ဝါးဘိုးတော-ကမမောင်းလမ်းပေါ်ရှိ ချောင်းညီနောင်တံတားဖွင့်ပွဲ ကရင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ဘားအံ  ၄  ဇန်နဝါရီ 

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်နှင့် ဖာပွန်ခရိုင်တို့ကို အဓိကဆက်သွယ်ပေးထားသော ကမမောင်းမြို့၊ ဝါးဘိုးတော-ကမမောင်းလမ်းပေါ်ရှိ ချောင်းညီနောင်တံတားဖွင့်ပွဲကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီက အဆိုပါတံတား တည်နေရာ၌ ကျင်းပသည်။

 

ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ရေရှည်တည်တံ့သည့် တံတားတစ်စင်းဖြစ်လာစေရန် ဒေသခံများအားလုံးတွင် တာဝန်ရှိလာပြီဖြစ်ကြောင်း၊ အားလုံးဝိုင်းဝန်းကူညီ ထိန်းသိမ်းစောင့်ရှောက်ပေးကြရန်လိုကြောင်း အမှာစကား ပြောကြားပြီး  ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

111

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးသိန်မြင့်မွန်တို့က ချောင်းညီနောင် တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးကြကာ အဆိုပါတံတားပေါ်မှ ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။

 

ယနေ့ဖွင့်လှစ်သည့်တံတားသည် အရှည် ၉၁ ဒသမ ၄၄ မီတာ၊  အကျယ် ၉ ဒသမ ၁၄ မီတာ၊ လူသွားလမ်း တစ်ဖက်လျှင် ၀ ဒသမ ၉၁ မီတာစီပါဝင်သည့် သံကူကွန်ကရစ်ကြမ်းခင်းနှင့် လက်ရန်းပါဝင်သည့် တံတားအမျိုးအစား ဖြစ်ကာ တံတားချဉ်းကပ်လမ်းအပါအဝင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ  ကျပ်သန်း ၁၁၅၀ သန်းခန့် အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ရာ အဆိုပါတံတားကြောင့် ဒေသ၏ကုန်စည်စီးဆင်းမှုလွယ်ကူလျှင်မြန်စေမည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများသည် ထိုတံတားပေါ်မှ ဖြတ်သန်းသွားမည်ဖြစ်သည့်အတွက် ဒေသတွင်း ပြည်သူများ၏ စားဝတ်နေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းကို များစွာအထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

222