ဥပဒေအတွေးရေးပါရစေ အပိုင်း (၁၆၆)

သက်သေပြမှ ယုံကြမည်

သတင်းဆောင်းပါး - ဦးဟန်ညွန့် (ဥပဒေ)

တစ်နေ့သ၌တစ်နေ့သ၌ အလုပ်သင်ရှေ့နေ မောင်လေ့လာ တစ်ယောက် ကျွန်တော့်ထံမှောက် ရောက်လာပြီး “သက်သေပြပါလို့ ပြောနေတယ်။ ကျွန်တော့်ကို မယုံဘူးထင်ပါရဲ့ ။ တရားခွင်မှာ သက်သေထူဖို့ အရေးကြီးနေလို့ပါ။ အကျိုးအကြောင်းရှင်းပြပါဦး ဆရာ” ဟု ရိုးရိုးသားသား လာမေးပါသည်။ သူ့လက်ထဲမှာလည်း စီရင်ထုံးစာအုပ်တစ်အုပ် ကိုင်ထားသည်ကို တွေ့ပါသည်။ ဪ... ဟုတ်ပေသားပဲ။ သူမေးတာ သက်သေထူရန်တာဝန် (Burden of Proof)အကြောင်းဖြစ်ပါမည်။ ထို့ကြောင့် လက်လှမ်းမီသမျှ တင်ပြပါရစေ။

သက်သေထူရန်တာဝန်

သက်သေထူရန် တာဝန်ရှိသည်။ ဘယ်အချိန်မှာ တာဝန်ရှိသလဲ။ သက်သေပြမှ ယုံကြမည်။ သက်သေ မပြနိုင် လျှင် ဘယ်သူမှ ယုံကြည်မည်မဟုတ်။ ပါးစပ်ပြော၊ နှုတ်ပြောရုံဖြင့် မလုံလောက်။ ခိုင်ခိုင်မာမာ သက်သေပြဖို့ လိုမည်။ သက်သေထူရန် တာဝန်ကို အောက်ပါအတိုင်း နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါမည် -

(၁)မည်သူကစတင်၍ သက်သေပြရမည် ဆိုသော တာဝန် [ The duty to begin or introduce evidence ] 

(၂)စွဲဆိုသောအမှုထင်ရှားအောင် သက်သေ ပြရန်တာဝန် [ The duty to establish a case] 

(၁)ပထမအမျိုးအစားသည် ကျင့်ထုံးကိစ္စဖြစ်ပါသည်။ ပြစ်မှုတွင် (ရာဇဝတ်မှုတွင်) ရာဇဝတ် ကျင့်ထုံးဥပဒေ တရားမမှုတွင် (တရားမကျင့်ထုံး ဥပဒေ) များအရ လိုက်နာဆောင်ရွက်ဖို့ ဖြစ်ပါသည်။

(၂)ဒုတိယအမျိုးအစားသည် သက်သေခံ အက်ဥပဒေအရ လိုက်နာဆောင်ရွက်ဖို့ ဖြစ်ပါသည်။

ဘယ်သူက စတင်သက်သေပြရမည်လဲမည်သူက 

စတင်သက်သေပြရမည်လဲဆိုသည်မှာ ကျင့်ထုံးတစ်ရပ်သာ ဖြစ်ပါသည်။ ထိုကိစ္စသည် အမှုသည်တစ်ဦးဦး အပေါ်၌ တစ်သမတ်တည်း မတည်ရှိပေ။ သက်သေအထောက်အထားများ တင်ပြလာကြသည်နှင့်အမျှ အမှုသည်အသီးသီးအပေါ်၌ တာဝန်ပြောင်းလဲကျရောက်နိုင်သည်။ အမှုထင်ရှားအောင် သက်သေပြရန် တာဝန်မှာ သက်သာခွင့်တောင်းဆိုသော အမှုသည်အပေါ်၌ တစ်သမတ်တည်း တည်ရှိသည်ဟု စီရင်ထုံး တစ်စောင်ကညွှန်ပြခဲ့သည်။

