှ တွန်းလှန်ကာကွယ်တိုက်ဖျက်နေချိန်လည်း ဖြစ်ပေသည်။

 

၁၆၄ နိုင်ငံ

 

လေ့လာသိရှိရသမျှ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၆၄ နိုင်ငံသည် ရောဂါ ကပ်ဆိုးကြီးကို ရင်ဆိုင်ကျော်လွှားလျက်ရှိသည်။ လူပေါင်း နှစ်သိန်းကျော် ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရသည်။ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြသည်။

 

UNODC

 

မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ၏ အဆိုအရ တစ်ကမ္ဘာလုံးတွင် ဆေးဝါးများနှင့် ဆေးပစ္စည်းကိရိယာများ ဝယ်ယူရေးအတွက် သုံးစွဲသောငွေများအားလုံး၏ ၁၀ မှ ၂၅ ရာခိုင်နှုန်းသည် အဂတိလိုက်စားမှုကြောင့် ဆုံးရှုံးရကြောင်း သိရှိရပါသည်။

 

ဈေးတင်ရောင်းချ

 

ကမ္ဘာတစ်ဝန်းတွင် ဆေးဝါးများရှားပါးပြတ်လပ်သည်။ ကူညီကြရမည့် အစား ရောဂါအန္တရာယ်ကိုအခြေပြု၍ ဈေးတင်ရောင်းချကြသည်။ အလုပ်သမားများ အလုပ်မဆင်းနိုင်သည့်အခြေအနေတွင် ငွေကြေးအခက်အခဲ ပိုမိုဖြစ်ပွားစေသည်။ အကျိုးအမြတ်တစ်ခုတည်း‌ရှေ့တန်းတင်၍ စီးပွားရှာသူ များအား ဝိုင်းပယ်ဖို့ လိုအပ်လာပေသည်။

 

အဂတိလိုက်စားမှု

 

‘‘ တစ်ပူပေါ်နှစ်ပူဆင့်’’ ဆိုသော စကားနှင့်အညီ ကမ္ဘာ့ကပ်ရောဂါ ဆိုက်ကပ်နေချိန်တွင် ကျန်းမာရေးဆိုင်ရာအကူအညီများ ပေးရမည့်အစား ဝိသမလောဘဇောကြောင့် မိမိကိုယ်ကျိုးတစ်ခုတည်းကြည့်၍ စီးပွားရှာခြင်း မျိုးကို ဥပဒေကြောင်းအရ ကာကွယ်တိုက်ဖျက်ကြရမည်ဖြစ်ပေသည်။ ကိုယ်ကျိုးရှာမှုတွင် အဂတိလိုက်စားမှုက ကပ်ပါလာစမြဲဖြစ်သည်နှင့်အညီ ဥပဒေအမိန့်ညွှန်ကြားချက်များအရ အရေးယူဆောင်ရွက်ကြရပေသည်။

 

(၁) ထုတ်ပြန်ထားသော ညွှန်ကြားချက်များ တိတိကျကျလိုက်နာပါ

 

ဥပဒေများကိုလိုက်နာရန် အသိပေးကြေညာချက်ကိုထုတ်ပြန်ထားပြီးဖြစ်သည်။ ပထမအချက်အနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိတိကျကျလိုက်နာရေးဖြစ်သည်။ ဥပမာ- အိမ်ထဲမှာနေခြင်းဖြစ်သည်။

 

(၂) အများပြည်သူအထိတ်တလန့်ဖြစ်စေမည့် မဟုတ်မမှန်သတင်းများလွှင့်ခြင်း မပြုလုပ်ပါနှင့်

 

ကောင်းကျိုးမပေးသည့်အပြင် ဆိုးကျိုးဖြစ်စေမည့် အများပြည်သူ အတိတ်တလန့်ဖြစ်စေသော မဟုတ်မမှန်သတင်းများ လွှင့်တတ်ကြသည်။ ဘယ်သူ့ဘယ်သူမှ အကျိုးမရှိ။ ပြည်သူအများကိုလည်း ထိခိုက်သည်။ ဤလုပ်ရပ်ကို ကာကွယ်တားဆီးရမည်။ မလိုက်နာလျှင် ဥပဒေအရ အရေးယူ ရမည်ဖြစ်ပေသည်။

