ဦးခွံကွဲအက်ခဲ့ရတဲ့ ကလေးတစ်ယောက် ကမ္ဘာ့အမြန်ဆုံး လူသားဂဏန်းပေါင်းစက် ဘာကြောင့်ဖြစ်လာခဲ့ရတာလဲ

ကိုကို(စက်မှုတက္ကသိုလ်)

 

၈၆၉၄၆၃၈၅၃ ကို ၇၃ နှင့်မြှောက်ရင် ဘာရမလဲ။

 

အဲဒီလိုမေးလိုက်ရင် သာမန်လူတွေအဖို့ ဂဏန်း ပေါင်းစက်တစ်ခု အပြေးအလွှားရှာကြမှာပါ။ အသက်၂၀ အရွယ်ရှိတဲ့ နီလာကန်သာဘာနူးပရာကက်ကတော့ အဖြေထုတ်ပြီးနေပါပြီ။

 

၆၃၄၇၀၈၆၁၂၆၉ တဲ့။ အဲဒီအဖြေကိုရဖို့ ဘာနူးက ၂၆ စက္ကန့်ပဲ ကြာပါတယ်။ အဲဒါကြောင့်လည်း သူ့ကို ကမ္ဘာ့အမြန်ဆုံးလူသားဂဏန်းပေါင်းစက်လို့ ခေါ်ကြတာပဲ ဖြစ်ပါတယ်။

 

ဂင်းနက်စ်ကမ္ဘာ့စံချိန်များလိုမျိုး အိန္ဒိယရဲ့ စံချိန်များ လင်မ်ကာစာအုပ်ထဲမှာ ရေးထားတာက ဘာနူးရဲ့ ဂဏန်းတွေကို စိတ်နဲ့တွက်ချက်တဲ့နှုန်းဟာ တစ်စက္ကန့်ကို ၁၂ ခုနှုန်း ရှိပါတယ်တဲ့။ အဲဒါဟာ သာမန်ဦးနှောက်တွေ ထက် ၁၀ ဆ ပိုမြန်ပါတယ်။

 

ဒီလိုရှုပ်ထွေးတဲ့တွက်ချက်မှုတွေကို ခပ်မြန်မြန်ကြီး လုပ်ပြနိုင်တာဟာ စပ်ဟပ်ဖွဲ့စည်းတာတွေကို လေ့ကျင့်ထားတာတွေကြောင့်လို့ သူက ပြောပါတယ်။ သူဘာကို ဆိုလိုပါသလဲ။

 

“ဆိုကြပါစို့၊ ကျွန်တော်က ၈၇၆၃ နဲ့ ၈ နဲ့မြှောက်မယ်ဆိုပါတော့။ ပထမဆုံး ၈၀၀၀ ကို ၈ နဲ့မြှောက်တယ်။ ၆၄၀၀၀ ရတယ်။ ပြီးတော့ ၇၀ဝ ကို ၈ နဲ့မြှောက်တယ်။ ၅၆၀၀ ရတယ်။ နောက်ထပ် ၆ဝ ကို ၈ နဲ့မြှောက်တယ် ၄၈၀ ရတယ်။ နောက်ဆုံးဂဏန်း ၃ ကို ၈ နဲ့မြှောက်တယ်။ ၂၄ ရတယ်။ အဲဒါတွေကို ပေါင်းလိုက်တယ်။ ဒါပေမဲ့ အဲဒီဂဏန်းတွေအားလုံးကို လူ့ဦးနှောက်က မှတ်မိနေဖို့တော့ လိုတာပေါ့” လို့ သူက ရှင်းပြပါတယ်။

 

