ဥပ‌ဒေအတွေး ရေးပါရစေ အပိုင်း(၂၂၂)

 

 

အားပေးကူညီမှုအကြောင်း သိကောင်းစရာ


 

ဦးဟန်ညွန့် (ဥပဒေ)

 

အကြံတူ

အကြံတူ ရှိ၊ မရှိ ပြဿနာအကြောင်း ပြီးခဲ့သည့်အပတ်က ရေးခဲ့ပါပြီ။ ဆက်စပ်နေသော အားပေးကူညီမှုအကြောင်းကို ဆက်လက်ရေးသား တင်ပြပါရစေ။

အားပေးကူညီမှုဆိုတာ ဘာလဲ

ရာဇသတ်ကြီးအခန်း(၅) မှာ အားပေးကူညီမှု (Abetment) အကြောင်း ဖော်ပြ ပြဋ္ဌာန်းထားပါသည်။ အားပေးကူညီခြင်း အဓိပ္ပာယ်ကို ရာဇသတ်ကြီး ပုဒ်မ ၁၀၇ တွင် ရှင်းလင်းထားပါသည်။

ပထမ ။ တစ်ဦးတစ်ယောက်သောသူအား ထိုအရာကိုပြုစေရန် လှုံ့ဆော်ခြင်း

ဒုတိယ။ အခြားသူတစ်ဦးနှင့်ဖြစ်စေ၊ အများနှင့်ဖြစ်စေ ပူးပေါင်းကြံစည်သည့်

အတိုင်းလည်းဖြစ်၍ ပြုလုပ်မှုတစ်ခုကို ဥပဒေနှင့်မညီ ပျက်ကွက်မှု

တစ်ခုသော်လည်းကောင်း ပူးပေါင်းကြံစည်ခြင်း

တတိယ။ ပြုလုပ်မှုဖြင့်သော်လည်းကောင်း၊ ဥပဒေနှင့်မညီ ပျက်ကွက်မှုဖြင့်

သော်လည်းကောင်း ထိုအရာပြုခြင်းကို တမင်ကူပံ့ခြင်း

အနက်အဓိပ္ပာယ်

‘‘အားပေးကူညီခြင်း” သို့မဟုတ် “အားပေးအားမြှောက်ပြုခြင်း’’ ဆိုသော စကားရပ်တွင် ပြစ်မှုတစ်ခုခုကို ကျူးလွန်စေရန် တစ်ဦးတစ်ယောက်သော သူအား လှုံ့ဆော်ခြင်း သို့မဟုတ် ကူညီထောက်ပံ့ခြင်း သို့မဟုတ် ပြစ်မှုတစ်စုံ တစ်ရာကျူးလွန်ရန် အခြားသူတစ်ဦးနှင့် ပူးပေါင်းကြံစည်ခြင်းပါဝင်သည်ဟု ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၅(က) (၂၃) တွင် ဖော်ပြသည်။

ရှေ့နေများနေ့စဉ်ကြုံတွေ့

အားပေးကူညီမှုများအကြောင်းကို ရှေ့နေကြီးများ နေ့စဉ်ကြုံတွေ့ရစမြဲ ဖြစ်ပါသည်။ ရာဇဝတ်မှုလိုက်ပါဆောင်ရွက်ဖူးသော ရှေ့နေရှေ့ရပ်တိုင်းသည် ရာဇသတ်ကြီးပုဒ်မ ၃၄ နှင့် ၁၁၄ ကို နေ့စဉ်လိုလိုတွေ့ကြုံရ၊ ရှင်းလင်းရ၊ လျှောက်လဲရ စမြဲဖြစ်ပါသည်။ ရေပန်းစားသော မှုခင်းဖြစ်စဉ်များအဖြစ်လည်း သဘောထားတတ်ကြပါသည်။

သတိမမူ ဂူမမြင်

‘‘သတိမမူ ဂူမမြင်’’ ဆိုသကဲ့သို့ လွယ်လွယ်ကူကူအမှု ဟုဆိုကာ ပညာရှိ သတိဖြစ်ခဲတတ်ကြပါသည်။ သို့ဖြစ်၍ အိမ်မှာနေရင်း (Stay Home) ကာလ တွင် အားပေးကူညီမှုအကြောင်း ပြန်ပြောင်းလေ့လာကာ မမှားမယွင်းရအောင်၊ အယူအဆ မတိမ်းစောင်းရအောင် တရားရုံးကို ကူညီရာရောက်အောင် ကြံဆောင် ကြိုးပမ်းသင့်ကြပါသည်။