သက်သေခံအက်ဥပဒေ

စွဲဆိုသော အမှုထင်ရှားအောင် သက်သေပြရန် တာဝန်သည် သက်သာခွင့်တောင်းဆိုသော အမှုသည် အပေါ်၌သာ တစ်သမတ်တည်း တည်ရှိသည်။ မည်သည့်အခါမှ တစ်ဖက်သို့ ပြောင်းလဲသွားခြင်း မရှိပေ။

အမှုထင်ရှားအောင် သက်သေပြရန် တာဝန်နှင့် စပ်လျဉ်း၍ သက်သေခံအက်ဥပဒေပုဒ်မ ၁၀၁ မှ ၁၁၂ အထိ ပြဋ္ဌာန်းထားသည်။

သက်သေခံအက်ဥပဒေ ပုဒ်မ ၁၀၁ တွင် -

မည်သူမဆို ဟုတ်မှန်ကြောင်း၊ တည်ရှိကြောင်း မိမိပြောဆိုသည့် အကြောင်းခြင်းရာများပေါ်တွင် မူတည်၍ တရားရုံးက အခွင့်အရေး (သို့မဟုတ်) တာဝန်နှင့် စပ်လျဉ်းသော စီရင်ချက်တစ်စုံတစ်ရာကို ချပေးစေလိုလျှင် ယင်းအကြောင်းအရာများ တည်ရှိကြောင်း ပြောဆိုသူက သက်သေပြရမည်ဟု ဖော်ပြ၊ ပြဋ္ဌာန်းသည်။

သက်သေခံအက်ဥပဒေ ပုဒ်မ ၁၀၂ တွင် -

တရားမ (သို့မဟုတ်) မှုခင်းတစ်စုံတစ်ရာတွင် နှစ်ဦးနှစ်ဖက်အနက် မည်သည့်ဘက်ကမျှ သက်သေခံချက် လုံးဝတင်သွင်းခြင်း မပြုလျှင် ရှုံးမည့်အမှုသည်ပေါ်တွင် သက်သေခံတင်ပြရန် တာဝန်ကျရောက်သည်ဟု ဖော်ပြ၊ ပြဋ္ဌာန်းသည်။

သက်သေခံအက်ဥပဒေ ပုဒ်မ ၁၀၃ တွင် -

သီးခြားအကြောင်းအရာတစ်ခုကို သက်သေခံ တင်ပြရန်တာဝန်သည် မည်သူ့အပေါ်တွင် ကျရောက်ကြောင်း ဥပဒေပြဋ္ဌာန်းထားခြင်း မရှိလျှင် ယင်းအကြောင်းအရာတည်ရှိကြောင်း တရားရုံးက ယုံကြည်စေလိုသော သူများအပေါ်တွင် သက်သေခံတင်ပြရန် တာဝန်ကျရောက်သည်ဟု ဖော်ပြ၊ ပြဋ္ဌာန်းသည်။

သက်သေခံအက်ဥပဒေ ပုဒ်မ ၁၀၄ တွင် -

အကြောင်းခြင်းရာတစ်ခုကို သက်သေခံတင်ပြ နိုင်ရန်အတွက် အခြားအကြောင်းခြင်းရာတစ်ခုကို ထင်ရှား အောင် သက်သေပြရန် လိုအပ်လျှင် အဆိုပါ အကြောင်းခြင်းရာကို သက်သေခံတင်ပြလိုသူအပေါ်၌ သက်သေခံ တင်ပြရန် တာဝန်ကျရောက်သည်ဟု ဖော်ပြ၊ ပြဋ္ဌာန်းသည်။