“ကျွန်တော်သုံးတဲ့တွက်နည်းတွေက သုံးနေကျ တွက်နည်းတွေနဲ့ ခပ်ဆင်ဆင်တွေပါပဲ။ သေချာတဲ့ အချက်ကတော့ ဦးနှောက်ရဲ့ အမြင့်မားဆုံးစွမ်းရည်ကို သုံးတာပဲဖြစ်တယ်။ ကျွန်တော့်ရဲ့ တွက်နည်းတွေကို အရင်ထက် ပိုကောင်းလာအောင်၊ အကောင်းဆုံးဖြစ်လာအောင် လုပ်တယ်။ တစ်ရက်ကုန်တဲ့အခါ ကျွန်တော့်နည်းတွေကို စဉ်းစားလိုက်တာနဲ့ ပေါ်လာတော့တာပဲ။ အလုပ်အစဉ်တစ်ခုကတော့ ရှိတာပေါ့။ ဒါပေမဲ့ ကိုယ့်ဦးနှောက်ကို လေ့ကျင့်နေရင် ဖြတ်ခနဲပေါ်လာမှာပဲ ဖြစ်တယ်” လို့ သူက ပြောပါတယ်။

 

စိတ်တွက်ကမ္ဘာ့ချန်ပီယံ

 

ပြီးခဲ့တဲ့ဩဂုတ်လ ၁၅ ရက်နေ့က လန်ဒန်မှာ ပြုလုပ်တဲ့ စိတ်အားကစား အိုလံပစ်ပြိုင်ပွဲကြီးရဲ့ စိတ်တွက်ကမ္ဘာ့ ချန်ပီယံပွဲမှာ အိန္ဒိယနိုင်ငံက ဟိုက်ဒရာဘတ်သားဖြစ်တဲ့  သူ့အနေနဲ့ ရွှေတံဆိပ်ရတဲ့ ပထမဆုံး အာရှသားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒီပြိုင်ပွဲရဲ့ ၂၃ နှစ်တာ သမိုင်းမှာ ပထမဆုံး ဥရောပသား မဟုတ်တဲ့သူတစ်ဦး ဆုရခြင်းလည်း ဖြစ်ပါတယ်။ သူဟာ နိုင်ငံ ၁၃ နိုင်ငံက ပြိုင်ဘက် ၂၉ ယောက်ကို အနိုင်ယူပြီး ရွှေတံဆိပ်ရခဲ့တာပါ။ သူတွက်တာ အံ့မခန်းမြန်လွန်းလို့ အကဲဖြတ်ဒိုင်တွေက နောက်ထပ် အတွက်အချက်တွေ ထပ်လုပ်ခိုင်းပြီး သူဘယ်လောက်တိတိကျကျ တွက်နိုင်တယ်ဆိုတာကို သက်သေပြခိုင်းခဲ့ကြပါတယ်။

 

သူ့ကို “ပါရမီရှင်ကလေး”ဆိုတာလောက်နဲ့ မခေါ် လိုက်ကြပါနဲ့တဲ့။

 

“ပါရမီရှင် မဟုတ်ရပါခင်ဗျာ။ ပါရမီရှင်ဆိုတဲ့ ဝေါဟာရက ကျွန်တော့်အတွက်ပြဿနာနည်းနည်းရှိတယ်။  ပါရမီရှင်ဆိုရာမှာ လုံ့လအားထုတ်မှုတွေနဲ့ အတွေ့အကြုံတွေကို ထည့်မမြင်ကြဘူး။ ရုတ်တရက်ကြီးရလာတာမျိုးကြီး” လို့ သူကပြောပါတယ်။ သူ့ရဲ့ အခုလိုထူးခြားလှတဲ့ သင်္ချာစွမ်းရည်ဟာ လွယ်လွယ်လေးနဲ့ ရလာတာမဟုတ်ပါဘူးလို့ သူက အလေးအနက်ပြောတာပါ။

 

သေဘေးကနေ သီသီကလေးလွတ်ခဲ့သူ ၂၀၀၅ ခုနှစ် သူ့အသက် ငါးနှစ်အရွယ်မှာ ဘာနူးကလေးဟာ သူ့အစ်ကိုဝမ်းကွဲရဲ့ စကူတာပေါ်ကနေ လိမ့်ကျခဲ့ပြီး ထရပ်တစ်စီးနဲ့ တိုက်မိခဲ့ပါတယ်။ အဲဒီနောက် သူ့ခေါင်းက ကားလမ်းနဲ့ပြင်းပြင်းထန်ထန် ဆောင့်မိသွားပါတယ်။ သူ့ဦးခွံက ကွဲအက်သွားခဲ့တယ်။ သူမေ့မြောမသွားခင် ၈၅ ချက် ချုပ်လိုက်ရတယ်။ ခွဲစိတ်မှုတွေလည်း အများကြီး လုပ်ခဲ့ရတယ်။