မောင်ပျင်းရိတို့အဖွဲ့

မောင်ပျင်းရိတို့ လူငယ်ရှေ့နေများအဖွဲ့အနေဖြင့်လည်း ရှေ့နေလူငယ် အပေါင်း အပြန်အလှန်ဆွေးနွေးစေချင်ပါသည်။ ခေတ်မီသစ်လွင်သော ဥပဒေ အယူအဆများ၊ စီရင်ထုံးအသစ်များ၊ စီရင်ချက်အသစ်များ ဥပဒေဗဟုသုတများ စုဆောင်း စေချင်ပါသည်။ ရှာဖွေသုတေသနပြု စေချင်ပါသည်။ ဤကား ကျွန်တော်၏ စေတနာဥပဒေအတွေး ဖြစ်ပါသည်။

မှတ်စရာ

ရာဇသတ်ကြီးပုဒ်မ ၁၁၄ တစ်ခုတည်းကွက်၍ မဖတ်သင့်ပါ။ ဆက်စပ် ပတ်သက်နေသော ပုဒ်မများအားလုံး ဖတ်ရှုလေ့လာသင့်ပါသည်။ ရာဇသတ် ကြီးပုဒ်မ ၁၀၇၊ ၁၀၈၊ ၁၀၉၊ ၁၁၀၊ ၁၁၁၊ ၁၁၂၊ ၁၁၃၊ ၁၁၅၊ ၁၁၆၊ ၁၁၇ တို့သည် အားပေးကူညီမှုနှင့် ဆက်နွှယ်ဆက်စပ်နေသော ပုဒ်မများဖြစ်ပါသည်။ တစ်ခု မဟုတ်တစ်ခုအကြောင်း (အားပေးကူညီခြင်း) အကြောင်း ပြဋ္ဌာန်းထားသော ပုဒ်မများဖြစ်ပါသည်။ ဥပမာများနှင့်တကွ ရာဇသတ်ကြီး ကျင့်ထုံးပြဋ္ဌာန်းချက် များနှင့်ပါ ပူးပေါင်းဆက်စပ် လေ့လာသင့်ပါသည်။

စီရင်ထုံးအချို့

အများပြည်သူဆိုင်ရာလမ်း၌ ကြက်တိုက်ပွဲတွင်ပါဝင်ခြင်း၊ အားပေးခြင်း မရှိဘဲ ကြည့်နေသူအား လောင်းကစား အက်ဥပ‌ဒေအရ အားပေးကူညီသည်ဟု မမှတ်ယူသင့်ကြောင်း စီရင်ထုံးတစ်စောင်က ထောက်ပြပါသည်။

အဓိကပြစ်မှုကျူးလွန်သူ တရားခံမရှိဘဲလျက် သူတစ်ဦးကို အားပေးကူညီ သူအဖြစ် အပြစ်မပေးနိုင်ကြောင်းကိုလည်း စီရင်ထုံးများက ဖော်ပြညွှန်းဆိုဖူး ပါသည်။

လှုံ့ဆော်အားပေးခြင်းကို ကိုယ်တိုင်သာမက အခြားသူမှတစ်ဆင့် ပြုလုပ် လျှင်လည်း အားပေးကူညီမှုမြောက်ကြောင်း လေ့လာရရှိပါသည်။

အားပေးကူညီမှုမြောက်ဖို့ လှုံ့ဆော်မှု သို့မဟုတ် ကြံစည်တိုင်ပင်ရာတွင် ပါဝင်ပူးပေါင်းမှုပြုရန် လိုအပ်ကြောင်း၊ အားပေးကူညီသူက ရည်ရွယ်ချက်ဖြင့် ပါဝင်ကူညီမှုပြုရန် လိုအပ်ကြောင်းလည်း သတိပြုရပါသည်။