သက်သေခံအက်ဥပဒေ ပုဒ်မ ၁၀၅ တွင် -

ပြစ်မှုများတွင် တရားခံက ၎င်း၏ပြုလုပ်မှုမှာ ပြစ်မှုဥပဒေတွင် ဖော်ပြထားသော ကင်းလွတ်ချက်များ (သို့မဟုတ်) ပြစ်မှုဥပဒေ၌ဖြစ်စေ၊ အခြားအထူးဥပဒေ၌ဖြစ်စေပါရှိသော အထူးကင်းလွတ်ချက်များ၊ ခြွင်းချက်များ အတွင်းကျရောက်သည်ဟု ပြောဆိုလျှင် ထိုသို့ ပြောဆိုသူတရားခံက ထင်ရှားအောင် သက်သေပြရမည်ဟု ဖော်ပြ၊ ပြဋ္ဌာန်းသည်။

သက်သေခံအက်ဥပဒေ ပုဒ်မ ၁၀၆ တွင် -

အကြောင်းခြင်းရာတစ်ခုကို တစ်စုံတစ်ယောက် သောသူက အထူးသိရှိနိုင်လျှင် ထိုအကြောင်းခြင်းရာကို သက်သေခံထင်ရှားအောင်ပြရန် တာဝန်သည် ထိုအထူးသိနိုင်သူအပေါ်တွင် ကျရောက်သည်ဟု ဖော်ပြ၊ ပြဋ္ဌာန်းသည်။

သက်သေခံအက်ဥပဒေ ပုဒ်မ ၁၀၇ တွင် -

 တစ်စုံတစ်ယောက်သောသူသည် အသက်ရှင်လျက်ရှိသည် (သို့မဟုတ်) သေဆုံးပြီးဖြစ်သည်ကို ဆုံးဖြတ် ရန်ရှိလျှင် ထိုသူသည် လွန်ခဲ့သောနှစ်ပေါင်း ၃၀ အတွင်း အသက်ရှင်လျက်ရှိကြောင်း ထင်ရှားပါက ထိုသူသေပြီဖြစ်ကြောင်း ပြောဆိုသူအပေါ်တွင် သေကြောင်းသက်သေခံတင်ပြရန် တာဝန်ကျရောက်သည်ဟု ဖော်ပြ၊ ပြဋ္ဌာန်းသည်။

သက်သေခံအက်ဥပဒေ ပုဒ်မ ၁၀၈ တွင် -

သို့ရာတွင် ထိုသူသည် အသက်ရှင်လျက်ရှိလျှင် ထိုသူ၏သတင်းစကားကို သာမန်အားဖြင့် ကြားရမည့် သူများ က ခုနစ်နှစ်အတွင်း သတင်းစကားကြားရခြင်း မရှိလျှင် ထိုသူသည် အသက်ရှင်လျက်ရှိကြောင်း သက်သေခံ တင်ပြရန်တာဝန်သည် အသက်ရှင်ကြောင်း ပြောဆိုသူအပေါ်တွင် ပြောင်းရွှေ့ကျရောက်သည်ဟု ဖော်ပြ၊ ပြဋ္ဌာန်းသည်။

သက်သေခံအက်ဥပဒေ ပုဒ်မ ၁၀၉ တွင် -

တစ်ဦးနှင့်တစ်ဦး အစုစပ်များ ဟုတ်၊ မဟုတ် မြေရှင်နှင့် မြေငှား ဟုတ်၊ မဟုတ် ကိုယ်စားလှယ်နှင့် အကြီးအကဲ ဟုတ်၊ မဟုတ် ဆုံးဖြတ်ရန်ရှိလျှင် ၎င်းတို့သည် အထက်ပါအတိုင်း ဆောင်ရွက်နေကြကြောင်း ထင်ရှားလျှင် ထိုသို့မဆက်ဆံဖူးကြောင်း သို့မဟုတ် ရပ်စဲပြီးကြောင်း ပြောဆိုသူအပေါ်၌ သက်သေခံတင်ပြရန် တာဝန်ကျ ရောက်သည်ဟု ဖော်ပြ၊ ပြဋ္ဌာန်းသည်။