 

ခုနှစ်ရက်လောက်ကြာမှ သူသတိပြန်လည်လာတယ်။ ခေါင်းကဒဏ်ရာကြောင့် ဘာနူးဟာ ဘဝတစ်လျှောက်လုံး မှတ်ဉာဏ်ချို့ယွင်းသွားနိုင်တယ်လို့ ဆရာဝန်တွေက သူ့မိဘတွေကို ပြောတယ်။

 

သူဟာနောက်တစ်နှစ်လုံးလုံး အိပ်ရာထဲမှာပဲ နေခဲ့ရရှာတယ်။

 

“ အဲဒီမတော်တဆဖြစ်မှုက ပျော်ရွှင်မှုအပေါ်ကျွန်တော့်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုကို ပြောင်းလဲသွားစေခဲ့တယ်။ အဲဒါဟာ ဒီကနေ့ ဒီနေရာမှာ ကျွန်တော်ဘာကြောင့် ရောက်နေရတာ လဲဆိုတဲ့ အကြောင်းရင်းပဲ” လို့ သူကပြောပါတယ်။

 

သူပြန်သက်သာလာတဲ့အချိန်တွေမှာ စစ်တုရင် ကစားတာ၊ ပဟေဠိဖြေတာတွေကို ဘာနူးက လေ့လာ သင်ယူတော့တယ်။ သူ့ဦးနှောက်ကို အလုပ်လုပ်ခိုင်းတဲ့ သဘောပဲဖြစ်တယ်။ သူဟာဖြည်းဖြည်းချင်းနဲ့ သင်္ချာပုစ္ဆာတွေကို တွက်ချက်လာနိုင်တယ်။

 

“ထိခိုက်နာကျင်ခဲ့ရတာတွေကို အခုထိ ကွက်ကွက်ကွင်းကွင်း သတိရနေတုန်းပါ။ ကျွန်တော့်ဘဝမှာ စိတ်အနာတရအဖြစ်ရဆုံး အတွေ့အကြုံပေါ့။ ကျောင်းတစ်နှစ် မတက်လိုက်ရဘူး။ ပိုသက်သာလာဖို့အတွက် ကိန်းဂဏန်းတွေနဲ့ ပဟေဠိတွေအပေါ် တည်မှီခဲ့ရတာပါ” လို့ သူက ပြောပါတယ်။

 

ဦးခေါင်းကဒဏ်ရာကြောင့် သူ့ဆီမှာ အမာရွတ် ဆိုးဆိုးကြီးကျန်ရစ်ခဲ့တယ်။ သူစိတ်မကောင်းဖြစ်မှာစိုးလို့ သူ့မိဘတွေက သူ့အိမ်မှာ မှန်တွေအားလုံးကို တစ်နှစ်လောက် ဖြုတ်ထားပစ်လိုက်ကြတယ်။ ဒါပေမဲ့ အဲဒီ အမာရွတ်တွေ သူ့ကိုပြဋ္ဌာန်းခွင့် မရှိစေရဘူးလို့ သူက ယတိပြတ်ဆုံးဖြတ်ခဲ့တယ်။

 

“အဲဒီအမာရွတ်က ကျွန်တော့်ကို ရှေ့ကိုတွန်းပို့တယ်။ ကျွန်တော့်မှာ တော်တဲ့တစ်နေရာရာ ရှိတယ်ဆိုတာကျွန်တော် သိထားတယ်။ အဲဒီနေရာကို ပိုပြီးတိုးတက်ကောင်းမွန်အောင် ကျွန်တော်လုပ်မယ်”လို့ သူက ဆိုပါတယ်။

 

၂၀၀၇ ခုနှစ် သူ့အသက် ခုနှစ်နှစ်အရွယ်မှာ သူဟာ အင်ဒရာပရာဒေ့ရှ်ပြည်နယ်အဆင့် ဂဏန်းသင်္ချာစွမ်းရည် ပြိုင်ပွဲရဲ့ အငယ်တန်းအဆင့်မှာ တတိယ ရရှိခဲ့ပါတယ်။ ဆုရတော့ သူ့အဖေက မျက်ရည်တွေကျပါတယ်။