ရာဇသတ်ကြီးပုဒ်မ ၁၀၉

ရာဇသတ်ကြီးက အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိလျှင် ချမှတ်နိုင်သော ပုဒ်မမှာ ပုဒ်မ ၁၀၉ ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်သောသူ၏ အားပေးကူညီ ခြင်းကြောင့် ထိုသို့အားပေးကူညီခြင်းခံရသော ပြုလုပ်မှုတစ်ရပ် ဖြစ်မြောက်ခဲ့ ရာတွင် အားပေးကူညီသူအား ချမှတ်ရန် ပြစ်ဒဏ်ကို ဤရာဇသတ်ကြီးက အတိအလင်း ပြဋ္ဌာန်းထားခြင်းမရှိလျှင် ကျူးလွန်ခဲ့သော ပြစ်မှုရင်းအတွက် ပြဋ္ဌာန်းသည့် ပြစ်ဒဏ်ကို ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ဥပမာ

မုသားသက်သေခံရန် မောင်ဖြူက မောင်မဲကို လှုံ့ဆော်၏။ ထိုသို့ လှုံ့ဆော် သည့်အတိုင်း မောင်မဲက မုသားသက်သေခံမှုကို ကျူးလွန်၏။ မုသားသက်သေ ခံရန် အားပေးကူညီမှုကို မောင်ဖြူကျူးလွန်သည်ဖြစ်၍ မောင်မဲနှင့်ထပ်တူ ပြစ်ဒဏ်ချမှတ်ခြင်းခံထိုက်သည်။

ကြိုတင်ကြံရွယ်ချက်မပေါ်

လက်ဖက်ရည်ဆိုင်ထဲသို့ဝင်၍ တစ်ဦးစီရှိ ရိုင်ဖယ်နှင့် စတင်းဂန်းတို့ဖြင့် ပစ် ခတ်သည်။ ရွာသားတစ်ယောက် သေဆုံးသည်။ တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှုအရ စွဲဆိုပြီး သေဒဏ်ချမှတ်သည်။ အမှုတွင် ကြိုတင်ကြံရွယ်ချက် မပေါ်။ သေသူတွင် ထိမှန်သော ကျည်ဆန်ဒဏ်ရာမှာ ရိုင်ဖယ်ကျည်လား၊ စတင်းဂန်း ကျည်လား ခွဲခြားနိုင်ခြင်းမရှိ။ တစ်ဦးချင်းစီ တာဝန်ရှိသော်လည်း အခြားသူ၏ ပြုလုပ်မှုအတွက် ကျန်သူက အပြစ်ခံယူထိုက်သူ မဟုတ်ဟု ဆုံးဖြတ်သော စီရင်ထုံးရှိဖူးသည်။

စီရင်ထုံးအစောင်စောင်၊ အမြင်အမျိုးမျိုးကို ပုဒ်မအလိုက်၊ အမှုတစ်ခုချင်း အလိုက် ဆုံးဖြတ် သုံးသပ်ချက်များ ရှိသည်။ တရားရုံးအဆင့်ဆင့် စီရင် ဆုံးဖြတ် ချက်၊ စီရင်ထုံးများက ဥပဒေအသိအမြင်များ တိုးပွားစေပါသည်။ စီရင်ထုံး အမျိုးမျိုးကို လူငယ်တို့လေ့လာပြီး စာမျက်နှာနံပါတ်၊ သက္ကရာဇ် ခုနှစ် များပါ မှတ်မိအောင် လေ့လာကျက်မှတ်သူများ ရှိနေကြပါပြီ။ ကြိုးစားနေကြပါပြီ။

ဥပဒေပညာ

“ဥပဒေပညာ” ဟူသည် လေ့လာဖတ်မှတ်ရုံနှင့် မပြီးသေး။ သုံးသပ်မှု၊ စဉ်းစားချိန်ဆမှု၊ အတွေးအခေါ် မြင့်မား ရင့်သန်မှုများနှင့်ပါ ဆက်စပ်ပေါင်း စည်းပြီး အသိဉာဏ်များ တိုးပွားစေချင်ပါသည်။ မှန်ကန်မျှတသော တရား စီရင်ရေး၊ လူ့အခွင့်ရေးနှင့် ညီညွတ်သော တရားဥပဒေစိုးမိုးရေး ပန်းတိုင်များ အရောက် ချီတက်သင့်ကြပါသည်။