 

(၃) ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားခြင်းမပြုသင့်

 

အရေးကြီးကုန်ပစ္စည်းများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့် ရောဂါ ကာကွယ်၊ ထိန်းချုပ်။ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း စသည်တို့ကို မပြုလုပ်ကြရန် နှိုးဆော်တိုက်တွန်းထားပေသည်။

 

အသွားအလာတားမြစ်ပိတ်ပင်

 

အိမ်မှာနေပါ၊ အသွားအလာမပြုရ တားမြစ်ပိတ်ပင်ထားသည်။ ဤအချက်ကို ဘာ့ကြောင့်လိုက်နာစေချင်ပါသလဲ။

 

ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေ၊ အခန်း(၇) ပုဒ်မ ၁၄ အရ တားမြစ်ထားခြင်းဖြစ်ပါသည်။ ဥပဒေပြဋ္ဌာန်းချက်ကြောင့် တားမြစ် ထားရခြင်းသာဖြစ်ပါသည်။ ဥပဒေပြဋ္ဌာန်းရသည့် ရည်ရွယ်ချက်မှာလည်း အများပြည်သူ၏ ကျန်းမာရေးအတွက် အကာအကွယ်ပေးလိုသည့် စေတနာ ပေါ်လွင်ထင်ရှားပြီးဖြစ်ပါသည်။

 

ကျန်းမာရေးဝန်ကြီးဌာန

 

ကျန်းမာရေးဝန်ကြီးဌာနသည် ပြဋ္ဌာန်းဥပဒေနှင့်အညီ တားမြစ်ပိတ်ပင် ထားမှုများ ပြုရပါသည်။

 

(က) အဓိကကူးစက်မြန်ရောဂါဖြစ်ပွားနေသူအား နေအိမ်မှထွက်ခွာ သွားလာခွင့်

(ခ) အဓိကကူးစက်ရောဂါဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ သို့မဟုတ် မြို့နယ်အတွင်းရှိသူများကို ပြင်ပသို့ ထွက်ခွာသွား လာခွင့်

(ဂ) ပြင်ပလူများအား အဓိကကူးစက်မြန်ရောဂါဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ သို့မဟုတ် မြို့နယ်အတွင်းသို့ ဝင်ရောက်ခွင့်

(ဃ) မီးရထား၊ မော်တော်ယာဉ်၊ လေယာဉ်၊ ရေယာဉ် သို့မဟုတ် အခြားယာဉ်တစ်မျိုးဖြင့် ရောက်ရှိလာသူများအနက် အဓိကကူးစက်မြန်ရောဂါဖြစ်ပွားနေသူပါရှိလာပါက ယင်းရောဂါဖြစ်ပွား နေသူအား ကျန်းမာရေးစစ်ဆေးရန်အလို့ငှာ သီးခြားထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်သောအချိန်အထိ ပြင်ပသို့ထွက်ခွာ သွားလာခွင့်

(င) ပွဲလမ်းသဘင်ကျင်းပနေစဉ် အဓိကကူးစက်မြန်ရောဂါဖြစ်ပွား လာပါက အများပြည်သူတို့အား ပွဲလမ်းသဘင် ကျင်းပရာနေရာ သို့ သွားလာခွင့်နှင့် ပွဲလမ်းသဘင်ကို ဆက်လက်ကျင်းပခွင့်

(စ) ကူးစက်မြန်ရောဂါဖြစ်သည်ဟု သံသယရှိသည့် တိရစ္ဆာန် သို့မဟုတ် ယင်းတိရစ္ဆာန်ထွက်ပစ္စည်းသယ်ဆောင်လာသောယာဉ်အား ဝင်ထွက်သွားလာခွင့် (၂၀၁၁ ပြင်ဆက်ချက်ဥပဒေ)

 

ထပ်တလဲလဲ

 