 

“ဒါဟာဆုတံဆိပ်တစ်ခု မဟုတ်ဘူး။ အဖေ့ကိုစေ့ဆော်စေခဲ့ပြီး ဒီနေရာကို ကျွန်တော်ရောက်အောင် ဆွဲခေါ်ပေးခဲ့တဲ့ အရာပဲ ဖြစ်ပါတယ်”

 

ကမ္ဘာ့စံချိန် လေးခု ချိုးသူ

 

အဲဒီအချိန်ကတည်းက ဘာနူးဟာ ဆုတံဆိပ်တွေ အများကြီးရခဲ့တယ်။ ၂၀၁၁ ခုနှစ် အိန္ဒိယအမျိုးသား အဆင့် သင်္ချာစွမ်းရည်မြန်နှုန်း ပြိုင်ပွဲကြီးအပါအဝင်ပဲဖြစ်တယ်။ အသက် ၁၃ နှစ်အရွယ်ကစပြီး သူဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာ အိန္ဒိယနိုင်ငံကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ခဲ့တယ်။ ကမ္ဘာ့စံချိန် လေးခု ချိုးခဲ့တယ်။ အဲဒါတွေကတော့ အမြန်ဆုံးလူသား အတွက်အချက်၊ အမြှောက်စွမ်းရည်၊ အနုတ်စွမ်းရည်နဲ့ စိတ်သင်္ချာ (ပါဝါ ၁ နှင့် ၁)တို့ပဲ ဖြစ်ကြပါတယ်။

 

သူဟာ လင်မ်ကာစံချိန် ၅ဝ ကိုလည်း ချိုးခဲ့ပါသေးတယ်။ သူဟာ အိန္ဒိယရဲ့ သင်္ချာပညာရှင် အမျိုးသမီးကြီး ရှက်ကွန်တလာဒေဝီနဲ့တောင် ခိုင်းနှိုင်းဂုဏ်ပြုခံခဲ့ရပါတယ်။

 

“ကျွန်တော် ကမ္ဘာ့စံချိန်ချိုးဖို့ ကြိုးစားတုန်းက ကျွန်တော့်ပတ်ဝန်းကျင် ကမ္ဘာကြီးတစ်ခုလုံး နှေးကွေးသွားသလိုမျိုးဖြစ်သွားတယ်”လို့ သူက ဒီစီရုပ်ပြစူပါဟီးရိုး နဲ့ နှိုင်းပြီးပြောပါတယ်။

 

“ဦးနှောက်ထဲမှာ နူရွန်တောက်လောင်တာတွေက ကျွန်တော်တို့ထင်မထားတဲ့ အရာတွေကို ကျွန်တော်တို့လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ယုံကြည်မှုရှိလာစေပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် စူပါဟီးရိုး တစ်ဦးလိုမျိုးတောင် ခံစားမိတယ်”လို့ သူကပြောလေရဲ့။

 

သင်္ချာကြောက်ရောဂါကင်းစင်ဖို့           

 

ဘာနူးက သင်္ချာကြောက်ရောဂါကို ကင်းစင်ပပျောက်စေလိုတဲ့ သူ့ရည်မှန်းချက်နဲ့ပတ်သက်လို့ စိတ်အားအလွန်ထက်သန်နေခဲ့ပါတယ်။

 

၂၀၁၈ ခုနှစ်မှာ ဘာနူးဟာ “အနန္တကိန်းများကို စူးစမ်းရှာဖွေခြင်း” ဆိုတဲ့အဖွဲ့ကို တည်ထောင်လိုက်ပါတယ်။ ဂဏန်းသင်္ချာဂိမ်းတွေ ကစားကြရာကနေ သိမြင်မှု စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်မှုတွေနောက် ခြေရာခံလိုက်ခြင်းဖြင့် သင်္ချာကို စိတ်ဝင်စားစရာ၊ စိန်ခေါ်စရာ ကောင်းတဲ့၊ ဆွဲငြိဖွယ် အမိုက်စားတစ်ခုဖြစ်လာစေဖို့ ရည်ရွယ်ပြီးတည်ထောင်တာလို့ ဆိုပါတယ်။ ။