ကွဲလွဲသော ပြုလုပ်မှု

အားပေးကူညီခြင်းခံရသည့် ပြုလုပ်မှု မဟုတ်ဘဲ ကွဲလွဲသောပြုလုပ်မှုကို ကျူးလွန်ရာတွင် အားပေးကူညီခံရမည့် တာဝန်အကြောင်းကို ရာဇသတ်ကြီး ပုဒ်မ ၁၁၁ တွင် ပြဋ္ဌာန်းထားပါသည်။

“ပြုလုပ်မှုကို အားပေးကူညီရာတွင် ကွဲလွဲသောပြုလုပ်မှုကို ပြုခဲ့သော် အားပေးကူညီသူသည် ထိုသို့ကွဲလွဲသော ပြုလုပ်မှုကို တိုက်ရိုက်အားပေး ကူညီဘိသကဲ့သို့ ထပ်တူထပ်မျှ တာဝန်ရှိသည်” ဟူသော ပြဋ္ဌာန်းချက် ဖြစ်ပါ သည်။ ထိုပြဋ္ဌာန်းချက်ကိုဖယ်ပြီး အဓိပ္ပာယ်ရှုပ်ထွေးနေလျှင် ဥပမာကို ဖတ်၍ အဓိပ္ပာယ် ရှင်းသွားနိုင်ပါသည်။

ဥပမာ

မောင်ညို၏ အိမ်ကို မီးရှို့ရန် မောင်ဖြူက မောင်မဲကို လှုံ့ဆော်၏။ မောင်မဲ က အိမ်ကို မီးရှို့သည်။ မီးရှို့သည်သာမက ထိုအိမ်မှ ပစ္စည်းများကို ခိုးယူသည်။ မောင်ဖြူသည် အိမ်ကို မီးရှို့ရန်အားပေးကူညီသည့် ပြစ်ဒဏ်အတွက်သာ အပြစ်ထိုက်သင့်သည်။ ခိုးမှုကို အားပေးကူညီသည့် ပြစ်မှုအတွက် ပြစ်ဒဏ် မထိုက်။ အဘယ်ကြောင့်ဆိုသော် ခိုးမှုသည် သီးခြား ပြုလုပ်မှုဖြစ်သည့် အပြင် အိမ်မီးရှို့ခြင်းကြောင့် ဖြစ်ဖွယ်ရာအကြောင်းရှိသည့် ပြုလုပ်မှုမျိုးလည်း မဟုတ်သောကြောင့် ဖြစ်သည်။

အိမ်မှာနေရင်း စာဖတ်ကြ

“အိမ်မှာနေရင်း စာဖတ်ကြ” ဟု ထပ်မံတိုက်တွန်းလိုပါသည်။ ယခုလို အေးအေးဆေးဆေး အချိန်ပေးပြီး စာဖတ်နိုင်ခြင်း၊ လေ့လာမှတ်သားနိုင်ခြင်း၊ မိမိ၏အမှားကို ပြန်လည်သုံးသပ်နိုင်ခြင်း၊ ရှေ့ဆက်ရမည့် ဥပဒေခရီးသို့ မျှော်မှန်းတွေးခေါ်ခြင်း၊ ပြင်ဆင်ခြင်း၊ ရှေ့နေလောက တိုးတက်အောင်၊ နာမည်ကောင်း ဂုဏ်တက်အောင်၊ တရားရုံးနှင့်ဘယ်လို ပေါင်းစပ်ကူညီနိုင် မည်လဲ၊ တရားစီရင်ရေး ဂုဏ်သတင်းပျံ့သင်းအောင် ဘယ်လို အထောက်အကူ ပြုနိုင်မည်လဲ စသည်များကိုပါ မောင်ပျင်းရိတို့ အဖွဲ့ (ရှေ့နေများအဖွဲ့) တွေးခေါ် စဉ်းစား လက်တွေ့ကျင့်ကြံပွားများ နိုင်ပါမည်။

စေတနာ

အားပေးကူညီမှု ဥပဒေဗဟုသုတသာမက ဘက်စုံလေ့လာကြစေဖို့ တွေးခေါ်မိသော ကျွန်တော်၏ စေတနာ ဥပဒေအတွေးမျှသာပါ...။ ။

မြန်မာ့အလင်း