သက်သေခံအက်ဥပဒေ ပုဒ်မ ၁၁၀ တွင် -

ပစ္စည်းတစ်စုံတစ်ရာကို လက်ရှိဖြစ်နေသူသည် ထိုပစ္စည်း၏ ပိုင်ရှင်မဟုတ်ဟု ပြောဆိုလျှင် ထိုသူသည် ပိုင်ရှင် မဟုတ်ကြောင်း ပြောဆိုသူအပေါ်တွင် သက်သေခံတင်ပြရန် တာဝန်ကျရောက်သည်ဟု ဖော်ပြ၊ ပြဋ္ဌာန်းသည်။

သက်သေခံအက်ဥပဒေ ပုဒ်မ ၁၁၁ တွင် -

တစ်ဦးကိုတစ်ဦး ယုံကြည်၍ အမှုကိစ္စဆောင်ရွက်ကြရာတွင် သဘောရိုးဖြင့် ဆောင်ရွက်ခြင်း ဟုတ်၊ မဟုတ် ဆုံးဖြတ်ရန်ရှိလျှင် သဘောရိုးဖြင့် ဆောင်ရွက်ကြောင်း သက်သေပြရန်တာဝန်သည် ယုံကြည်ခြင်း ခံရသူ အပေါ်တွင် ကျရောက်သည်ဟု ဖော်ပြ၊ ပြဋ္ဌာန်းသည်။

သက်သေခံအက်ဥပဒေပုဒ်မ ၁၁၂ တွင်

မိန်းမတစ်ဦးသည် ယောကျာ်းတစ်ဦးနှင့် တရားဝင် အကြင်လင်မယားအဖြစ် ပေါင်းသင်းနေဆဲတွင် လည်းကောင်း သို့မဟုတ် ကွာရှင်းပြီးနောက် မိန်းမသည် နောက်အိမ်ထောင်မပြုဘဲ ရက်ပေါင်း ၂၈၀ အတွင်း တွင်သော်လည်းကောင်း သားသမီးမွေးဖွားလျှင် ယင်းကလေးကို ပဋိသန္ဓေတည်ရှိနိုင်သည့် အချိန်ကာလ အတွင်း ထိုမိန်းမနှင့် ဆက်ဆံစပ်ယှက်ခွင့် မရှိခဲ့ကြောင်း သက်သေမပြနိုင်ပါက ထိုကလေးသည် ထိုယောကျာ်း၏ တရားဝင်သားသမီးဖြစ်ကြောင်း မှန်ကန်သည်ဟု မှတ်ယူရမည်။ ထိုယောကျာ်းက မိမိ၏သားသမီး မဟုတ်ပါဟု ပြောဆိုလျှင် ထိုကလေး ပဋိသန္ဓေတည်နိုင် လောက်သည့်ကာလအတွင်း ထိုမိန်းမနှင့် ဆက်ဆံစပ်ယှက်ခွင့်မရှိခဲ့ကြောင်း သက်သေခံတင်ပြရန် တာဝန်သည် ပြောဆိုသူယောကျာ်းအပေါ်တွင် ကျရောက်သည်ဟု ဖော်ပြ၊ ပြဋ္ဌာန်းသည်။

ပုဒ်မတွေချည်း

ဥပဒေပုဒ်မတွေချည်း ရေးပြနေတာပဲ။ ပျင်းစရာ ကြီးပါကလားဟု အလုပ်သင်ရှေ့နေက (မပြောရဲ ပြောရဲ) ပြန်ပြောချင်နေပေလိမ့်မည်။ သက်သေခံ အက်ဥပဒေပုဒ်မများ မကိုးကား၍မရ။ ကိုးကားမှ သူမေးတာ ပေါ်လွင်မှာဖြစ်သည်။ စီရင်ထုံးတွေပင် မကိုးကားနိုင်သေး။ 

စေတနာ

သက်သေပြမှ ယုံကြမည့်အကြောင်းကို “သိပြီး သားတွေပါ ဆရာရယ်” ဟု ကွယ်ရာမှာ အတင်းပြောနေမလား တွေးမိသော ကျွန်တော်၏စေတနာ ဥပဒေ အတွေးမျှသာပါ...။