 

“တစ်ရက်မှာ အစိုးရရဲ့ ကျေးလက်ကျောင်း တစ်ကျောင်းကို ကျွန်တော်ရောက်သွားခဲ့တယ်။ အမြှောက် ဆိုတာ ဂဏန်းတစ်ခုကို ထပ်ကာထပ်ကာ ပေါင်းတာလို့ ကလေးတွေက မသိကြဘူးလို့ ကျွန်တော်သိလိုက်ရတယ်။ ကျွန်တော်ဘာပြောရမှန်းမသိ ဖြစ်သွားတယ်။ အဲဒါနဲ့ပဲ ဒီအဖွဲ့ ကိုစဖြစ်လိုက်တာပဲ” လို့ သူက ပြောပါတယ်။

 

သူ့အဖွဲ့အစည်းဟာ အခုဆို အဖွဲ့ဝင်သူတွေ သန်းဝက် ရှိနေပါပြီ။ အိန္ဒိယရဲ့ အောက်ခြေအဆင့်မှာ လှုပ်ရှားဆောင်ရွက်နေပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးမတိုင်ခင်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ သင်္ချာ စွမ်းရည်စခန်းချလေ့ကျင့်မှုတွေ လုပ်ပေးခဲ့တယ်လို့ဆိုပါတယ်။ သင်တန်းတွေဟာ ဒစ်ဂျစ်တယ် သင်တန်း အစီအစဉ်တွေဖြစ်ပြီး ယူကေနဲ့ အမေရိကန်က ကျောင်းသားတွေပါ တက်ကြပါတယ်။

 

“ဘာနူးဟာ အားလုံးထက် ၆၅ မှတ်ပိုရပြီး သင်္ချာ စိတ်တွက် ကမ္ဘာ့ချန်ပီယံ အထင်အရှားဖြစ်ခဲ့သူပါ” လို့ စိတ်အားကစားအိုလံပိယတ်ရဲ့ စီအီးအို အီတန်အီလ်ဖဲလ်ဒ် က ပြောပါတယ်။

 

သိပ်မကြာသေးခင်က ချန်ပီယံဖြစ်ခဲ့တဲ့သူ့အောင်ပွဲကို အိန္ဒိယသမ္မတနဲ့ ဒုတိယသမ္မတတို့က သတိပြုမိပြီး ချီးကျူးစကားတွေ ပြောခဲ့ကြပါတယ်။ ။

 

ဒါပေမဲ့ ဘာနူးကတော့ ပြီးခဲ့တဲ့ပြိုင်ပွဲဟာ သူ့ရဲ့ နောက်ဆုံးပွဲဖြစ်သွားနိုင်တယ်လို့ပြောနေပါတယ်။

 

“နောက်ထပ်ပြိုင်ပွဲတွေဆက်ပြိုင်ဖို့ ကျွန်တော် သိပ်မသေချာတော့ဘူး။ ဆက်လုပ်သင့်တယ်လို့ကျွန်တော် တော့ မထင်ဘူး။ ကျွန်တော်ဟာ သိပ်မြန်တဲ့ သူတစ်ဦးလို့ လူတွေသိပြီးပြီပဲ။ ဒါကိုအသုံးချရမယ်။ ကျွန်တော့်အနေနဲ့ သင်္ချာပညာရဲ့ မျက်နှာစာမဖြစ်ချင်ဘူး။ အဲဒီမှာ သူမတူသူတွေ အပြည့်ပါ။ ကျွန်တော်ကတော့ သင်္ချာကြောက်နေသူတွေအတွက် မျက်နှာစာပဲ ဖြစ်ချင်တော့တယ်။ ရိုးရိုးလေး ပါဗျာ” လို့ သူက ပြောလိုက်ပါတယ်။ ။

 

၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာ ၂ ရက်မှာ ဖော်ပြခဲ့တဲ့ CNN သတင်းဌာနရဲ့ How a child with a fractured skull grew up to become the world's fastest human calculator သတင်းဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုပါတယ်။

 

mdn