အထက်ပါဥပဒေပုဒ်မ၊ တားမြစ်ပိတ်ပင်မှု၊ ဥပဒေပြဋ္ဌာန်းချက်များ အကြောင်းကို ဘာ့ကြောင့်ထပ်တလဲလဲရေးနေ၊ ပြောနေရပါသလဲ။ သိပြီးသား၊ နားလည်ပြီးသားတွေကို ဘာ့ကြောင့်ဆွေးနွေး ပညာပေးနေရသလဲ၊ အများ နားလည်ကြပါမည်။ သဘောပေါက်ကြပါမည်။

 

အချို့အရေးယူခံရ

 

သတင်းစာ၊ ဂျာနယ်၊ မီဒီယာများတွင် ဥပဒေများချိုးဖောက်သဖြင့် အချို့ အရေးယူခံရသည်။ ပြစ်ဒဏ်ကျခံကြရသည်။ ပညာပေးသော်လည်း လက်မခံ။ ငြင်းဆန်ကြသည်။ အမှန်ကိုမမြင်။ ဥပဒေကို မမြင်။ နည်းဥပဒေကို မသိ။ သို့ဖြစ်၍ အရေးယူခံရ၏။ ပြစ်ဒဏ်ကျခံကြရသည်။

 

ဥပဒေကိုမသိ၍ဟု ထုချေခြင်း

 

‘‘ ဥပဒေကိုမသိ၍ ပြစ်မှုကျူးလွန်မိပါသည်’’ ဟု ထုချေခြင်းကို ခွင့်မလွှတ် ပါ။ ထို့ကြောင့် ဥပဒေကိုသိအောင်၊ နားလည်အောင်ဖြန့်ဖြူးသူက ဖြန့်ဖြူး၊ လိုက်နာသူကလိုက်နာ ဆောင်ရွက်ရမည်သာပါ။

 

ဥပဒေပညာရှင်များ၏ အခန်းကဏ္ဍ

 

COVID-19 ကာလတွင် အများပြည်သူအကျိုး၊ စေတနာ့ဝန်ထမ်း လုပ်အားပေးစီမံချက်များ၊ လုပ်ငန်းများ၊ ဖြစ်စဉ်များ လွန်စွာများပြားလှပါသည်။ ဥပဒေပညာရှင်များ၏ အခန်းကဏ္ဍပါဝင်သင့်ပါသည်။ မိမိတတ်သည့်ပညာဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီပြီး တည်ဆဲဥပဒေများအကြောင်း ဟောပြောခြင်း၊ ဆွေးနွေးခြင်း၊ အသိပညာပေးဖလှယ်ခြင်းများ ဆောင်ရွက်သင့် ပါသည်။

 

လေ့လာဖတ်ရှုရန်

 

COVID-19 ကာလတွင်-

(၁) ကူးစက်မြန်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ

(၂) ရာဇသတ်ကြီး

(၃) ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ

(၄) ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေများကိုပါ ဆက်စပ်လေ့လာ စေချင်ပါသည်။

 

ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ

 

ယနေ့ COVID- 19 ကာလတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်၊ ညွှန်ကြားချက်များ၊ လိုက်နာရမည့် နိုင်ငံတကာစံနှုန်းများကို အများပြည်သူသိရှိ လေ့လာနိုင်ရန် အသိပညာပေးအစီအစဉ်တစ်ရပ်ကို ဆောင်ရွက်နေပါသည်။ Online တွင် Acc Myanmar Facebook Page မှ Acc against COVID-19 ခေါင်းစဉ်ဖြင့် သတင်းအချက်အလက်များပေါင်းစု၍ ရှင်းလင်းတင်ပြလျက်ရှိပါသည်။

 

စေတနာ

 

COVID-19 ကာလတွင် အခက်အခဲများဖြတ်ကျော်နိုင်ရေး၊ ဥပဒေ ဗဟုသုတအတွေးအခေါ် အသိအမြင်ကြွယ်ဝရေးအကြောင်း တွေးခေါ်မိသော ကျွန်တော်၏ စေတနာဥပဒေ အတွေးမျှသာပါ......။

 

ဦးဟန်ညွန့် (ဥပဒေ)